Sunday, December 16, 2012

မြန်မာပြည်မှာ ထုတ်လုပ်သည်


မြန်မာပြည်ကိုပြန်ချင်တယ်
ဖုန်ထူ၊ရွံပေါ၊ကြွက်များ
ခြင်ကိုက်နေသေးပေမဲ့ ..........

မြန်မာပြည်ကိုပြန်ချင်တယ်
မီးမလာလိုက်၊ပျက်လိုက်
ဖြစ်နေသေးပေမဲ့. ..........

မြန်မာပြည်ကိုပြန်ချင်တယ်
ဖုန်းလိုင်းတွေက ကြားလားလို့ဆို
မကြားရသေးပေမဲ့. .........

မြန်မာပြည်ကိုပြန်ချင်တယ်
အင်တာနက်လိုင်းတွေက
လိပ်ထက်နှေးကွေး
မကောင်းသေးပေမဲ့ ..........

မြန်မာပြည်ကိုပြန်ချင်တယ်
ကုန်ဈေးနှုန်းတွေသာ တက်
လစာတွေလောက်ငှအောင်
မတက်သေးပေမဲ့ ..........

မြန်မာပြည်ကိုပြန်ချင်တယ်
ဘတ်စ်ကားတွေကြပ်
ကိုယ်ပိုင်ကားတွေ ပြည့်နှက်
မဝယ်နိုင်သေးပေမဲ့..........

မြန်မာပြည်ကိုပြန်ချင်တယ်
ပညာရေးစနစ် မတိုးတက်
နောက်ကျလို့ကျန်နေ
အရင်တုန်းကလည်း
ဖောက်ထွက်ကာ
ကြိုးစားခဲ့ရတာမို့

မြန်မာပြည်ကိုပြန်ချင်တယ်
ဘယ်သူတွေ သမ္မတ
ဖြစ်နေပေမဲ့ ..........

မြန်မာပြည်ကိုပြန်ချင်တယ်
ဘယ်သူတွေ ခေါင်းဆောင်
ဖြစ်နေပေမဲ့. ...........

မြန်မာပြည်ကိုပြန်ချင်တယ်
ဘယ်သူတွေ ကြီးပွား
ချမ်းသာနေပေမဲ့ ..........

မြန်မာပြည်ကိုပြန်ချင်တယ်
အရာခပ်သိမ်းအားလုံး
အဆင်မပြေသေးပေမဲ့..........

မြန်မာပြည်ကိုပြန်ချင်တယ်......
အိမ်ကိုပြန်ချင်တယ်............
ကျွန်တော့်မွေးရပ်မြေကို ပြန်ချင်တယ်........

ဘာလို့ လည်းဆိုတော့ဗျာ
ကျွန်တော့်ကို မြန်မာပြည်မှာ
ထုတ်လုပ်သည်ဆိုတဲ့
(Made in Myanmar)
အသားတံဆိပ်
ကျွန်တော့် နှလုံးသားမှာ
ရိုက်နှိပ်ထားလို့ ပါ။

အမေ့သား
(၁၆-၁၂-၂၀၁၂)

Thursday, November 15, 2012

အပြစ်မမြင်ပါဖူး ချစ်ချင်တာပဲသိတယ်

မငိုပါနဲ့ ချစ်သူ
သူတို့ အတွက်
တို့ ရင်ခွင်တံခါး
အမြဲဖွင့်ထားတာပဲ

ပန်းစိုက်တဲ့ ဥယျာဉ်မှူးလို
ပန်းလေးတွေပွင့်လန်းလာဖို့ 
ရေလောင်း ပေါင်းသင်
ပြုစုယုယခဲ့တာပဲ
ပန်းမပွင့်တာက
ချစ်သူအပြစ်မှမဟုတ်ပဲ
တို့ တွေရဲ့ ကံတရားပါ။

ဥကျင်းထဲက
ကြက်မကြီးလို
ဥကလေးတွေပေါက်ဖို့ 
အနွေးဓါတ်ရင်ခွင်ပေးခဲ့တာပဲ
ကြက်ဥကလေးတွေ
အကောင်မပေါက်တာက
ချစ်သူအပြစ်မှ မဟုတ်တာ
တို့ တွေရဲ့ ကံတရားပါ။

ခဲမှန်ဖူးတဲ့ စာသူငယ်လို
လေးသံကိုကြောက်နေတယ်
ကျီးလန့် စာ စားဆိုသလို
ကြောက်ရွံနေခဲ့ ရတာကလည်း
ချစ်သူအပြစ်မှ မဟုတ်တာ
တို့ တွေရဲ့ကံတရားပါ။

လောကကြီးထဲက
အရာအားလုံးမှာ
မတည်မြဲခြင်းဆိုတာ
ရှိနေသမျှကာလပတ်လုံး
ချစ်သူရဲ့နှလုံးသား
နုတ်ငုံတော်ဦး ဖူးပွင့်ရမယ်လို့ 
ဘယ်သူသိနိုင် ပြောနိုင်မှာလဲ
ဒါဟာလည်းချစ်သူအပြစ်မဟုတ်ပါဖူး
တို့ တွေရဲ့ ကံတရားပါ။

အမြဲတမ်း တနင်္ဂနွေ
မဟုတ်ခဲ့ ပါဖူး ချစ်သူ
မျှော်လင့်သလိုမဖြစ်လို့ 
စိတ်ကူးထားသလို့ မဖြစ်လို့ 
တို့ တွေရဲ့ ရင်ခွင်တံခါး
ပိတ်မသွားပါဖူး
အမြဲထာဝရဖွင့်ထားတာကို
သူတို့ လေးတွေ သိပါစေ
သူတို့ လေးတွေ ကြားပါစေ
သူတို့ လေးတွေ ခံစားမိမှာပါ
မသိ မကြား မခံစားမိကြရင်လည်း
ချစ်သူ အပြစ်မဟုတ်ပါဖူး
တို့ တွေရဲ့ ကံတရားပါ

ကိုယ့်ဘေးမှာ ချစ်သူရှိမယ်
ချစ်သူဘေးမှာ ကိုယ်ရှိနေမယ်ဆို
လောကကြီးကို ရင်ဆိုင်နိုင်ပါတယ်
အပြစ်မမြင်ပါဖူး ချစ်ချင်တာပဲသိပါတယ်
မငိုပါနဲ့ ချစ်သူ............

အမေ့သား
၁၅-၁၁-၂၀၁၂

Tuesday, October 16, 2012

ဘဝတိုကျပှဲ


ဘဝဟာ တိုက်ပွဲဆိုရင်
တိုက်ပွဲပေါင်းများစွာ
ဆင်နွဲခဲ့တဲ့သူဟာ
ကျွန်တော်ပါ 

အမေ့ဝမ်းမှ 
စထွက်ကတဲ့က 
စခဲ့တဲ့တိုက်ပွဲ
ရှုံးပွဲလည်းရှိ

နိုင်ပွဲလည်းရှိခဲ့တယ်
ဒါဟာတိုက်ပွဲ ဆက်တိုက်ဆဲပါ

ပြုတ်ကျတဲ့အခါလည်းရှိ
အမြင့်ရောက်တဲ့အခါလည်းရှိ
လှဲကျတဲ့ အခါလည်းရှိ
နိမ့်ကျတဲ့ အခါလည်းရှိ
ဒါဟာတိုက်ပွဲ ဆက်တိုက်ဆဲပါ

ဝမ်းနည်းရတဲ့ အခါလည်းရှိ
ဝမ်းသာရတဲ့ အခါလည်းရှိ
ပူဆွေးရတဲ့ အခါလည်းရှိ
ပျော်မြူးရတဲ့ အခါလည်းရှိ
ဒါဟာတိုက်ပွဲ ဆက်တိုက်ဆဲပါ

အရှုံး အနိုင် အနိမ့် အမြင့်
ဝမ်းနည်း ဝမ်းသာ
ပူဆွေး ပျော်မြူး
အထူးထူးသော သုတရသ
ပြီးပြည့်စုံတဲ့ လူ့ဘဝဇာတ်ခုံထဲ
မင်းသားလည်း ကျွန်တော်
လူကြမ်းလည်း ကျွန်တော်
လူပြက်လည်း ကျွန်တော်

ငိုတဲ့အခါ ကျွန်တော်ငိုတယ်
ရီတဲ့အခါ ကျွန်တော်ရီတယ်
တခါတခါ ရင့်ကျက်လို့
အငိုမျက်လုံး အပြုံးမျက်နှာနဲ့
ပိုင်နိုင်စွာ သရုပ်ဆောင်လို့
ဘဝတိုက်ပွဲ ဆက်တိုက်ဆဲပါ

အရင်တုန်းကလည်း တိုက်ခဲ့တယ်
အခုလည်းတိုက်နေအုံးမယ်
နောင်လည်းတိုက်နေရအုံးမယ်
မသေမချင်းတော့ စစ်ခင်း
ဘဝဆိုတဲ့ တိုက်ပွဲတွင်း
ကျွန်တော် ဆက်တိုက်နေအုံးမှာပါ။


လေးစားစွာဖြင့်
အမေ့သား 
(၁၆-၁၀-၂၀၁၂)


Wednesday, October 03, 2012

၂၄/၇....၄/၁

နေ့ နဲ့ ည ဟာ
တလှည့်စီတာဝန်
ထမ်းဆောင်နေကြတယ်၊
ဒါပေမဲ့ ငါကတော့
နေ့ ရဲ့သူငယ်ချင်း
ည ရဲ့မိတ်ဆွေ အဖြစ်
နေ့ နဲ့ ည ကို
၂၄/၇........ ၄/၁
အဖော်ပြုပေးနေခဲ့တယ်။

အမေ့သား
၎-၁၀-၂၀၁၂

Monday, September 10, 2012

ချစ်သူသိစေဖို့ 

ချစ်သူမွေးနေ့ အမှတ်တရ(၀၁-၀၈-၂၀၁၂)


အမေ့မေတ္တာ အမေ့စေတနာတွေ
ရင်မှာပိုက်ပြီး နေခဲ့ တဲ့ အမေ့သား
အမေ့ကို မမှီတောင် အမေ့နောက်က
အမြဲတမ်းကပ်ပါလားတဲ့ သူတယောက်
သူ့ အကြောင်းလေးပြောချင်တယ်

(၃၀-၆-၁၉၉၉)
ချစ်သူစဖြစ်ကတဲ့ က
ပြောသမျှနားထောင်
ကိုယ့်ဘေးမှာ အရိပ်ပမာ
ထပ်ကြပ်မခွာနေခဲ့ သူ
ကိုယ့်မျက်နှာညိုမှာစိုး တဲ့ သူ
ကိုယ့် အသုံးလိုသမျှ
စုထားတဲ့ သူ့ မုန်ဖိုး
အကုန်ထုတ်ပေးတတ်တဲ့ သူ
သူ့ အနား ဆွဲခြင်းလေးဆွဲပြီး
ကျောင်းသွားကျောင်းပြန်
လိုက်နေရင်ပဲကျေနပ်နေတဲ့ သူ
ရေခြားမြေခြားမှာ နေနေရတဲ့ 
ကိုယ့်အတွက် သစ္စာစောင့်သိသူ
အလွမ်းပြေစေမဲ့ စာချွှန်လွှာ
တလတခါ အစဉ်မပြတ်ရေးပို့ သူ
အမောပြေစေမဲ့  သူ့ ရုပ်လွှာ
မကြာခဏ ပေးပို့ သူ
ဖုန်းဆက်ခဲ့ ရင် အမြဲတမ်း
ပင်ပန်းနေလားမေးတဲ့ သူ
မခွဲအတူနီးရဖို့  ကြိုးစားပါလို့ 
အားပေးသူ

အိမ်ထောင်ကျတော့လည်း
မယားဝတ္တရား ခါးမှာမြဲ
ခြေဆုပ်လက်နယ်ပြုတဲ့ သူ
ကျွန်တော်ပြောသမျှ သဘာဝကျကျ
ဆွေးနွေးတိုင်ပင်ခဲ့ တဲ့ သူ
ယောက္ခမဆိုသော်ငြား
အဖေ ၊ အမေနဲ့ မခြား
တသားတည်းထားကိုင်းရှိုင်းသူ
ယောင်းမနဲ့ အတူ မညူဆူ
ညီအစ်မလို ပေါင်းတတ်သူ
ကျွန်တော်အပေါင်းအသင်း များနဲ့ 
အလိုက်အထိုက်နေတတ်သူ
မနာလို၊ သဝန်တိုခြင်းကင်းရှင်းသူ
ကျွန်တော်ဘယ်သွားသွား
အနားမှာအတူ လိုက်ချင်သူ
သူလေးဟာ(၁-၀၈-၂၀၁၂)မှာ
(၃၃)နှစ်ပြည့်ခဲ့ ပြီ

ထိုထိုသို့ သော ကျွန်တော့ကိုချစ်သောသူ
ဤကဲ့သို့ သော ချစ်ရသူရဲ့မွေးနေ့ လေးဟာ
ဝမ်းနည်းခြင်းများစွာနဲ့ 
(ချစ်သူရဲ့မွေးမိခင်ကွယ်လွန်ချိန်ဖြစ်လို့ )
ကျော်ဖြတ်ခဲ့ ရလို့  နှစ်သိမ့်အားပေးနေခဲ့ ရခြင်းကြောင့်
မွေးနေ့ တိုင်းရေးပေးခဲ့ တဲ့ စာလွှာလေးကို
ချစ်သူသိစေဖို့ ချစ်သက်လက်ဆောင်အဖြစ်
အမှတ်တရ ခုမှပေးရပါတယ်။

မင်္ဂလာမွေးနေ့ ပါ ချစ်သူ
(၃၃)နှစ်မှသည် နောက်နှစ်ပေါင်း
(၄၇)နှစ်တောင်အောင် မင်းနဲ့ အတူ
သေအတူရှင်မကွာ နေချင်ပါတယ်
ကိုယ်တို့ ရဲ့ သားသမီး
မြေးမြစ်တွေနဲ့ အတူ
နှစ်(၈၀)သော လူသက်တမ်းထိ
အေးအတူပူအမျှအတူနေရပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်ချစ်သူ
နောက်နောင်ဘဝဆိုတာ ရှိခဲ့ရင်လည်း
ဘဝဆက်တိုင်း မင်းနဲ့ အတူ
သေအတူရှင်မကွာ အေးအတူပူအမျှ
အတူနေချင်ပါတယ်
အတူနေပါရစေ ချစ်သူ


အမေ့သား

Thursday, September 06, 2012

ကျွန်းတည်တဲ့မြို့တော်


(၂၀၀၁)ခုနှစ် အလုပ်ကြမ်းသမားဘဝအမှတ်တရ 

ကျွန်ဇာတာပါလေသူမို့
ဒီကျွန်းမှာသောင်တင်
ရေပြည်တော်ပြန်ရန်
ရည်ကာမှန်းလည်း
ဝေးလှပါသလေး။

အခြေခိုင်နေနိုင်စေဖို့
စိတ်ကူးရယ်နဲ့ပုံဖော်
ဒီမှာလေ နေမှာက
ခဏရယ်လို့စိတ်ကူး
ပျော်မြူးလို့လာခဲ့သော်
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်........

ရောက်စမှာ ရွင်ပျော်
အထင်တော်ရယ်ကြီး
တကယ့်အလုပ်ခွင် ဝင်ကာမှသိ
ကျွန်ပြုမိ ဒီမောင်.ကျွန်တော်
မရွင်သာ. ညစဉ်ငိုကာနေရ
သတိရပေါ့ ရွှေပြည်တော်၊

နေရသည့် အိမ်တော်ရာက
စွန်းလီလို့ အများကခေါ်
ကွန်တိန်နာ၊ သံပုံးထဲမှာပ
(၂)ထပ်ကုတင် (၆)လုံးရယ်နဲ့
(၁၂)ယောက်ကို ရှယ်နော်
ညအိပ်ရင် ပူကာအိုက်ပါလို့
ဂျပိုးကဆော်၊ ခြင်ကအော်နဲ့
အိပ်မရပါသနော်.........
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်......

စားရသည့် မီနူးရယ်က
ပြောပြလျှင် သွားရည်ရယ်ယို
ကော်ဖီရည်ကျဲကျဲကိုတဲ့
ပေါင်မုန့်နဲ့အတူဆော်
ဆန်ထမင်းမာမာကိုလှ
ရေစမ်းပါလို့ဒီမောင်နော်
ထုပ်ပေးသည့် ဟင်းတော်
ရောသမကာ နယ်မွှေပြီးတော့
ကျုံးကာသာ. စားရပါပေါ့
နေ့လည်စာနော်၊
ညစာကို တန်းစီပါလို့
ကုလားပုံလေးပုံကာနော်
တခါလာဒီဟင်းပေမို့
မကြိုက်လည်း ဒီမောင်မအော်
ကိုယ့်မိုက်ပြစ်ကိုယ်ခံလို့
ငို ရပြန်သနော်........
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်.......

မနက်ကို စောစောထပါလို့
အလုပ်သွားဖို့ပြင်ဆင်နော်
အိမ်တော်ရာ ရှေ့အပေါက်မှာ
လာစောင့်ကာမျှော်
လော်လီ(ခ)ကုန်တင်ကားရယ်နဲ့
ပြွတ်သိပ်လို့တင်ခေါ်
လမ်းတလျှောက်ငိုက်မြည်းကာ
လိုက်ပါရင်း မှေးစက်လို့ပျော်
ထိုအချိန် မိုးရွာရင်ဖြစ်
ဒီမောင်မှာစိုကာရွဲပေါ့
ဆိုး လှပါသနော်.....
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်........

မနက်သွားလို့ ညကိုပြန်
တပတ်မှာ (၇)ရက်သာ
အလုပ်ရယ်ဆင်းတာမို့
နားဖို့ဖြင့် မမျှော်သာနော်
လကုန်ရင် ရပါပေါ့ လစာ
စီမံကာခွဲခြမ်းကြည့်တော့
ဘဏ်ထဲဝယ်ကျန်နေသည့်
အသပြာ (၅၀)ရယ်က
ဒီမောင်အတွက်တလစာနော်
မလောက်လည်းလေ
လောက်အောင်သုံးရမှာပေါ့
ရွှေပြည်တော်ပြန်နိုင်စေဖို့
ခြစ်ကုပ်လို့ခြွေတာသနော်
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်........

နေ့များရယ် ကုန်ဆုံး
လ များစွာကြာခဲ့ပြီနော်
နှစ်ပေါက်လို့သက္ကရာဇ်ပြောင်း
ကျွန်ပိုင်ရှင်အဆင့်ဆင့်ပြောင်းလို့
ဒီမောင်မှာ.........
မချစ်သော်အောင့်ကာနမ်းရပေါ့
ရွှေပြည်တော်ပြန်နိုင်မဲ့အရေး
တွေးဆွေးလို့မျှော်.... မျှော်သာမျှော်
ကြာလေလေ ဝေးနေတော့
ဒီကျွန်းမှာ တသက်စံရရင်ဖြင့်
ဒီမောင်မပျော်...... ဒီမောင်မှာမပျော်
ဪ. အများအခေါ် စင်ကာပူဆိုတဲ့
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်.......
လေးစားစွာဖြင့်
အမေ့သား
(၇-၁၁-၂၀၀၁)




Sunday, September 02, 2012

အမေ (အတွေးအမြင်စာစုများ)


အမေကိုချစ်တဲ့အမေ့သားအတွက် ရန်ကုန်ပြန်လက်ဆောင်လေးတခုအမှတ်တရထာဝရအဖြစ်ဝယ်လာခဲ့မိတယ်။

အမေ(အတွေးအမြင်စာစုများ)ဆိုတဲ့
စာအုပ်လေးတအုပ်ကိုနှစ်သက်မက်မက်မောမောနဲ့ဝယ်ယူလာခဲ့တယ်။

အဖွင့်မှာကတဲက့နှလုံးသားကို ရိုက်ခတ်စေတဲ့ဆရာကြီးဒဂုန်တာရာရဲ့
မိခင်ရုပ်တုဆိုတဲ့ကဗျာလေးကအမေ့သားအတွက်အမေ့ကိုပိုချစ်ပိုတန်ဖိုးထားစေဖို့
တိုက်တွန်းပေးလိုက်တဲ့အဖိုးမဖြတ်နိုင်တဲ့ကဗျာလေးတပုဒ်ပါ။
အရေးအဖွဲ့ကပြောင်မြောက်ပြီးလှပတဲ့စကားလုံးအသုံးအနှုန်းတွေက ရင်ကိုငြိစေခဲ့တယ်ဆိုရင်မမှားနိုင်ပါ။

ခံစားကြည့်ဗျာ။

မိခင်ရုပ်တု

ကမ္ဘာ့လူသား
ပေါ်စကပင်၊ဖိုနှင့်မဟု
သဘာဝများ၊ခြားနားတည်ရှိ
ပကတိသဏ္ဍာန်၊ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်းမတူကြ။

မိန်းမတို့က
သားအိမ်ပိုင်သ၊ထူးခြားပေစွ
ယင်းသဘောဝကြောင့်၊မိခင်ကဏ္ဍ
သတ္တဗီဇ၊ဇီဝကမ္မ
ဘဝပန်းများ ပွင့်စေသူ။

ချစ်ကြရာမှ၊မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊မျောပါလွင့်ပျံ
ဝတ်ဆံမျိုးစေ့မှ၊ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊သွေးအိမ်သွေးစု
နုရာမှရင့်၊အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊တိုးပွားဖြိုးဝေ
ကုဋ္ဌေကုဋ္ဌာ၊ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။

မိခင်သည်ကား
လူသားပုံတု၊ဖန်တီးပြုသော
ပန်းပုဆရာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ပုံရာလောင်းသည်
ပန်းချီဆရာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
ခိုနားတည်ငြိမ်၊အိမ်ပုံစံပြု
ဗိသုကာဆရာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊သွန်သင်လတ်သော
စိတ်ဓါတ်အင်ဂျင်နီယာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
အင်အားသန်စွမ်း၊ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊မည်ထိုက်စွာတည့်။

ဤမျှကြီးမား၊တာဝန်များကို
မအားမလပ်၊ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။

ဆရာကြီးဒဂုန်တာရာအားရိုသေလေးစားရှိခိုးဂုဏ်ပြုလျက်.
လေးစားစွာဖြင့်
အမေ့ကိုချစ်သောအမေ့သား (၁-၀၉-၂၀၁၂)


Thursday, August 30, 2012

ထွေးပွေ့ကြိုချင်လွန်းလို့ပါ


အမေကချစ်တဲ့
အမေ့ရဲ့သားလည်း 
ငါဖြစ်ခဲ့ပြီ၊

မင်းကချစ်တဲ့ မင်းရဲ့သား 
ငါ့ရင်သွေးလည်း
ငါတောင်းတသည်။

အဖေကချစ်တဲ့
အဖေ့ရဲ့သမီးလည်း
မင်းဖြစ်ခဲ့ပြီ၊

ငါကချစ်တဲ့ ငါရဲ့သမီး 
မင်းရင်သွေးလည်း
ငါတောင်းတသည်။

ငါရဲ့ရင်သွေး
မင်းရင်သွေးမှ
ဖြစ်တည်လာမဲ့
ငါတို့ရဲ့သား
ငါတို့ရဲ့သမီးကို
ကမ်းလင့်ကြိုချင်ပြီ။

လှမ်းလာခဲ့ပါတော့
ငါတို့ရဲ့ ရင်ခွင်စီ 
ထွေးပွေ့ကြိုချင်လွန်းလို့ပါ။


အမေ့သား
(၃၀-၀၈-၂၀၁၂)

Saturday, August 18, 2012

ဘကုံးနဲ့ စလို့ ဝလုံးနဲ့ ဆုံးတဲ့ ဘဝ (၁)




အမေထုပ်ပေးလိုက်သော အထုပ်ကို နောက်ကျောတွင်ထိုးပြီး အင်္ကျီနဲ့ကွယ်ကာ အဖေမသိအောင်
ခပ်သုတ်သုတ်လေးအိမ်မှ ကျွန်တော်ထွက်လာခဲ့သည်။ အမေမှာသော စကားများကိုလည်း အဆက်မပြတ်ရွတ်လာခဲ့မိသည်၊မှောင်ရီစအချိန်တွင်တဖက်လမ်းသို့ခပ်သွက်သွက်သွားရင်း
ဘယ်သူမှမမြင်အောင်ခေါင်းကိုငုံ့ပြီးရှေ့သို့သာမဲပြီးလျှောက်လာခဲ့မိသည်။ နောက်ကျောမှာ ပါလာသောအထုပ်ကလေးကိုလည်းခဏခဏစမ်းမိသည်။အမေပြောသောအိမ်သို့ရောက်လေပြီ။
အမေမှာတာကိုလည်းမမေ့အောင်စိတ်ထဲရွတ်နေဆဲ.......
အန်တီတုတ် ! အမေကပြောတယ်..(၁၅၀) တော့ပေးပါတဲ့၊မကြာပါဖူးတဲ့......
မေ့မှာစိုးလို့သာ ပြောလိုက်ရခြင်းပင် ဘာမှန်းမသိသေး
အန်တီတုတ် အထုပ်ဖြေကြည့်တော့ အမေ ဟိုတလောကမှ ဝယ်ထားသော ထမိန်အသစ်ကလေး အထပ်ဆင်တောင် မတပ်ရသေး. ကျွန်တော်သိလိုက်ပြီ၊သူငယ်ချင်းတွေပြောပြောနေသော ..သွားပေါင်တယ်... အပေါင်ခံတယ်ဆိုတာ! အခုကျွန်တော်အပေါင်ခံသောအိမ်ကိုရောက်နေသည်၊ နင့်အမေကိုပြောလိုက် သူ့မို့လို့ (၁၅၀) ပေးတာလို့           ဟုတ်.... တလုံးသာပြောပြီး အန်တီတုတ်ပေးလိုက်သောပိုက်ဆံ(၁၅၀)ကိုလက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီးအိမ်သို့တန်းပြေးလာခဲ့သည်။
အမေ ရော့ (၁၅၀) .. အမေက ပိုက်ဆံကိုယူပြီး အကြွေ (၅)ကျပ် ကျွန်တော့်ကိုပေးသည်။
သား မုန့်ဝယ်စားတဲ့......
ပျော်သလိုလို ဝမ်းနည်းသလိုလိုနဲ့ဒါပေမဲ့ ကျွန်တော် ဘဝတွင်ပထမဦးဆုံးအပေါင်ခံသောအိမ်တွင် ပစ္စည်းပေါင်ဖူးခဲ့လေပြီ။

Friday, August 17, 2012

အမေကဲ့သို့သော အမေဆုံးသောနေ့


အမေကဲ့သို့သော အမေဆုံးသောနေ့

လာတုန်းကလည်း
တယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါ။

ထွက်သွားတော့လည်း
တယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါမြဲ။

အလာ နဲ့ အပြန်
ဘယ်ကလာလို့
ဘယ်ကို ပြန်မယ်
သူ့ဌာနေ သူဖွေရှာလို့
ပြန်သောသူက ပြန်သွားလေပြီ
ကျန်ခဲ့သူက ပူဆွေးနေပြီ။

တချိန်မှာတော့ ကိုယ်တွေလည်း
ကိုယ့်ဌာနေ ကိုယ့်ရပ်
အဖော်မပါပဲ တယောက်တည်း
ပြန်ရပေအုန်းမည်။

ကိုယ် ဘယ်ကလာလို့
ဘယ်ကို ပြန်ရမည်
ကိုယ်မသိတော့
ကိုယ်ပြုခဲ့တဲ့ကိုယ်ကံ
စီမံရာနာခံလို့
ငါလည်း တနေ့သေရအုံးမည်။
ငါလည်း တနေ့သေရအုံးမည်။


အမေ့သား
အမေကဲ့သို့ အမေဆုံးသောနေ့
၂၉-၇-၂၀၁၂(၈-၀၀)

Saturday, August 11, 2012

မငိုပါနဲ့ ချစ်သူ



အမေ.
အဖေ့ကို
ချစ်ခြင်းများစွာနဲ့
ခွဲသွားတယ်

အမေ.
ဒို့မောင်နှမတွေကို
မေတ္တာတွေပေးပြီး
ခွဲသွားတယ်

အမေ.
လောကကြီးကို
အနိုင်နဲ့ပိုင်းပြီး
ခွဲသွားတယ်

တချိန်မှာ အဖေလည်း
ငါတို့ကို ထားသွားမယ်

တချိန်မှာ ငါတို့လည်း
အဖေ့ကို ခွဲသွားမယ်

တချိန်မှာ ငါလည်း
မင်းကို ခွဲသွားမယ်

တချိန်မှာ မင်းလည်း
ငါ့ကို ထားသွားမယ်

တချိန်မှာ အားလုံးကို
ငါတို့ခွဲသွားရမှာ

တချိန်မှာ အားလုံးက
ငါတို့ကို ခွဲသွားမှာ

ဘယ်သူက ဘယ်သူ့ကို
နုတ်ဆက် ခွဲခွာလို့

ဘယ်သူ့ကို ဘယ်သူက
ထားရစ်ခဲ့မယ်ဆိုတာ
ဘုရားရှင်ရှိရင်တော့
သိနိုင်ပါတယ်

ဒါဟာ လောကသဘာဝပါ
ဖြစ်ပျက်ခြင်း နိယာမပါ

ခုတော့
ငါတို့ပြင်ဆင်ထားရမယ်
ငါတို့စဉ်းစားထားရမယ်
ငါတို့ ဘာတွေပြင်ဆင်ထားမလဲ
ငါတို့ ဘာတွေစဉ်းစားထားမလဲ
မင်းသိပါတယ်

မင်းမှာ ဗုဒ္ဓ အဆုံးအမတွေရှိတယ်
မင်းမှာ အဖေရှိသေးတယ်
မင်းမှာ အစ်ကိုတွေရှိသေးတယ်
မင်းမှာ အစ်မရှိသေးတယ်
မင်းမှာ တူ တူမတွေရှိသေးတယ်
မင်းမှာ သူငယ်ချင်းမိတ်ဆွေရှိသေးတယ်

မင်းမှာ မင်းနဲ့သေတူရှင်မကွာ
အေးအတူပူအမျှနေပေးမဲ့
အမေ့သား ဆိုတဲ့ငါ ရှိပါသေးတယ်
အဖေ့သမီးရယ်

ခုတော့
မငိုပါနဲ့တော့ ချစ်သူ

အမေ့သား
၁၁/၈/၂၀၁၂

Tuesday, July 10, 2012

အမေပြောသော ပန်းမွေ့ရာ

အမေ့ရဲ့ တိုက်ပွဲခေါ်သံ
လွှမ်းခြုံရစ်သိုင်းမဲ့
ဒီမီးဖိုချောင် စစ်တလင်း
ချစ်ခြင်းနဲ့အမေ ချက်လို့
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့
လျှာရင်းမျက်စေဖို့
စားကောင်းဖွယ်ရာ
အမေ စဉ်းစား လို့
နေ့စဉ်တိုက်ပွဲ
အမေ ဆင်နွဲခဲ့တယ်

မနက် နေ့လည်
ညစာ ပြင်ဆင်
အမေ စီစဉ်လို့
မိသားစုအတွက်
မမောမပန်း
အမေ ချက်ရင်း
ဒီမီးဖိုချောင် စစ်တလင်း
အမေ ချစ်ခြင်းနဲ့
ဆက်တိုက်ခဲ့တယ်

အလုပ်ကအပြန်
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့
မြိန်ယှက်စွာစားတော့
အမေ့ပီတိ ဂွမ်းဆီထိရတယ်

အမေ့ မေတ္တာထမင်း
အမေ့ စေတနာဟင်းက
ဒီမီးဖိုချောင် စစ်တလင်းမှာ
အမေတိုက်ရင်း ရခဲ့တာ
အခုလည်း တိုက်နေအုံးမှာ
နောင်လည်း တိုက်နေအုံးမှာ
ဆိုတဲ့ အမေက
အမေချစ်သော
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့အတွက်
ဒီမီးဖိုချောင် စစ်တလင်းဟာ
အမေ့အတွက်တော့
ပန်းမွေ့ရာပါတဲ့


အမေ့သား

Wednesday, July 04, 2012

အမေ့သားနဲ့ ရာထူးတိုး၊လစာတိုးပြီး လစာနည်းသွားခြင်း

မြန်မာတွေကိုများစောက်ချဉ်ထင်နေတယ် နောက်လင်နဲ့ မွေးထားတာ တကောင်မှမပါ
အမေရင်း အဖေရင်း မြန်မာစစ်စစ်ကမွေးပြီး လောကဓံကို ကန့်လန့် တိုက်လာခဲ့ တာ
မင်းတို့ စလုံးတွေလည်တယ်ဆိုတာ ဟိုးအရင် အိမ်မှာမွေးထားတဲ့ ခွေးနက်မကို မမှီဖူး
ပြီးခဲ့တဲ့ အပတ်က နှစ်ဝက် ဘောနက်များ အသီးသီးရကြသည်။ ရာထူးများလည်း
တန်းစီတိုးကြသည်။ကုသိုလ်ကံဆိုးစွာ အမေ့သားလည်းထိုသူများထဲတွင်ပါလေသည်။
ခေါ်လေပြီ့ ကိုရွှေဂျာ.....................
သူ့ အခန်းထဲ ကော်ဖီသွားသောက်ရပြီ သူပြောမဲ့ အကြောင်းအရာတချို့ ကိ
အမေ့သား မေးခွန်းနဲ့ အဖြေ ကြိုရထားနှင့်တာ    ဂျာစုတ်မသိပေ..............
အခန်းထဲရောက်တော့ ကွန်ကရစ်ကိုကျုလေးနဲ့ ရှင်းပေါ့
မင်း ရာထူးတိုးပြီ အိမ်ကျယ်နီယာဖြစ်မည်၊ အဓိကတော့ ကျုစီပေါ့ ဘာပေါ့ ညာပေါ့
လစာကတော့ (၃၀၀)တိုးပေးမယ်၊အိုဗာတိုင်ကတနာရီ(၁၂)ကျပ်ဖြစ်မယ်
မင်းဝမ်းမသာဖူးလားတဲ့  ဘာတဲ့  ညာတဲ့ ပြော.. အလုပ်ကတော့ ဒါလေးတွေပိုလုပ်ပေး
ဟိုဟာလေးတွေလည်း မင်းလုပ်ရမယ်၊ကျန်တာတွေလည်းမင်းဟာပဲ ပြော ပြော
ပါးစပ်နဲ့ တပြည့်ပြော.  သူမောတော့မှ   ကဲ ဟုတ်ပါပြီ ကိုရွှေဂျာ
မင်းပြီးရင် ငါ့ အလှည့်...... မင်းပေးမဲ့ ရာထူး ငါမလိုချင် လစာလည်း ငါမတိုးချင်
စားပွဲကြီးမှာလည်းမထိုင်ချင်လို့ ဆိုတော့ အံ့သြကြည့်နဲ့ ကြည့် မျက်လုံးကြီးပြူးလာ

အခု ငါ့လစာက ဒီလောက်ကွ  ငါ့ အိုဗာတိုင်က တစ်ဆခွဲ နှစ်ဆကွ
လကုန်ရင် ငါရတာက (၆၀၀၀)ကွ (မယုံနဲ့ နော်.  နောက်တာ..တကယ်)
ကဲ မင်းအခုပေးမှာ က ဒီလောက်ကွ  အိုဗာတိုင်က ပုံသေဆိုတော့
လကုန်ရင် ငါရတော့မှာ က (၅၀၀၀)တည်းကွ (မယုံနဲ့ လို့ ထပ်ပြောမယ်နော်)
ဒီကြားထဲ့ အိမ်ကျယ်နီယာဆိုတော့ စနေ နင်းဂွေးလာရင် မင်းတို့ စောက်ခွက်တွေကမလှ
(အဲလိုခပ်ဆင်ဆင်ပေါ့)လို့ ပြောပြ  အခုဟာက ငါကိုလစာတိုးပေးတာလား
လစာလျှော့ပေးဖို့လားဆိုတော့ ခွေးအ ကြီး  လှည်းကျိုးနင်းမိလို အီး အဲ အင့် နဲ့ 

မင်း ကို ဥပမာတခုပေးမယ်လို့  ဆရာကြီးစတိုင် ဒူးလေးနန့် ပြီးမသိသေးရင်မှတ်ထားကွ ငါပြောပြမယ်
စလုံးရဲ့ ဈေးကွက်စီးပွားရေးဆန်ဆန်အတွေးတွေကိုတခြားကောင်တွေသွားပြော
မြန်မာတွေစီသယ်မလာနဲ့  ပြန်ပြောပြလိုက်ရင် သောကမျက်ရည်ဘူးသီးလုံးလောက်ကျသွားမယ်
နည်းနည်းဖိန့် လိုက်တယ်.......ပြီးတော့မှ
စလုံးမှာ ပစ္စည်းရောင်းတဲ့ အခါ တခုဝယ်ရင် တခုအလကားပေးတယ် လူတွေတိုးဝယ်ကြတယ် အကုန်မြန်တယ် ရောင်းရတယ် ပြီးတော့ ပိုမြတ်တယ်ကွ တခုဝယ်တခုအလကား (၂၀) ပေးရတယ်
လူတွေကပျော်တယ်အလကားနောက်တခုရလို့  တကယ်တန်းအဲသည့် ပစ္စည်းက တခြားမှာဝယ်ရင်
တခုကို(၈)ကျပ်ပဲရှိတယ်နှစ်ခုဝယ်မှ (၁၆)ကျပ် ကဲ (၄)ကျပ်ပါသွားပြီ မမြင်ဖူး မကြည့်ဖူး
အလကားတခုရတယ်ဆိုတာကိုပဲ ပျော်နေတယ်
အဲလိုလူထဲမှာငါ မပါဖူး ....... ရာထူးတိုးတိုင်းပျော်တဲ့ အထဲမှာငါ ဆိုတဲ့ အမေ့သားမပါဖူးကွ
ရာထူးတိုးပြီး လစာနည်းသွားတာကိုမမြင်တဲ့  ငတုံးတွေ(မင်းတို့ လို စလုံးတွေ)ကတော့
ပျော်ချင်ပျော်နေမယ် ငါတော့မပျော်ဖူး  အလကားမလိုချင်ဖူး တန်ရာတန်ကြေးပဲလိုချင်တယ်
မင်းတို့ အမြင်မှာ ရာထူးတိုးပေးတယ်လေ လစာလည်းတိုးပေးတယ်လေ ဒါတောင်မလိုချင်ဖူး
စိတ်မှကောင်းသေးရဲ့ လားဆို တဲ့ အကြည့်နဲ့ တော့မကြည့်နဲ့ ကိုယ့်လူ  မင်းလိုအဆင့်မြန်မာပြည်မှာ အလုပ်သမားခေါင်းတောင်မရဖူးလို့  (ပြောချင်တာနော်)
အမေ့သားလည်းပြောပြီးရော  ငါ မင်းလောက်စီစိပေါက်ပေါက်မတွက်မိဖူးတဲ့  မင်းပြောတာလည်း ဟုတ်တာပဲတဲ့  (သိရဲ့ သားနဲ့ မသိခြင်ထောင် ထောင်ထားပြီး) ငါ အိပ်အာ ကို ပြောလိုက်မယ် မင်လည်းစဉ်းစားပါအုံး ဘာအုံး ညာအုံး နဲ့ စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ ဟီးဟီးဟားဟားလုပ်ပြီး
နောက်တပတ်အကြောင်းပြန် ညှိနှိုင်းပေးမယ်ဆိုပြီး အခန်းထဲ က အတင်းတွန်းလွတ်လိုက်သည်။

အမေ့သားအတွက်ကတော့ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့ မြန်မာစကားပုံ ဖင်ခုထိုင်ပြီး
ဆက်လက်ငြင်းဆန် ဖို့ အားမွေးရင်း စကားလုံး ကောင်းကောင်းများရွေးချယ်ရင်း ထိုင်စောင့်ရင်း
နောက်တခါ ကော်ဖီခေါ်အတိုက်ကိုမျှော် ....... မျှော် .......

 လေးစားစွာဖြင့်
 အမေ့သား

Tuesday, May 08, 2012

အမေ့အတွက်

ပျော်ရွှင်ဖွယ်မွေးနေ့ပါ အမေ

ကိုးလလွယ် ဆယ်လဖွား
ငယ်စဉ်တောင်ကြေး
ကလေးဘဝကတည်းက
နို့ချိုတိုက်ကျွေး
လူလားမြောက်အောင်
ပြုစုခဲ့တဲ့အမေ

အရွယ်ရောက်တော့လည်း
မညီးမညူ ဂရုစိုက်လို့
အမေ့သား. ဒီကောင်ကြီး
ဖြစ်ချင်တာမှန်သမျှ
ဖြည့်ဆည်းပေးခဲ့တဲ့အမေ

အိမ်ထောင်ရက်သားကျတဲ့
အမေ့သား ဒီကောင်ကြီးကို
လူကြီးတယောက်လိုမမြင်
ကလေးငယ်တယောက်လို
ပူပန်စိုးရိမ် အချစ်ပိုခဲ့တဲ့ အမေ

တိုင်းတပါးရေမြေခြားမှာ
အမေ့သား ဒီကောင်ကြီး
အနေအစား မဆင်းရဲရအောင်
ဆွေမျိုးတွေနဲ့ ခွဲ
သားဆီကိုလာ သားလိုတာ
ဖြည့်ဆည်းလို့မိခင်မေတ္တာ
ရင်မှာအပြည့်နဲ့
ဂရုစိုက်ခဲတဲ့ အမေ

အမေ ဟာ သားတို့
မိသားစုအတွက် မရှိမဖြစ်ပါ
သား ဘဝအတွက်
အမေ က ပထမ
အမေ က ဒုတိယ
အမေ က တတိယပါ အမေ

သားတို့ဇနီးမောင်နှံ နဲ့အတူ
အေးအတူ ပူအမျှ အတူတကွ
စင်ကာပူမှာ လာနေပေးတဲ့
အမေကို ကျေးဇူးတင်ပါတယ် အမေ

(၆-၅-၂၀၁၂)မှာကျရောက်တဲ့
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
သားတို့မိသားစု နဲ့အတူ
သေတပန်သက်တဆုံး နေနိုင်ပါစေ
နေသွားပေးပါလို့တောင်းဆိုရင်း
အမေ့သား ဒီကောင်ကြီး
လက်အုပ်ချီမိုးရှိခိုး
ကန်တော့လိုက်ပါတယ် အမေ

(အမေ့သား)
(၆-၅-၂၀၁၂)

Tuesday, April 10, 2012

လှောင်အိမ်


ရွှေတိဂုံဘုရားကိုမနက်စောစောရောက်၍ဘုရားဝတ်ပြုဆုတောင်းမှုများပြီးမြောက်၍လှကားအတိုင်းခြေ
လျင်ဆင်းလာခဲ့သည်။ မဟာဝိဇိရဘုရားဖက်သို့ကူးမည့်တံတားအနီး လူငယ်ပိုင်းချာတိတ်နှစ်ယောက် စာကလေးဌက်များထည့်ထားသောလှောင်အိမ်လေးကိုယ်စီဖြင့်ကုသိုလ်ပြုလွတ်ပေးမဲ့ သူကို စောင့်ဆိုင်းနေကြသည်။ ကျွန်တော်သူတို့ အနီးရောက်တော့ အစ်ကို စာကလေးတွေ လွှတ်ပါအုံး ကုသိုလ်ရပါတယ်။ ကျွန်တော်ကြည့်လိုက်တော့ လှောင်အိမ်ထဲမှစာကလေးများသည် တောင်းပန်နေဟန် သူတို့ အားလွတ်လပ်ခွင့်ပေးပါရန် ပြောဆိုနေ သယောင် ထင်မြင်ကြားယောင်မိသည်။
တစ်ကောင်ဘယ်လောက်လဲကွ!  (၁၀၀) ပါ အစ်ကို…. အေး……သက်စေ့ဆိုတော့(၃၆)ကောင် ပေးကွာ………….လွှတ်မယ်။ မင်းမှာ(၃၆)ကောင်ပြည့်လို့လားဟု ကျွန်တော်မေးလိုက်တော့ ရတယ် အစ်ကို ကျွန်တော့်သူငယ်ချင်းစီက ခဏချေးလိုက်မယ်။ အောင်အောင်….. ငါ့ကိုစာကလေး(၁၀)ကောင် ခဏချေး။ ညနေကျရင်ပြန်ပေးမယ်။ ထို့နောက်ကျွန်တော်လည်းစာလေးများကိုတစ်ကောင်ပြီးတစ်ကောင်လွှတ်ပေးနေ
သည်။ နီးစပ်ရာသစ်ပင်ပေါ်ပျံတက်သွားသောစာကလေးများကြည့်ရင်း.. မင်းတို့ ဘဝလေးအေးချမ်းလွတ်လပ် သလို ငါ့ဘဝလေးလည်းအေးချမ်းလွတ်လပ်ပါစေလို့ ရင်ထဲမှာကြိတ်ဆုတောင်းမိနေသည်။စာကလေးဖိုးပိုက်ဆံ
ရှင်းပေးရင်းစောစောကချာတိတ်ပြောသော ညနေကြရင်ပြန်ပေးမည်ဆိုသောစကားကို သတိရမိကာ ကိုယ့်ညီ မင်းတို့ စာကလေးတွေကို ဘယ်လို ဖမ်းလို့ မင်းသူငယ်ချင်းကို ညနေပြန်ပေးမယ်လို့ မင်းပြောတာလဲ?
ထိုသို့ ကျွန်တော်မေးလိုက်တော့ အံ့သြသောအမူအရာဖြင့် ကြည့်ပြီး ဖမ်းစရာမလိုဖူးအစ်ကို ညနေကြရင်
သူတို့ ဘာသာသူတို့ ပြန်လာကြတယ်။အနားရောက်တော့မှ ဖမ်းပြီးလှောင်အိမ်ထဲထည့်လိုက်ရုံပဲ။ ကျွန်တော်အတော်ကြီးကို အံ့သြသွားသည်။ ဘယ်လို ဘယ်လို ရှင်းစမ်းပါအုံး ကိုယ့်ညီ။
ကျွန်တော်ပြောပြရင် အစ်ကို ကျွန်တော်တို့ အပေါ်ကို နားလည်ပေးနိုင်မှရမယ်။ကျွန်တော်တို့လည်း ဒီအလုပ်ကို မလုပ်ချင်ပါဖူး ဒါပေမဲ့ လွယ်လင့်တကူ ငွေရှာလို့ ရနေလို့ သာလုပ်နေရတာပါ။ အရေးထဲ ဆရာသမားက နိဒါန်းတွေနဲ့ လုပ်နေတော့အေးပါ ငါ နားလည်ပါတယ်ကွာ ပြောစမ်းပါ။
ဒီလို အစ်ကို .... အစ်ကို အခုလွတ်ပေးလိုက်တဲ့ စာကလေးတွေက ဒီဝန်းကျင်မှာရောင်းနေတဲ့ ကျွန်တော်တို့လို လူတွေရဲ့ သားကောင် တနည်းအားဖြင့် ကျွန်တော်တို့ ရဲ့အလုပ်သမားတွေပဲအစ်ကို။ တွေ့လား..အစ်ကို။ လှောင်အိမ်ထဲက အစာခွက်နဲ့ ရေခွက်၊ အဲ့ထဲမှာ မူးယစ်စေတဲ့ ဆေးတမျိုး ဆေးခြောက်လို မျိုးပေါ့ ထည့်ထားတယ် သူတို့ စားသောက်ပြီးရင်မှိန်းနေကြတယ် ဘယ်မှ မပျံဖူး။ နေစဉ်စားသောက်နေတော့ ဆေးစွဲတဲ့ လူတွေလိုပဲ ဖြစ်နေပြီ။ဘာမှသူတို့မသိဖူး အဝေးကို ပျံသွားရမှန်းလည်းမသိအချိန်တန်စားရဖို့ လောက်နဲ့ လှောင်အိမ်ဟာသူတို့ဗိမ္မာန်လို့ မှတ်ထင်နေကြတယ်။ ဒီတော့ အခုအစ်ကို လွတ်ပေးလိုက်တယ်။ သူတို့တွေ အဝေးကို မပျံဖူး။ နီးရာသစ်ပင်တွေမှာပဲနားနေကြတယ်။ညနေအိပ်တန်းတက်ချိန်ရောက်တာနဲ့
လှောင်အိမ်လေးကိုင် အသံပေးလိုက်တာနဲ့ သူတို့တွေ ကျွန်တော်တို့အနီးကို ပျံဆင်းလာကြတယ်။ အဲဒီအခါအသာလေးဖမ်းလှောင်အိမ်ထဲပြန်ထည့်၊ အစာကျွေးတော့ သူတို့ပျော်တောင်နေသေးတယ်အစ်ကို
ပြန်ပြောရမဲ့စကားလုံးရှာမတွေ့တော့လို့ချာတိတ်ကိုနူတ်ဆက်ပြီးမဟာဝိဇိရဘုရားဖက်ထွက်လာခဲ့မိတယ်၊
သြော်…သူတို့လည်း ဝမ်းရေးအတွက်အဆင်ပြေသလိုရှာဖွေစားသောက်နေကြရတာပါလားလို့တွေးတော
ရင်းဘုရားကိုလက်ယာရစ်ပတ်ပြီးကားစီးကာအိမ်သို့ပြန်လာခဲ့သည်။အပြန်လမ်းတလျှောက်လုံး အတွေး
ထဲတွင် စာကလေး၊လှောင်အိမ်၊စာကလေးရောင်းသောချာတိတ်တို့ကစိုးမိုးနေရာယူလာခဲ့သည်။အိမ်ပြန်
ရောက်တော့လည်းဘာမှမလုပ်နိုင် အတွေးနယ်ချဲ့နေမိသည်။ပျံသွားရကောင်းမှန်းမသိ၊လှောင်အိမ်ကို
သူတို့ရဲ့အသိုက်လို့ထင်မှတ်ယူဆနေသည်၊ညနေစောင်းအသံလေးပေးလိုက်တာနဲ့အနားကိုပျံလာကာ
အဖမ်းခံနေကြသည်၊ဘယ်မှမသွားတတ်၊ရှာဖွေမစားသောက်တတ်ကြတော့……လွှတ်ပေးလိုက်တဲ့ခဏ
တာသူတို့ပျော်နေကြသည်…..တွေးရင်းနဲ့ခေါင်းတွေပါကိုက်ခဲလာတော့သည်၊ဘာလို့တခြားကိုမပျံကြတာ
လည်း၊ပျံသန်းသွားတဲ့စာကလေးကောမရှိဖူးလား။။။မေးခွန်းတွေထပ်လာခဲ့လေပြီ။ထိုအချိန်တွင်မထင်မှတ်ပဲ
အတွေးအာရုံတခုပေါ်လာသည်….ဟာ….လို့ယောင်ရမ်းအော်မိသည်၊ပြီးတော့ ဟားတိုက်ရယ်မောမိလေ
သည်။မဟေသီသည် ဘုရားမှပြန်လာပြီးစိတ်မှကောင်းသေးရဲ့လားဆိုသောသဘောဖြင့်လှမ်းကြည့်ကာ
မေးငေါ့ပြလေသည။ဘာမှမဟုတပ်ပါဖူးလို့ပြောရင်းကျွန်တော့်အတွေးရဲ့အဖြေကိုထင်းထင်းရှင်းရှင်းမြင်တွေ့
ခဲ့မိသည်။ ထပ်တူကျနေသော ဘဝနှစ်ခု…….
ချာတိတ်ပြောသွားသောစကားများတွင် သူက…အလုပ်ရှင်…စာကလေးများက သူ့အလုပ်သမားများ
အလုပ်လုပ်ရာနေရာက လှောင်အိမ်။ သေချာပြီ…သွေးထွက်အောင်မှန်နေလေပြီ….
ကဲကြည့်နော်……ကျွန်တော်တို့သည်….စာကလေးများ……လက်ရှိအလုပ်ရှင်များသည်….ချာတိတ်
လှောင်အိမ်သည်.ကျွန်တော်တို့ပျော်ရွှင်ဖွယ်အိမ်ဟုထင်မှတ်ထားသော စင်ကာပူနိုင်ငံမဖြစ်နေလေဖူးလား။
မြန်မာပြည်မှာနေစဉ်ကာလက ကိုယ်ပိုင်အလုပ်လေးမို့ ဖွင့်ချင်တဲ့အခါဖွင့် မလုပ်ချင်သောနေ့ပိတ်ထားပြီး
လွတ်လပ်စွာနေနိုင်ခဲ့တယ်၊စင်ကာပူရောက်လာသည့်နေ့မှစပြီးကိုယ့်ကိုမပိုင် လှောင်အိမ်ထဲကစာကလေး
များနဲ့တူလာသည်၊မနက်အလုပ်သွား…ညနေအလုပ်ပြန်နဲ့ ဘဝသည်အသားကျကာပျော်ရွှင်လာပြီး စင်ကာပူ
က ဘဝတခုဖြစ်လာခဲ့တယ်၊ဘယ်မှသွားဖို့လည်းမစဉ်းစား၊ပြန်ဖို့လည်းမတွေးတောမိ၊လုပ်လိုက်စားလိုက်
သုံးလိုက်စွဲလိုက်နဲ့ဘဝကိုသာယာနေခဲ့ကြတယ်၊အခြေအနေအကြောင်းကြောင့်ပြန်ကြတော့လည်း လွတ်လပ်ပြီးဆိုသောစိတ်ခံစားမှုကပြန်တုံးခဏသာပျော်ရွှင်နေခဲ့ပြီး ရက်နည်းနည်းကြာလာသည်နှင့်
လှောင်အိမ်ကိုသာ တမ်းတနေမိကြသည်မဟုတ်ပါလား။အပြီးပြန်ပြီးလွတ်မြောက်ပြီဟုထင်သောသူများ
လည်း ဘယ်ကစပြီးဘာလုပ်ရမည်မသိ…စုံစမ်းရင်းပါလာတာလေးတွေကုန်ပြီး စင်ကာပူပြန်ရောက်လာကြ
ပြန်သည်။တချို့သောသူများကတော့ လက်ရှိထက်ကောင်းသောနိုင်ငံသို့ပြောင်းရွှေ့ပြီးလှောင်အိမ်အသစ်
တခုမှာအလှမွေးစာကလေးအဖြစ်ရပ်တည်နေကြတယ်၊အပြီးလွတ်မြောက်သွားတဲ့သူများလည်းရှိပါတယ်၊
ကျွန်တော်လည်း လွတ်လပ်ပြီကွဟု ကြွေးကြော်အော်ဟစ်ပြီး မြန်မာပြည်ကိုပြန်သွားခဲ့တယ်၊လွတ်လပ်ပါ
တယ်၊စားချင်တာစား….သွားချင်ရာသွား….လုပ်ချင်တာလုပ်…..နေချင်သလိုနေ….ပျော်လိုက်သည့်ဖြစ်ခြင်း
(၂)ပတ်ကျော်လာတော့နည်းနည်းပျင်းလာသည်…သွားစရာကသိပ်မရှိတော့…..ပိုက်ပိုက်ကအင်အားနည်းလာပြီ၊နောက်ဆုံးတော့လှောင်အိမ်လေးကိုသတိရလာသည်။ပြန်ချင်လာသည်။ရိုက်မခေါ်ရပါပဲ လှောင်အိမ်
ထဲအတင်းပြန်ဝင်မိသည်၊အခုတော့လှောင်အိမ်လေးထဲပြန်ရောက်နေပြီ..လှောင်အိမ်လေးထဲမှာ မြူးတူးခုန်
ပေါက်နေပြီ…..ခုန်ပေါက်နေရင်း နောင်တကြိမ်လွှတ်ပေးမဲ့သူ….လွတ်ရမဲ့ရက်ကိုမျှော်ရင်း…….

သြော်…….လွှတ်အုံးမလားအစ်ကို….တစ်ကောင်မှ (၁၀၀)ပါ

အမေ့သား


Friday, March 02, 2012

သိပ်ချစ်တာ သူသိပါစေ

ဒီပို့စ်လေးက ချစ်ရတဲ့ ဇနီးသည်အတွက် လာမဲ့ မတ်လ (၁၂)ရက်နေ့မှာမင်္ဂလာနှစ်(၆)နှစ်ပြည့်အမှတ်တရ အတွက်ရည်ရွယ်ရေးသားတယ်ဆိုပေမဲ့  အားလုံးသော ချစ်သူများ၊အိမ်ထောင်သည်များအတွက်..သတိမမူ ဂူမမြင်ဆိုသလိုဖြစ်နေမှာ စိုးသောကြောင့်တဦးရဲ့အပြစ် တဦးမပြောကြပဲ နားလည်မှုပေးနိုင်စေဖို့လည်း 
ရည်ရွယ်ပါသည်။ချစ်သူတွေပဲဖြစ်ဖြစ်…..ဇနီးမောင်နှံပဲဖြစ်ဖြစ်…တဦးအပေါ်တဦးနားလည်မှုတွေနဲ့ 
ဘာတွေဖြစ်ဖြစ်ဘယ်လိုအခက်အခဲတွေဖြစ်နေပါစေ….အပြစ်ဆိုတာမမြင်ပဲ…ဖေးမနားလည်ဖြေရှင်းမယ်ဆို
ချစ်သူဘဝဟာ သာယာအေးချမ်းသလို…အိမ်ထောင်သည်ဘဝဟာလည်း အပြစ်အနာအဆာမကင်းပေမဲ့
ချစ်ခြင်းများနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးလေးဖြစ်နိုင်ပါတယ်…....

(အမေ့သား)

အချစ်ကိုရှာဖွေတွေ့မိခဲ့သည့်နောက်…..

အချိန်ကာလက ၉၉၉ ဇွန်လ(၃၀)ရက်နေ့ မှာရင်ထဲကမြိုသိပ်ထားခဲ့တဲ့ အချစ်ဆိုတဲ့အရာကိုမောင်နှမ
လိုနေခဲ့တဲ့ အခြေအနေကနေချစ်သူဘဝရောက်အောင်တွန်းပို့ ပေးခဲ့သော ဈေးရောင်းတဲ့ချာတိတ်ကြောင့် ကျွန်တော်နဲ့ သူ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ နေရာလေးကတော့ ရွှေသန်လျင်တဖက်ကမ်းကကျိုက်ခေါက်
ဘုရားမှာပေါ့။
တရပ်ကွက်ထဲအတူနေ (၄)လမ်းသာခြားတဲ့ တို့ နှစ်ယောက်ချစ်မိခဲ့ကြပြီ။ညီမလေးတယောက်လို ချစ်ခဲ့ရတဲ့ ကိုယ် နဲ့ အစ်ကိုတယောက်လို အားကိုးချစ်ခဲ့တဲ့သူရယ်…တို့နှစ်ယောက်ရဲ့အချစ်လမ်းဟာသာယာဖြောင့်
ဖြူးခဲ့ပါတယ်။ နှစ်ဖက်မိသားစုသည်ကလည်းကြိကြိတက်မချမ်းသာကြပေမဲ့ လူတန်းစေ့များဖြစ်လို့ ပြသနာ
မရှိပဲ ချစ်ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျွန်တော်လည်းကျောင်းပြီးလို စင်ကာပူထွက်အလုပ်လုပ်ခဲ့သလို
သူလည်းပဲ GTI မှ B-Tech…..BE……အဆင့်ဆင့်ဖြတ်လို့ ကျောင်းပြီးသွားတဲ့အထိ နှစ်ပေါင်း (၇)နှစ်
တိုင်တိုင်ချစ်ခဲ့ကြတယ်။ နားလည်ခဲ့ကြတယ်။စောင့်ထိန်းခဲ့ကြတယ်။၂၀၀၆ ခုနှစ် မတ်လ(၁၂)ရက်နေ့ 
တနင်္ဂနွေနေ့ မှာနှစ်ယောက်တဘဝကို လျှောက်လမ်းခဲ့ကြတယ်။၂၀၀၆ ခုနစ်  ဂျုလိုင်လမှာ တချိန်ကချစ်သူ ကျွန်တော်ဇနီးလေး စင်ကာပူကို အေးအတူပူအမျှ နေဖို့ ရောက်လာခဲ့တယ်။ပျော်ရွင်ဖွယ် ဇနီးမောင်နှံအဖြစ်
နေနိုင်အောင် နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ ကြရင်းအချိန်တွေဟာလည်း တဖြေးဖြေးကုန်လွန်ခဲ့တယ်။
အိမ်ထောင်သက်(၃)နှစ်လောက်မှာ..ကလေးယူဖို့စိတ်ကူးယဉ်ခဲ့ကြတယ်။
တနေ့ မှာ ကျွန်တော် လိုချင်တောင်းတခဲ့တဲ့ အရာတခု သတင်းတခုကို သူ့ ဆီက သိလိုက်ရတယ်။
သူ့ တွင် ကိုယ်ဝန်ရှိနေပြီ ကျွန်တော်ရဲ့သွေး ကျွန်တော်ရဲ့သား သူ့ မှာရှိနေပြီ.... အတိုင်းမသိပျော်မိတယ်။
သူနဲ့ အတူ ဆေးခန်းသွားပြတော့ အိုဂျီ ဒီနေ့ မရှိလို့  မပြခဲ့ရပေမဲ့  သူငယ်ချင်းညီမလေးတယောက်မွေးခဲ့တဲ့ 
ဆရာဝန်ကြီးရှိတဲ့ ဆေးခန်းကို သွားပြခဲ့တယ် နစ်ပ်မလေးက ထပ်စစ်ကြည့်သည်၊သေချာပါသည် ကျွန်တော် ကလေးအဖေဖြစ်တော့မည်။ဆရာဝန်ကြီးနဲ့ တွေ့  အခြေအနေစမ်းသပ်စစ်ဆေးပြီး အခြေအနေထူးခြားလျှင်
ချက်ချင်းပြန်လာဖို့ မှာကြားနာယူကာပြန်လာခဲ့ ကြသည်။ မြေးလိုချင်နေသော အဖေ နဲ့ အမေသည်လည်း
အတိုင်းမသိပျော်နေကြသည်။ နောက်တရက် (မခံစားနိုင်လို့  ရက်စွဲများထည့်မရေးတော့ပါ)……
ကျွန်တော်အလုပ်သွားခဲ့ပြီး နေ့လည်ခင်းတွင်အမေ့စီမှ ဖုန်းဝင်လာခဲ့သည်။ ဇနီးသည် သွေးဆင်းနေ၍
ဆေးခန်းပြန်သွားကြမည်တဲ့  ပြန်လာလို့ ရရင်ပြန်လာခဲ့ပါတဲ့၊အဖေကိုလည်းခေါ်ထားသည်တဲ့ ကျွန်တော့် ခေါင်းတွေ မူးနောက်သွားသည်။ ကားကို ဂရုတစိုက်မောင်းပြီးဆေးခန်းကိုရောက်လာတော့ ......
သွားပြီ မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပြီး သွေးဆင်းခြင်းနဲ့ အတူ သားလားသမီးလားမသိရသော ကျွန်တော်တို့ရဲ့သွေးထွက်ခွာသွားခဲ့ပြီ။ အော်ပရေးရှင်းလုပ်ပြီး ထွက်လာခဲ့တဲ့ သူ .ကျွန်တော်ကို မြင်တော့  ဝမ်းနည်းစွာငိုနေသည်။ ဖေးမရမည်..သူလည်းခံစားရပေမည် ။ကာယကံရှင်လေ ပိုခံစားရမှာပေါ့…..
တပတ်လောက်ထိကိုငိုကြွေးနေသောသူ့ကို ဖေးမနားလည်အောင် ပြောဆိုရှင်းပြရင်းအချိန်ကာလတွေ ပြီးဆုံးလို့ 
သူလည်းမေ့ပျောက်နိုင်ခဲ့သည်။ အချိန်ကာလ (၆)လကျော်ကျော်ကြာတဲ့အချိန်မှာ ကျွန်တော့် မျှော်လင့်ချက်ပြန်လည်အသက်ဝင်လာခဲ့ပြီ။ ဒုတိယမြောက်ကိုယ်ဝန်ရှိခဲ့ပြန်လေပြီ။ ဒီတခါတော့ အရင်လို အဖြစ်မခံနိုင်တော့ပေ။ တအိမ်လုံးဂရုစိုက်ကြသည်။သူ့ တရုံးလုံးလည်းစိုးတထင့်ထင့်နဲ့ဖြစ်နေခဲ့ 
ကြသည်။ ကိုယ်ဝန်(၂)လကျော်လာတဲ့ အချိန်မှာ (ကန်တော့ပါရဲ့ ဗျာ) သွေးနည်းနည်းဆင်းလာလေသည်။
စိုးရိမ်ကဲရပြီ၊မေးမြန်းကြည့်တော့ဖြစ်တတ်ကြပါတယ်တဲ့…
ဒီလိုနဲ့ နောက်တနေ့ရုံးသွားတက်ပြီးအပြန်တွင်…သွေးဆင်းမှုများလာသောကြောင့် အိမ်ရောက်ရောက်ခြင်း အမေနဲ့အဖေကိုပြောခါ ဆေးရုံသို့ပြေးရလေပြီ။ ဆေးရုံရောက်တော့ အရေးပေါ်ခန်းသို့ခေါ်ဆောင်သွားကြ
သည်။အချိန်တော်တော်ကြာသည်အထိ ဘာအဖြေမှတိတိကျကျမသိရသေးပဲ ရင်တထိတ်ထိတ်နဲ့စောင့်
မျှော်နေတုန်း ကျွန်တော်နာမည်ခေါ်လို့ သွားတွေ့တော့..အိုဂျီစပါယ်ရှယ်လစ်မဟုတ်သည့်အတွက် တပ်အပ်  မပြောနိုင်သေးပါတဲ့.မနက်ဖြန် စပါယ်ရှယ်လစ်လာမှ သေသေချာချာသိရပေတော့မည်။အဖေနဲ့အမေ့ကို
ပြန်စေပြီး ကျွန်တော် ဆေးရုံမှာပဲစောင့်နေခဲ့သည်။အတွေးများစွာဗလောင်ဆူနေသည်….မိုးရယ်
မြန်မြန်လင်းပါတော့….
မနက်မိုးလင်းတော့ဆရာဝန်ကြီးများရောက်လာပြီးသေချာစွာစစ်ဆေးပြီးကလေးမှာသွေးဆင်းရင်းပါ
သွားခဲ့လေပြီတဲ့…ချောက်ထဲကျသွားတဲ့လူတယောက်လို…ရင်ထဲမှာမောဟိုက်တုန်ရီနေတယ်.....
သားလေးလား သမီးလေးလား နုတ်မဆက်ပဲ ထွက်သွားပြန်ပြီ……
သူသည်လည်းသိလောက်ပေမည်။ ဘယ်လိုဖြေသိမ့်ရမလဲ…ကိုယ်ကိုတိုင်ပင် ခြေမခိုင်ယိုင်လဲနေချင်ပြီ
သူ ဆိုလျှင်တော့ ပြောစရာပင်မရှိတော့…အော်ပရေးရှင်းပြီးလို့ ဆေးရုံမှာ (၂)ရက်နေပြီး
အိမ်သို့ပြန်ခေါ်လာခဲ့သည်။ ဘယ်သူ့ကိုမှ စကားမပြောတော့ ကြိတ်ရှိုက်ခါငိုနေတော့သည်။ ဘာကျွေးကျွေးမစားတော့..ဘယ်သူ့ ကိုမှလည်းအတွေ့မခံတော့..သူ့ သူငယ်ချင်းများကိုလည်း
နားလည်အောင်ရှင်းပြပြီး လူနာလာမေးသည်ကိုကျေးဇူးတင်ပါသည်၊ အရမ်းခံစားနေရသဖြင့် မတွေ့ချင်ဖြစ်နေသည်ကို နားလည်ပေးကြဖို့ပြောပြခဲ့သည်။
သူ မသိအောင်တိတ်တိတ်လေး အိမ်သာထဲသွားငို သူ့ရှေ့ရောက်တော့ အပူရုပ်ဟန်လုပ်ခါ ပြုံးပြ
နှစ်သိမ့်…..ဂယောင်ချောက်ခြားပြောသော သူ့စကားများကို အလိုက်သင့်လိုက်ပြောရင်း…….
တသက်လုံး ကလေးမယူတော့ဖူးတဲ့….ဟုတ်တယ်..မယူတော့ဖူး တို့လင်မယားနှစ်ယောက်ပဲ အတူနေတော့မယ်လို့ ပြောပေး…တော်ကြာ ကလေးတော့ယူမှကောင်းမှာပါလေဆို..ကောင်းတာပေါ့ဟု ထောက်ခံပေးရင်း သူ့ဘေးမှာ အမြဲတမ်း အရိပ်လိုနေပေးခဲ့တယ်….ကိုယ့်ရင်ထဲက ငိုကြွေးနေတာကို သူမသိစေဖို့  ဖုံးဖိရင်း ဖြတ်သန်းခဲ့ကြတယ်။ ဆေးရုံကိုတပတ်တခါသွားပြီး သွေးစစ်..စမ်းသပ်မှု
တွေလုပ်တော့ သွေးထဲမှာ…(ဆေးတမ်းအခေါ်တော့ ကျွန်တော် စိတ်နာလို့ မမှတ်ထားတော့ပါ) များနေသောကြောင့်ဖြစ်တာလို့ အဖြေထွက်လာခဲ့တယ်။ဆရာဝန်ကြီးက အပတ်စဉ် (၁) နှစ်တိတိ သွေးလာစစ်ပြီး သူတို့ကစိတ်ချရပြီဆိုမှ ကလေးပြန်ယူရန် သတိပေးခဲ့သည်။လမ်းသွားလို့ ကလေးလေးတွေ
မြင်တာနဲ့ သူ့ မျက်နှာလေးညိုးငယ်ပြီး သူ့ ကလေးသာ အသက်ရှင်ရင်ဆိုပြီးမျက်ရည်ဝေသီလို့…
ကျွန်တော့်ရင်ထဲမှာလည်း အသည်းနှလုံးကို ဓါးနဲ့ထိုးနေသလိုတဆစ်ဆစ်နာကျင် ခံစားရပါတယ်ဆိုတာ
သူလည်းမသိသလို ကျွန်တော်လည်း အရိပ်အယောင်စိုးစဉ်မျှမပြခဲ့ပါဖူး။ အခန်းနံရံမှာရှိသော ကလေးဓါတ်ပုံများကိုလည်း သူမမြင်အောင်သိမ်းဆည်းပြီး….ကံ..ကံရဲ့ အကျိုးကိုနားလည်အောင်
ဖေးကူပြောပြရင်း …ဆေးရုံပုံမှန်သွားရင်း အချိန်တွေလုံးပါးပါးလာခဲ့ပြီး (၁)နှစ်ရဲ့နောက်ဆုံးအပတ်မှာ
ဆရာဝန်မ က ကျွန်တော်ကိုခေါ်တွေ့ကာ..ကလေးယူမယ်ဆိုယူလို့ရပြီတဲ့….တိုင်ပင်ရလေပြီ….
သူသဘောကိုမေးမြန်းရပြီ…အဖေနဲ့ အမေကလည်းအားပေးနှစ်သိမ့်ရင်း ကလေးထပ်ယူရန် သဘောတူခဲ့ကြသည်။ကျွန်တော်တို့မျှော်လင့်ချက်များစွာနဲ့ ဆရာဝန် ညွန်ကြားသည့်အတိုင်းနေထိုင်ခဲ့ရင်း
တတိယရောင်ခြည်သန်းခဲ့ပြန်တယ်…..
ဒီတခါတော့ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်တော့ပေ။
သိ.သိခြင်း ပိုလီဆေးခန်းပြေးပြီး ပြရလေသည်…ဆရာဝန်မက ခုမှ တလသာသာရှိသေးသည်…
စောပါသေးတယ်တဲ့…ကျွန်တော်လည်း ယခင်ဖြစ်ကြောင်းကုန်စဉ်ပြောပြတော့မှ ဆရာဝန်မက
ဆေးရုံကိုလွဲစာရေးပေးလိုက်လေသည်။ဆေးရုံကိုသွားပြီး အရင်ကချက်အလက်များနဲ့အတူပြောပြ…
စစ်ဆေးပေးပြီး အခြေအနေအားလုံးကောင်းသည်တဲ့….၀မ်းသာလိုက်သည့် ဖြစ်ခြင်း…အတိုင်းမသိပျော်ရွင်
လို့ လူတွေတိုင်းပြုံးပြနေမိခဲ့တဲ့ ကျွန်တော်ကို အရူးလို့များထင်ကြမလားမသိ…ထင်ချင်သလိုထင်ကြပါစေ.
ကျွန်တော်အတွက်ကတော့ သန်းထီပေါက်သလိုပါပဲ…ဒီလိုနဲ့ ကိုယ်ဝန်လည်း (၂)လကျော်လာခဲ့လေသည်။
အခြေအနေအားလုံးကောင်းနေသည်။သွေးဆင်းခြင်းမရှိ..အော့အန်ခြင်းမဖြစ်..နေထိုင်ရတာလည်းနေသာ
သည်ဆိုသဖြင့် ကျွန်တော်တို့မိသားစုသာမက…သူ့ သူငယ်ချင်းများ ရန်ကုန်က သူ့မိဘများလည်း
ပျော်ရွင်နေကြသည်။ကျွန်တော်အတွက်တော့ဆိုဖွယ်ရာမရှိတော့… ဒုတိယမြောက် ရက်ချိန်းနေ့သို့
ရောက်ခဲ့ပြီ…ဒီနေ့တွင်…မွေးရက်တွက်ပေးမည်….သူနဲ့ကျွန်တော်..ဆေးရုံကို မနက်စောစောထပြီး စောစောလေးသွားခဲ့ကြတယ်…..အလှည့်ရောက်တော့ စစ်ဆေးသည်…စမ်းသပ်သည်……
တအောင့်လောက်ကြာတော ဆရာဝန်မခေါ်လို့သွားတော့…ဆရာဝန်မက ဒီမှာလာကြည့်တဲ့
မင်းကလေး နဲ့သူ့မိခင် အဆက်အသွယ်မရှိတော့ဖူးတဲ့…တနည်းအားဖြင့်ကလေးအသက်မရှိတော့ဖူးတဲ့…
ကျွန်တော့်ဘ၀ မှောင်အတိကျသွားခဲ့ပြီ.ဆရာဝန်မပြောနေတာတွေကို ကြားတချက်မကြားတချက်….
ကုတင်လက်ရမ်းကိုအားပြုလိုက်ရသည်။သူ ကတော့ မျက်လုံးလေး ပေကလက်..ပေကလက်နဲ့
ကျွန်တော်နဲ့ ဆရာဝန်မကို ကြည့်နေသည်။ဘယ်လိုဖွင့်ပြောရမလဲ…ဖွင့်ပြောရက်မှာလဲ…….
သူ့နားတိုးတိုးကပ်ကာ….ကိုယ်တို့ရင်သွေး အထဲမှာအသက်မရှိတော့ဖူးလို့ပြောတော့ ခေါင်းသာ တွင်တွင်ခါနေသည်။အသံထွက်မလာတော့…ငယ်.သတိထားလေ…ဘာတတ်နိုင်မှာလည်းကွာ
သူ့ကိုသာနှစ်သိမ့်နေပေမဲ့ ကျွန်တော့်အသံတွေလည်းငိုသံပါနေသည်….သို့သော် သူ… မငိုတော့ အံကြိတ်ပြီး
ငြိမ်နေတော့သည်။ဆရာဝန်မက သူ့ကိုလာဖျောင်းဖျသည်…..ဆရာဝန်မကိုခွင့်တောင်းပြီး အိမ်သာဆီသို့
ပြေးခဲ့မိသည်၊ဘာကိုမှ ကျွန်တော်မသိတော့ ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။စိတ်လွတ်လက်လွတ်
ငိုနေမိတော့သည်။ ပြီးမှ သူ့ကို သတိရလာခါ မျက်ရည်များသုတ်ပြီး သူ့ဆီပြန်ပြေးလာခဲ့သည်။ထားခဲ့သော်
နေရာတွင်မတုန်မလှုပ် ကျောက်ရုပ်ပမာငြိမ်နေသည်၊ အဖေနဲ့ အမေဆီဖုန်းဆက်အကြောင်းပြောပြသည်၊
ကားဌားပြီးအိမ်ပြန်လာသည်တလျှောက်လုံး စကားလုံးဝမပြောတော့ပါ။ကျွန်တော် နားလည်ပါသည်၊
မိခင်တယောက်ရဲ့ ဝေဒနာ….စဉ်းစားမိသည်…ဘယ်လိုနှစ်သိမ့်ရမလည်း…ဖြေသိမ့်ရမလဲ….
ခေါင်းတွေမူးဝေလာတော့သည်..အိမ်ကိုရောက်တာနဲ့ အိပ်ရာထဲတမ်းဝင်ကာ….ကြောင်တောင်တောင်မျက်
လုံးများနဲ့ကြည့်နေတဲ့သူ့ကို ကျွန်တော် ဘယ်လိုချော့ရမလဲ….သူ့ကိုကြည်ရင်း ကျွန်တော် မခံစားနိုင်တော့
ခဏလေး သူ့နားကခွာကာ ရင်ဖွင့်ရာ (အိမ်သာ)ဆီသို့သွားကာ….ငိုခဲ့မိတော့တယ်….ယောကျာင်္းတန်မဲ့
ငိုတယ်လို့တော့မပြောကြပါနဲ့ တတိယအကြိမ်မြောက်ဆိုတော့ တင်းခံနိုင်တဲ့ အင်အားမရှိတော့လို့ပါ။
သူ့ရှေမှာတော့ ဘယ်တော့မှ မျက်နှာမညှိးအောင် မငိုမိအောင်နေခဲ့တယ်…အားပေးခဲ့တယ်…သူ့အပေါ်
စိတ်ညိုငြင်မှု့ တစက်ကလေးမှမပြခဲ့ပါဖူး…အပြစ်ပြောစရာလည်းဘာမှမရှိပါ….ဘယ်သူ့ကြောင့်ရယ်မှ
မဟုတ်ဖြစ်ပျက်တတ်တဲ့လောကဓံတရားပါ။ဒါတွေဟာသူ့အပေါ်ကျွန်တော်ရဲ့အချစ်တွေ….နားလည်မှုတွေ
မြတ်နိုးမှုတွေ…စာနာသိတတ်မှုတွေပါ၊သူလည်းသိနားလည်မှာပါ..ဖြစ်ပြီးခဲ့သမျှတွေကို မေ့ပျောက်နိုင်ဖို့
ကြိုးစားရင်း ကျွန်တော်နဲ့သူ ဘဝခရီးလမ်းကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတယ်…ဒါပေမဲ့ ခဲမှန်ဖူးတဲ့စာသူငယ်ဟာ ဘယ်တော့မှ အေးချမ်းစွာအစာမရှာနိုင်သလို သူလည်းပဲ နာကျည်းခံစားမှုတွေနဲ့အတူ ရှင်သန်နေရသလို.
ကိုယ်ဝန်ဆောင်သည်တွေ့ရင်မျက်နှာလွဲနေတတ်တာသတိထားခဲ့မိတယ်။အခုတော့ သူလည်းရင့်ကျက်
လာပါပြီ….ကျွန်တော်တို့ရဲ့အတိတ်ပုံရိပ်ဆိုးတွေလည်း ဝေးလွင့်ပျောက်ကွယ်သွားပါပြီ။ အေးချမ်းစွာ
တူလက်တွဲလို့ပျော်ရွှင်မြူးနေခဲ့ပြီ။ကျွန်တော်....သူ့ကိုပြောပြချင်ပါတယ်...ကျွန်တော်.သူ့ကိုချစ်မြတ်နိုးတန်းဖိုး
ထားတယ်ဆိုတာ...သူသိပါစေ။ သူ ဘာတွေဖြစ်ဖြစ် အချစ်မလျှော့ပါဖူးလို့ ...သိပ်ချစ်တာ သူသိပါစေလို့ 
ပြောချင်ပါတယ်.........သူ့အထင်မှာတော့ သူ့အပေါ်အချစ်လျော့သွားမယ်.....
ဖြစ်ပြီးခဲ့သမျှတွေအပေါ်ခံစားမှုမရှိဖူးလို့ထင်ကောင်းထင်နေပါလိမ့်မယ်......ကျွန်တော်ကြိတ်ငိုခဲ့ရတဲ့ ရက်တွေ ခံစားခဲ့ရတဲ့ရက်တွေ များလှပါပြီ၊အလုပ်သွားတိုင်းမြင်တွေ့မိတဲ့ ကလေးတွေနဲ့မိသားစုတွေတွေ့တိုင်း သက်မချခဲ့ရတဲ့ ကျွန်တော့်အဖြစ်ကို သူ မသိခဲ့ပါဖူး သိအောင်လည်း မပြောရက်ခဲ့ဖူး။သူ့ရင်ထဲကဒဏ်ရာကို ပြန်မစပေးချင်တာ ကျွန်တော်အချစ်နဲ့နားလည်မှုပါ။
ကျွန်တေယ်သူ့အပေါ်ထားတဲ့အချစ်တွေ၊သံယောဇဉ်တွေ၊နားလည်မှုတွေအပေါ် 
သူ သိပါစေလို့ဆုတောင်းရင်း.......
သိပ်ချစ်တာ သူသိပါစေလို့.......


ချစ်ဇနီး….ငယ်

အချစ်ဆိုတာ နားလည်မှုပါ
အမြဲတမ်း ချစ်တယ်…ချစ်တယ်လို့ပြောစရာမလိုပဲ နှလုံးသားလေးနဲ့ နားထောင်ကြည့်ပါ
ငယ်…ကြားရမှာပါ.ကိုယ်အသက်ရှင်နေသမျှကာလပတ်လုံးကိုယ့်နှလုံးခုန်နေသမျှ နောက်ဆုံးထွက်သက်တိုင်အောင်
ငယ်ကိုမခွဲမခွာ အေးအတူပူအမျှရာသက်ပန်လက်တွဲချစ်မြတ်နိုးသွားမှာပါ၊။ဘယ်လိုအကြောင်းနဲ့မှ ဝေးမသွားစေရဖူး…ငယ့်ရှေ့မှာ တံတိုင်းလို မားမားမတ်မတ်ရပ်နေမဲ့သူပါ။

တန်ဖိုးထားနားလည်မှုနဲ့လျှောက်မဲ့လမ်း

အချစ် ဆိုတာ …..ဘာလဲတဲ့
သိလို့ မေးတာလား
သိချင်လို့ မေးတာလား…..
ပြောပြမယ်……
တချို့ ကတော့ ချိုမြမြ ရှတတ
တချို့ ကတော့ ပူလောင်
တချို့ က ရယူပိုင်ဆိုင်
တချို့ က စွန့်လွတ်
တချို့ က တန်ဖိုးထား
မကုန်ဆုံးတဲ့  ဖွင့်ဆိုချက်တွေနဲ့
ကိုယ်ထင်ရာ ရင်ဖွင့်လို့
အချစ် ဆိုတဲ့ ချစ်ခြင်းတရား
ရင်တွင်းဖွားခဲ့တယ်။
ချစ်ခြင်းတရား ရင်တွင်းဖွားလာမှ
အချစ် ဆိုတာကို သုံးသပ်ဖို့ ကြိုးစား
ချိုမြမှုကိုရှာ ပူလောင်တာကိုရှောင်
ပိုင်ဆိုင်၊ စွန့်လွတ်ခြင်းထက်
တန်ဖိုးထား မြတ်နိုးမှုကို သိလာ
နားလည်ဖေးမမှုက
ချစ်ခြင်း နောက်က တရား လို့
သိလိုက်ချိန်ဝယ်…..
မင်းရယ်…ကိုယ်ရယ်က
နားလည်မှု ကိုယ်စီနဲ့
တို့နှစ်ယောက် ဘ၀လမ်း
လျှောက်လှမ်းကာ ပြုံးပျော်လို့
ခုတော့ မင်္ဂလာ(၆)နှစ်ပြည့်ပြီ ...........ငယ်။

(၆)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ သား .သမီး မြေး မြစ်များနဲ့ ဥမကွဲ သိုက်မပျက်နေရပါစေလို့ ဆုတောင်းရင်း.....





အမေ့သား
(၁၂-၃-၂၀၁၂)







Monday, February 13, 2012

အမေ့သားရဲ့  ချစ်ရပါသောသူ....


ကိုယ့်ရဲ့ ချစ်ရပါသော,မုန်းရပါသော
ကိုယ့်ဘဝအတွက်မရှိမဖြစ်သောသူ......

အမေ့ဝမ်းမှ စထွက်လာကတဲ့ကသူ့ အကြောင်း ကိုယ်ကြားခဲ့ရတယ်၊သူသည်ချောလား? လှလား?
ကိုယ်မမြင်ဖူးပါပဲ စွဲလန်းခဲ့မိတယ်....နောက်ပိုင်း သူ့ ကြောင့် အဖေနဲ့အမေစကားများကြတယ်....
ကိုယ်လည်း သူ့ ကြောင့် အရိုက်ခံရတယ်၊ဒါပေမဲ့ မမုန်းပဲ ပိုချစ်လာခဲ့တယ်......
ကိုယ်အရွယ်ရောက်လာတော့၊သူ့ ကိုချစ်ခွင့်ပန်ခဲ့တယ်။သူ လက်ခံခဲ့တယ်………
ကိုယ်အရမ်းပျော်ခဲ့ရတယ်၊နောက်ပိုင်း ပညာရေးပါထိခိုက်လာပြီးသူခေါ်ရာနောက်လိုက်မိတယ်
ဒါပေမဲ့ ကိုယ်နဲ့ သူ အတူမနေပါ (ယုံပေးပါ)
ကိုယ်တွေ့ ချင်သောအချိန်တွင်သူမလာပဲ ကိုယ်အိပ်ပျော်နေသောအခါခဏတာလာ၍ပြန်သွားတတ်သည်။
သူသည်မျက်နှာအလွန်များကာလူတကာရင်ခွင်တွင်းမူနွဲ့ ကာနှိပ်စက်တတ်သည်...
အဆင့်အတန်းလည်း ခွဲခြားဆက်ဆံတတ်တယ်၊ကိုယ်ရှေ့တွင်ပင် သူသည် အခြားတယောက်နဲ့ တွဲပြီး
ထိုလူ၏ဘဝကိုဖျက်စီးကာကိုယ့်ကိုသာဓကပြခဲ့သည်။ကိုယ့်ကိုလည်းသူပြောသွားတယ်……
မင်းကို ဒီလိုမမြင်ချင်ဖူးတဲ့ ကိုယ် သူ့ ကိုအရမ်းကြောက်သွားပြီ ……ဒါပေမဲ့ ချစ်နေတုန်းပဲ....
တနေ့ မှာ မမျှော်လင့်ပါပဲ သူထက်ပိုချစ်ရမဲ့သူကို ကိုယ်တွေ့ခဲ့တယ် ကိုယ်တို့  ကျောင်းကပေါ့
ဒါနဲ့ ပဲ ကိုယ် သူ့ ကိုပြောပြလိုက်တယ်၊ကိုယ်မှာ သူ့ ထက်ပိုချစ်ရမဲ့သူရှိတယ်လို့ သူကြည်ဖြူစွာပဲ
ခွင့်ပြုခဲ့တယ်…ပြီးတော့သူ ပြုံးနေတယ်……..
ချစ်သူနဲ့အတူပျော်ရွှင်ခဲ့ရတယ်ဒါပေမဲ့သူ့ ကြောင့်ပဲပျော်တခါစကားများတလှဲ့ နဲ့ အချိန်တွေဖြတ်သန်းရင်......
သူဟာ ကိုယ့်အပေါ်စိုးမိုးနိုင်သလောက် သူသည်ချစ်သူကိုတော့ သံယောဇဉ်ရှိသည်…..
သူကြောင့်ပင် ချစ်သူစကား ကိုယ်နားထောင်ခဲ့တယ် သူသည်ချစ်သူနဲ့ ကိုယ်မိသားစုအား
သင့်မြတ်အောင်လုပ်ပေးသလို အထင်လွဲအောင်လည်းဖန်တီးတတ်ပြန်တယ်။
တနေ့ တော့ သူကိုဆန့် ကျင်၍ ချစ်သူနဲ့ ကိုယ်နှစ်ယောက်တစ်ဘဝထူထောင်ခဲ့တယ် ဒါပေမဲ့
မင်္ဂလာပွဲကို သူလာခဲ့တယ်၊ချယ်လှယ်ခဲ့တယ၊် စီစဉ်ခဲ့တယ် ချစ်သူနဲ့ ကိုယ် ဘာမှမလွန်ဆန်နိုင်ပဲ
သူစီမံရာနာခံခဲ့ရတယ်၊ပြီးတော့ သူ ပြုံးပြပြီးပြန်သွားတယ်……
သူပြုံးသွားတဲ့အပြုံး…….
မင်း.. ကိုယ့်ကိုမလွန်ဆန်နိုင်ပါဖူးကွာဆိုတဲ့အပြုံး…. ကိုယ်တသက်မမေ့နိုင်ခဲ့ဖူး
ကိုယ်တို့ စီကို သူလာလိုက် ပြန်သွားလိုက်၊ချယ်လှယ်လိုက်နဲ့  အချိန်တွေကုန်လာခဲ့တယ်
တနေ့ တော့ ကိုယ်တို့ နှစ်ဦး သူနဲ့ ဝေးရာ ထွက်ပြေးဖို ဆုးံဖြတ်ခဲ့တယ်
သူကိုကြောက်လို့တော့မဟုတ်ပါ ချစ်ပါသည်... သို့သော် စိတ်နာသည်။

Singapore !!!!ဟုတ်ပြီ
ကိုယ်တို့ သူနဲ့ ဝေးရာ Singapore ကိုသွားဖို့ စီစဉ်ခဲ့ကြတယ်၊ရန်ကုန်လေဆိပ်က စထွက်တော့
သူ့ ကိုလွမ်းမိသလို…နုတ်ဆက်ခဲ့ပါတယ်.......အချစ်ဦးရယ်
Singapore ရဲ့ 
Changi လေဆိပ်.....
ကြီးကျယ်ခမ်းနားလို့ ကိုယ်တို့ ဇနီးမောင်နှံ လျှောက်ကြည့်နေတုန်း..သူ.............ဟုတ်ပါသည် သူမှ သူ
ကိုယ် ချစ်ရ ......ကြောက်ရ ကိုယ်တို့ အပေါ်ချယ်လှယ်တတ်သောသူကတ်ပြားလေးကိုင်လို့ 
ကိုယ်တို့ စီ လှမ်းလာရင်း Welcome to Singapore တဲ့
ပြီးတော့ သူက ကိုယ့်အချစ်ဦးရဲ့ အစ်မတဲ့…. တခါမှမပြောခဲ့ဖူးပါ။သူတွင် အစ်မရှိသည်ဟု မကြားခဲ့ပါ။
သူနဲ့ က အဖေ….အမေ မတူပေမဲ့ သွေးချင်းတူတဲ့ ညီအစ်မတွေပါတဲ့
Singapore မြေကိုခြေချခဲ့မိပြီ…ဟုတ်ပါသည်.... အချစ်ဦးနဲ့ သူသည်
အတော်ကိုတူပါသည် ခွဲခြားမရအောင်တူ၏..ပြုံးသောအပြုံးပင်ထပ်တူကျခဲ့သည်။ တခုတော့ရှိသည် အချစ်ဦးသည်
အနေအထိုင်ပက်စက်၍ ဖြစ်သလိုနေတတ်သော်လည်း သူသည်တည်ငြိမ်၍ အဆင့်အတန်းရှိသည်။
ပို၍တူညီခဲ့သည်မှာ အရာရာတိုင်းသူစီမံရာ နာခံရသည့်အဖြစ်အချစ်ဦးကိုကြောက်၍ ပြေးခဲ့သော
ကိုယ်တို့ ဘာမှမတတ်နိုင်ခဲ့ပါ အိမ်အသုံးအဆာင်များဝယ်သောအခါ၊ကိုယ်တို့ ဇနီးမောင်နှံအတွက် အဝတ်အစားဝယ်သောအခါ၊သူချုပ်ချယ်ကာဟိုဟာမဝယ်နဲ့  ဒီဟာမယူနဲ့ ဟုဝင်ရောက်ပြောဆိုပြန်သည်။
တအိမ်လုံး၏ ကိစွ မှန်သမျှ သူပါမှပြီးခဲ့သည်။သူသည်တခါတရံ ကိုယ့် ကိုဆူပူပြီးသူအပေါ်
မလေးစားဟုပြောတတ်သည်။ကိုယ်ဇနီးအပေါ်တော့သူကောင်းပါသည်၊ဇနီးကလည်းသူ့ ကို လေးစားရိုသေသည်။
ကြာလာတော့လည်း သူ နဲ့ ကိုယ်တို့  နားလည်မှု့ ရခဲ့ ကြသည်။ သူသည် တခါတရံ စိတ်ဆိုးကာ
အိမ်မှထွက်သွားတတ်ပြီး စိတ်ပြေလျှင် ပြန်လာတတ်၏။သူပြန်လာသောအခါ ကိုယ်တို့ မှာ သူကို နောက်တခါ မထွက်သွားဖို့  တောင်းပန်ကာ သူကျေနပ်အောင် ဂရုစိုက်ရသည်။
ခုတော့လည်း နားလည်မှုရလို့ ကိုယ်ရယ်၊သူရယ်၊ကိုယ့်ဇနီးရယ် အတူတူနေရင်ဘဝကိုဖြတ်သန်းဖို့ ကြိုးစားနေတယ်။
တခါတလေတော့လည်း မြန်မာပြည်က အချစ်ဦးကိုသတိရသည်. အခါသင့်ရင်တော့
ပြန်လည်ကာတွေ့ ချင်ပါသေးသည်။


လေးစားစွာဖြင့်
(အမေ့သား)


Sunday, February 05, 2012

တန်ဖိုးထား - နားလည်မှု နဲ့ လျှေက်မဲ့လမ်း



ချစ်ခြင်း =   တန်ဖိုးထားခြင်း
တရား   =   နားလည်မှု
ချစ်ခြင်းတရား  နဲ့  တန်ဖိုးထားနားလည်မှု

အချစ် ဆိုတာ …..ဘာလဲတဲ့
သိလို့ မေးတာလား
သိချင်လို့ မေးတာလား…..
ပြောပြမယ်……

တချို့ ကတော့ ချိုမြမြ ရှတတ
တချို့ ကတော့ ပူလောင်
တချို့ က ရယူပိုင်ဆိုင်
တချို့ က စွန့်လွတ်
တချို့ က တန်ဖိုးထား
မကုန်ဆုံးတဲ့  ဖွင့်ဆိုချက်တွေနဲ့
ကိုယ်ထင်ရာ ရင်ဖွင့်လို့
အချစ် ဆိုတဲ့ ချစ်ခြင်းတရား
ရင်တွင်းဖွားခဲ့တယ်။

ချစ်ခြင်းတရား ရင်တွင်းဖွားလာမှ
အချစ် ဆိုတာကို သုံးသပ်ဖို့ ကြိုးစား
ချိုမြမှုကိုရှာ ပူလောင်တာကိုရှောင်
ပိုင်ဆိုင်၊ စွန့်လွတ်ခြင်းထက်
တန်ဖိုးထား မြတ်နိုးမှုကို သိလာ
နားလည်ဖေးမမှုက
ချစ်ခြင်း နောက်က တရား လို့
သိလိုက်ချိန်ဝယ်…..
မင်းရယ်…ကိုယ်ရယ်က
နားလည်မှု ကိုယ်စီနဲ့
တို့နှစ်ယောက် ဘ၀လမ်း
လျှောက်လှမ်းကာ ပြုံးပျော်လို့ပေါ့
ချစ်ရတဲ့………….ငယ်

(အမေ့သား)
(၅-၂-၂၀၁၂)
(မနက် ၂ နာရီ)