Wednesday, March 25, 2015

ကျွန်တော်ကို ပျော်ရွှင်ခွင့်ပေးပါတော့

ကျွန်တော်မူးနောက်နောက်ဖြစ်လို့
ဆေးခန်းကိုသွား သွေးပေါင်ချိန်တော့ 
၁၅၀/ ၁၀၂
ဆရာဝန်က ပြောပါလေရော 
အငန်စာတွေလျော့
အဆီအစိမ့်လျော့ 
အရက် ဘီယာလျော့ 
စိတ်ဖိစီးမှုလျော့
ပြီးတော့ တလစာဆေးပေးလို့
နေ့စဉ်သွေးပေါင်ချိန်ကြည့်ပြီး 
မော်နီတာလုပ် မိန်းတိန်းလုပ်ဖို့ပြောလေသည်။
ဘာကြောင့် သွေးတက်ရပါသနည်း
အဆီအစိမ့် လား
အရက် ဘီယာလား
အငန်စာတွေကြောင့်လား
သေချာတာက ကျွန်တော် အရက်သမားမဟုတ်
အမေချက်သမျှ ဟင်းလျှာ ငန်စရာမရှိ
ဝက်သားကြိုက်ပေမဲ့ ဝက်အဆီမစားတဲ့အတွက် 
ဒီလောက်ထိဖြစ်စရာမလိုပေ။ဒါဆိုကျန်နေတာ
စိတ်ဖိစီးမှု သူသည်တရားခံလား။
စိတ်ညစ်စရာ 
စိတ်ဖိစီးမှုဖြစ်စရာ ဘယ်မှာလဲ 
အလုပ်ထဲမှာလား မဖြစ်နိုင်
လုပ်သက်များနေတဲ့ ကျွန်တော်အတွက် 
ဖိစီးမှု မရှိသလို အလုပ်နဲ့ ပတ်သက်လို့
ဒီနေ့လုပ်သမျှ ဂိတ်ဝမှာထားပြီး ပြန်ခဲ့တာ
နှစ်ချီကြာခဲ့လေပြီ။
ဒါဆို အိမ်မှာပေါ့ 
မိသားစု ပြဿနာ 
ငွေကြေးပြဿနာ
မိသားစုစည်းစည်းလုံးလုံးနေလာခဲ့တဲ့အတွက် 
မိသားစုပြဿနာဆိုတာ မဖြစ်နိုင်
ငွေကြေးပြဿနာ သွေးတက်လောက်အောင် 
မဖြစ်နိုင်သော စိတ်ဖိစီးမှု သုညဘဝကစလာလို့
ငွေကြေးဆိုတာ မရှိအေးဆေး ရှိအေးဆေး
ဘာကြောင့်လဲ ဘာအတွက်လဲ
ဘယ်သူမှ မသိပေမဲ့ ကျွန်တော်တယောက်တည်း သိခဲ့တဲ့ အသိ
ထုတ်ဖော်မပြောခဲ့ပေမဲ့ ပြန်လည်သုံးသပ်တော့ 
အဖြေက သေချာခဲ့လေပြီ။
အဓိက အကြောင်းအရာသည် 
ကျွန်တော့် ဘဝ
ကျွန်တော့် အသက်
သူနဲ့ ပတ်သက်လာရင် ချစ်လှပါချည်ရဲ့ဆိုတဲ့ 
ဇနီးသည်ကိုတောင် အမြင်ဝေဝါးအောင် 
လုပ်နိုင်တဲ့ သူ 
သူကလေးက ချစ်သမီးလေး ရွှေပိုး
သူလေး ဆိုးလို့သူလေးရောဂါဘယ
ထူပြောလို့မဟုတ်ဘူး။ သူ့ကြောင့် အခုချိန်ထိ
မိဘဖိုးဖွား စိတ်မဆင်းရဲခဲ့ရပေ။
ဒီလောက်လိမ္မာတဲ့ကလေး ဘာအတွက် သူကြောင့် ဟု ပြောရတာလား
ဘယ်လိုဖြစ်လို့ရွှေပိုးကြောင့် စိတ်ဖိစီးမှု
ဖြစ်ကာ သွေးတက်ရပါသနည်း။
သမီးလေးကို 
ဘယ်လိုရရှိခဲ့တယ် 
ဘယ်လိုပြုစုခဲ့ရတာ 
ဘယ်လိုတန်ဖိုးထားရတယ်ဆိုတာ
ပြောစရာနှိုင်းယှဉ်ပြစရာလိုမည်မထင်။
ဖြစ်ပျက်ခဲ့ထားတဲ့ အကြောင်းအရင်းတွေ
ခံစားခဲ့ရတဲ့ နှလုံးသားကွဲကြေခဲ့မှုတွေကြောင့်
ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း စိုးရမ်ပူပန်မှုတွေ
ကိန်းအောင်းနေခဲ့ရတယ်ဆိုတာ ဇနီးသည်လည်း သိသင့်သလောက်သိပေမဲ့
မတားဆီးနိုင်သလို ကျွန်တော်ကိုယ်တိုင်လည်း
ဖြေလျော့လို့မရခဲ့ခြင်းပေ။
ကျွန်တော်သိခဲ့ပါသည်။ ကျွန်တော်ရဲ့စိတ်ဖိစီးမှု
ပိုမိုဆိုးရွားစေခဲ့တာက မြန်မာပြည်ကို အလည်ပြန်ခဲ့ချိန်မှာ စတင်ခဲ့လေခြင်း
အပျော်သဘော ဆွေမျိုးတွေကို သမီးလေးနဲ့ 
တွေ့ခွင့် ပေးစေခဲ့လို့တဲ့ ကျွန်တော်ရဲ့ဆန္ဒကို
ယူကြုံးမရခြင်း အလိုလို ဒေါသထွက်လာစေခြင်း
ကျွန်တော့်ကို ကျွန်တော် တခုခုလုပ်မိချင်တဲ့စိတ်
ဖြစ်စေခဲ့တာက သမီးလေးမြန်မာပြည်မှာ
ဖျားနာပြီး နေမကောင်းဖြစ်လိုက်ခြင်းပေ။
မြန်မာပြည်က ပြန်လာပြီးနောက်ပိုင်း 
ကျွန်တော့်စိတ်တွေ တောင်စဉ်ရေမရဖြစ်လာ
ညဖက်တွေမှာ အိပ်မပျော် သမီးလေးတခုခုဆိုတာနဲ့ ပူပန်စိတ်တွေများပြီး
ဆေးရုံ ဆေးခန်းပြေးဖို့သာကြံစည်နေ
သမီးအတွက်အရေးမကြီးသလို ပြောလာသမျှ
အဲ့ဒီလူကို စိတ်ထဲကနေ ဒေါသတွေဖြစ်ပြီ။
တရေးနိုး သမီးလေးကို ထကြည့်ရ ထစမ်းရတာတွေကို ချစ်ဇနီးသိတဲ့အခါသိသလို
သူမ မနိုးတဲ့အခါတွေလည်း ရှိခဲ့တာ ဇနီးသည်
သိချင်မှ သိပေလိမ့်မည်။
ကျွန်တော် ပြန်တွေးမိသလောက် မြန်မာပြည်ကပြန်လာပြီးနောက်ပိုင်းမှာ
ဒေါသတွေပိုကြီးတတ်လာတယ်။သမီးနဲ့
ပတ်သက်ရင် သေးသေးတင် သိပ်မခံချင်တော့
ဘာကိုပူပန်လို့ ဘာကိုစိုးရိမ်မှန်းမသိ
ဘာကိုတွေးပူလို့ ဘာကြောင့်ဆိုတာ
အဖြေမရှာချင်တော့ပေ။ကျွန်တော်သိတာတခုပဲ
သမီးကို ကျွန်တော်ချစ်တယ် 
သမီးကို ကျွန်တော် အသက်လောက်ချစ်တယ်
ဒါကို ကျွန်တော်ပဲ သိလိမ့်မည်။ကျွန်တော်ပူပန်မှု
စိုးရိမ်ကြောင့်ကြမှုတွေ ကင်းဝေးချင်ပြီ
ကျွန်တော်မသိစိတ်မှာစိုးမိုးနေတဲ့ စိတ်ဖိစီးမှုကို 
အမြန်ဖယ်ရှားချင်တယ်။ ကျွန်တော့်ရင်ထဲကို
ဝင်ကြည့်ပေးကြပါ။ ကျွန်တော်ကို နားလည်ပေး
ကြပါ။
ကျွန်တော် မိသားစုဆိုတာလေးကို ပြည့်ဝစွာ
ခံစားခွင့်ရနေပြီမို့ ကျွန်တော်ကို ပျော်ရွှင်ခွင့်
ပေးပါတော့ဗျာ။
အမေ့သား

Tuesday, February 17, 2015

ခြင်

ခြင်

ဘုံ ခုနှစ်ဆင့်
ပြဿဒ် ခုနှစ်ဆောင်
သံကွန်ခြာ ခုနှစ်ထပ်
ဇာခြင်ထောင် ခုနှစ်လွှာနဲ့
ဘယ်လောက်ပဲစည်းကာခြား
ရောက်အောင်လာကာတွေ့တဲ့သူ

အမေ့သား

Sunday, January 04, 2015

သုံးရက်တိုက်ပွဲ ( သို ) ရွှေပိုးလေးကို ကြိုဆိုခြင်း

ဖုန်းခေါ်သံကြားလို့ဖုန်းကို ထုတ်အကြည့် My lucky pig ဆိုတဲ့ စာတမ်းလေးက စိုးရိမ်မှု့ကို
အနည်းငယ်ယူဆောင်ပေးလာတယ်ဆိုရင် မမှားဘူးလို့ပြောလို့ရလေသည်။
ဒီနေ့ကိုယ်လက်မအီမသာနဲ့ဇနီးသည် အလုပ်သွားကတည်းက စိတ်ထဲမှာ စိုးရိမ်မှုနဲ့အတူ
စိတ်အစဉ်က ငယ့်အနားမှာပဲရှိနေတော့ မနက်က သေချာမှာထားခဲ့သည်။
အရေးအကြောင်း ဖုန်းခေါ်ဖြစ်အောင်ခေါ်ဖို့အတန်တန်မှာခဲ့ခြင်းကြောင့် အခု ဖုန်းသံကြားတော့ .....
ထိုနေ့သည်ကာ...၅ ရက် ၆လ ၂၀၁၄ ကြာသပတေးနေ့

ဖုန်းကိုနားထောင်လိုက်တော့ ငယ်မဟုတ်ပေ။ ကိုနေမျိုးရေ နီလာ ဝမ်းတွေသွားပြီး အန်နေလို့
အဲ့ဒါ ဆေးရုံသွားမယ်ဆိုလို့လှမ်းပြောတာဟု ငယ့် ရုံးမှ လုပ်ဖော်ကိုင်ဖက် ညီမတယောက်၏ 
အသံလည်း ကြားရော ကျွန်တော် ဘာမှ မစဉ်းစားနိုင်တော့ မန်နေဂျာကို ခွင့်တောင်းကာ 
Taxi oncall ခေါ်ပြီး ငယ့်ရုံးကို ပြေးရလေတော့သည်။ငယ့် ရုံးကိုရောက်တော့ မျက်နှာလေးက ဖြူဖျော့နေပြီ
အန်တာလည်း သုံးလေးကြိမ် ဝမ်းသွားတာကလည်း သုံးလေးကြိမ်ဆိုတော့ လူကသိပ်မလှုပ်နိုင်တော့ပေ။ သူဌေးကိုပြောပြီး ချက်ချင်းပဲ ဆေးရုံသွားဖို့စီစဉ်ကြရ တာပေါ့ ငယ့်ရုံးကလူတွေလည်း ပြာယာခပ်နေကြလေပြီ။ သူတို့သည် ငယ့် ၏ကိုယ်ရံတော်များဖြစ်ကြ သည်မို့အားလုံးက စိုးရိမ်ပူပန်စွာဖြင့် အနားမှာဝိုင်းရံနေကြတော့ မြန်မာဆိုတာအရေးကြုံရင်ချစ်စရာ 
ကောင်းတဲ့စိတ်ဓါတ်လေးတွေ ပိုင်ဆိုင်ကြပါလားဆိုတာတော့ မှတ်ယူနိုင်ခဲ့ရတယ်။

KKH သို့ရောက်လေပြီ။အရေးပေါ်ကိုပြေး အရေးပေါ်ကိုရောက်တော့(၃၃)ပတ်ကျော်နေပြီဖြစ်တဲ့ ကိုယ်ဝန် သည်ဆိုရင်အရေးပေါ်ကိုသွားလို့မရတော့ဖူးဆိုတဲ့ ဗဟုသုတတခုတိုးလာပြီးနောက် မွေးခန်းဖြစ်တဲ့ Delievery Suite ကို တန်းသွားရတော့တာပေါ့ ဟိုရောက်တော့ ငယ့်ကို အထဲခန်းထဲခေါ်သွားပြီး စမ်းသပ် စစ်ဆေးကြတယ် ။ အဓိက ထားစစ်တာတော့ ကလေးကိုပါပဲ.. ကလေး နှလုံးခုန်နှုန်းနဲ့ ကလေးဘာဖြစ်လဲ ဆိုတာ အဓိက ထားစစ်ဆေးပြီး ဘာမှမဖြစ်ကြောင်း..သမီးလေးကအေးအေးဆေးဆေး နေကောင်းကြောင်း အမေအတွက်လိုအပ်တဲ့ဆေးတွေပေးလို့လင်မယားနှစ်ယောက်ပြန်လာခဲ့ကြတယ်။ ကံကောင်းတာတခုက မသိစိတ်ကပဲပြောနေခြင်းလား... မသိစိတ်က ဇနီးသည်ကို ဆေးခွင့်နှစ်ရက်တောင်းလိုက်ခြင်းရယ်၊
ဆေးရုံကအပြန်သိပ်နေမကောင်းချင်သောကိုယ့်အတွက်ဆေးခန်းဝင်ပြမယ်ဆိုတဲ့ စိတ်ကူးက တိုက်ပွဲဝင်ဖို့အစရဲ့အားယူစေလိုကြောင်း နိုးဆော်လိုက်တဲ့ မသိစိတ်တခုပါပဲ။ လင်မယားနှစ်ယောက်လုံးဆေးခွင့်
နှစ်ရက်စီမို့ဒီတပတ် စနေ တနင်္ဂနွေအပါအဝင် လေးရက်လုံး အေးအေး ဆေးဆေး နားရတော့မယ်ဆိုတဲ့ စိတ်နဲ့ ပျော်မြူးးရင်း အိပ်ပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ ထမင်းစားသောက်ပြီးငယ့်ကိုညဆေးလေး
တိုက်လို့လင်မယားနှစ်ယောက်စောစီးစွာ အိပ်ရာဝင်ခဲ့ကြတယ်။
ဤသည်ကာ တိုက်ပွဲခေါ်သံရဲ့အစ...

တိုက်ပွဲခေါ်သံစလေပြီ....
မနက်မိုးလင်းတော့ ဇနီးသည်က စောစီးစွာအိပ်ရာထနေပြီ ဘေးတွင်မရှိတော့..သိပ်မကြာဘူး။  
နောက်ဖေးဖက်က အသံကြားရလေတော့သည်။
အမေ... သမီး ရေမွှာပေါက်ပြီထင်တယ် ရေတွေဆင်းလာတယ်ဆိုတဲ့အသံကြားတာနဲ့ ကုတင်ပေါ်ကနေ ဘယ်လိုဘယ်ပုံအောက် ရောက်သည်မသိ နောက်ဖေးဖက်သို့ပြေးသွားတော့အမေတွဲလာတဲ့ဇနီးက 
ဆီးသွားတာ ပြီးလို့ရေဆေးပြီးထလိုက်တော့ ပေါင်ရင်းဖက်ကို ရေတွေစီးလာတော့ စိတ်ထဲဆီးကျန် လို့များလားဆိုပြီး စိတ်ထင်ပေမဲ့လမ်းလျှောက်တိုင်းဆင်းနေတာမို့သူစိတ်ထဲရေမွှာပေါက်ခြင်းသာဖြစ်ရမည်ဟုဆိုမှအိပ်ရာခင်းကိုသေချာကြည့်မိကြသည်။ ရေကွက်ကြီးကနည်းနည်းနောနော မဟုတ်ပေ။
အမေလည်းပတ်သက်ရာမိတ်ဆွေတွေမေး တော့ သေချာပြီ ရေမွှာပေါက်ခြင်းပင်။ ဘာမှမတွေးအားတော့ပဲ ထည့်စရာ အဝတ်လေးတစုံလောက်နဲ့ ပိုက်ဆံအိတ်ယူပြီး ဆင်းတော့ အမေက ပုဆိုးနှစ်ထည်လှမ်းပေး သည် လိုရမယ်ရယူသွား သားရေတဲ့။ Taxiဌားပြီးချက်ချင်းဆေးရုံပြေးရ လေတော့သည်။အမေ့ရဲ့ ပုဆိုးနှစ်ထည် အောက်မှာခင်းပြီး ငယ့်ကို ထိုင်စေခဲ့ခြင်းက ကားသမားအပြောခံရမဲ့ကိန်းက လွတ်မြောက်စေခဲ့တယ်။
ဆေးရုံရောက်လို့ ကားပေါ်ကဆင်းတော့ ပုဆိုးနှစ်ထည်လုံးရွဲရွဲကိုစိုနေခဲ့လေပြီ။ Wheel Chair ပြေးယူပြီး Delievery Suite ကို တန်းပြေး ဟိုရောက်တော့ နပ်စ်က ဘာဖြစ်လို့လဲ water bag broken ရေမွှာပေါက် တာလို့ ပြောတာနဲ့ နပ်စ်မတွေရဲ့လှုပ်ရှားမှုက ငြိမ်သက်နေတဲ့ကန်ရေပြင်ကို ခဲတလုံးပစ်ချလိုက်သလို water bag broken လို့ပြောပြီးတာနဲ့ချက်ချင်း နောက်တယောက်ကို ခေါ်ပြီး ငယ့်ကို တွဲထူတော့ရေတွေ တလဟောဆင်းလာ ပြန်ရော။ကျွန်တော်လည်းပါလာတဲ့ပုဆိုးနှစ်ထည်နဲ့ထုတ်သုတ်တော့..,
မလုပ်ပါနဲ့ ထားလိုက်ပါ သူတို့လူလွှတ်လုပ်ခိုင်းလိုက်မယ် ရော့ မင်းအတွက်အမျိုးသားကဒ် ဆိုပြီး ဝင်ခွင့် ကဒ်လေးပေးလို ့ မွေးခန်းထဲဒရောသောပါးပြေးကြလေ တော့သည်။ မွေးခန်းထဲရောက်တာနဲ့
ငယ့်ကိုယ်ပေါ်ကအဝတ်အစားတွေအကုန် ချွတ်ခိုင်းပြီးသူတို့ပေးတဲ့အဝတ်ဖြူနောက် စည်းလေးပေးဝတ် ခိုင်းပြီး ချက်ချင်းဆိုသလို ကလေးနှလုံးခုန်နှုန်း ကလေးတိုးနှုန်းကို စမ်းသပ်ပြီး မော်နီတာလုပ်ရင်းဆရာဝန်
အလာကို ရင်ခုန်လှိုက်မောစွာစောင့်စားနေရသည်။ကျွန်တော် ခြေလက်များတုန်ရီလျက် ဇနီးသည် မျက်နှာက ဖြူလျော့လျက်....
ထိုနေ့က ၆ ရက် ၆ လ ၂၀၁၄ သောကြာနေ့ပေါ့

ဒီလိုနဲ့ ဆရာဝန်ရောက်လာပြီး စစ်ဆေးတော့ water level ကတော့ ကျလာနေပြီ ကလေးနှလုံးခုန်နှုန်း ကလည်း ပုံမှန်.. ခက်တာက ကလေးတိုးနှုန်းမရှိသေး သမီးလေးသည် သူ့အမေ ဗိုက်ထဲ၌ ငြိမ်းချမ်းစွာ အိပ်မောကျနေတုန်း..ဆက်လက်စောင့်ကြည့်ရုံမှတပါး အခြားမရှိတော့ပေ။ ဒီလိုနဲ့ ပဲ ကျွန်တော်တို့လင်မယား Delievery Suite ထဲမှာ တနေလုံးစောင်ကြည့်နေရသည်။
နပ်စ်မများကလည်း ဝင်လာလိုက် ထွက်သွားလိုက် မော်နီတာလုပ်လိုက် သမီး နှလုံးခုန်နှုန်းကို ကြည့်လိုက်
သမီးလေးတိုးနှုန်းကို တိုင်းလိုက်နဲ့ တချက်ကလေးမှ မလစ်ဟင်းပဲ မော်နီတာလုပ်နေတော့ စိတ်ပူပေမဲ့
ခြေလက်တုန်နေတာတွေတော့ လျော့ပါးလာခဲ့ရတယ်။ ဇနီးသည် မျက်နှာလေးလည်း ပန်းသွေးရောင်
ပြန်သန်းလာပြီး ပုံမှန်နီးပါးပြန်ဖြစ်လာတော့တယ်။ အမေတို့စီကို အကြောင်းကြား ကလေးက မမွေးနိုင်သေးကြောင်း အမေ့ချွေးမ သက်သာတယ်ဆိုတဲ့ အကြောင်း ပြောပြရင်း စောင့်စားလာလိုက် တာ သောကြာနေ့ကို အချိန်တွေက ဝါးမြိုလာခဲ့လေပြီ။
ည ၇ နာရီလောက်တွင် တာဝန်ကျ ဆရာဝန်မ ရောက်လာပြီး မော်နီတာ လုပ်ထားသော Results တွေကို
ကြည့်ပြီး ကလေးက နှလုံးခုန်နှုန်းက ပုံမှန်ပဲ ဒါပေမဲ့ တိုးနှုန်းက လုံးဝမရှိသေးတဲ့အတွက် ဒီညတော့
ဘယ်လိုမှ မမွေးနိုင်သေးကြောင်း ရေလယ်ပယ်ကတော့ နည်းလာပြီ ဖြစ်တဲ့အတွက် သူတို့တွေ ဆက်လက်စောင့်ကြည့်ရမှာမို့ဒီညတော့ ward ထဲကို ပြောင်းနေပေးရမဲ့အကြောင်းပြောလာတော့ ဘာမှမတတ်နိုင်တော့လင်မယားနှစ်ယောက် တယောက်လက်တယောက်ဆုပ်ကိုင်အားပေးရင်း ward(34)ဆီသို့နပ်စ်မ တယောက်အကူအညီနဲ့ပြောင်းလာခဲ့ရတော့သည်။ ward ထဲကိုပြောင်းလာရသည်
ဆိုပေမဲ့ ကလေးရဲ့တိုးနှုန်း ကလေးနှလုံးခုန်နှုန်းကိုတော့ နပ်စ်မများက သုံးနာရီခြားတခါ မော်နီတာ လာလာလုပ်ပေးနေပြီး နေရတာ အဆင်ပြေရဲ့လား ဗိုက်ထဲကနာလား ဆီးသွားချင်လျှင် အချိန်မရွေး သူတို့ကို ခေါ်နိုင်ကြောင်း တဖွဖွမှာပြီး ကျွန်တော်ကို တော့ စိတ်မကောင်းပါဘူး တညလုံးတော့ ဒီမှာနေလို့မရတဲ့အတွက် ညရှစ်နာရီ အထိတော့ ခွင့်ပြုပါကြောင်း ပြီးရင်စိတ်ချလက်ချ အိမ်ပြန်နားလိုက် ပါတဲ့.. မင်းဇနီးသည် မမွေးနိုင်သေးသလို မင်းကလေးဟာလည်း ပုံမှန်ဖြစ်နေပါတယ်လို့ဂျူတီတာဝန်ကျ နပ်စ်မလေးက မော်နီတာမှ results များကို ကြည့်ရင်းအားပေးစကားတွေ ပြောပြနှုတ်ဆက်နေလေပြီ။
ဆိုလိုသည်က ကျွန်တော်အိမ်ပြန်ရုံမှတပါး တခြားမရှိနိုင်တော့ပေ။

အဖေအမေတို့အလာကို ခဏစောင့် ပြီး အဖေ အမေတို့သူတို့ချွေးမ ကို အားပေးစကားပြော.. ဇနီးသည်ကို ဒီမှာ တညလုံးနေလို့မရတဲ့အတွက် ပြန်ရမဲ့ အကြောင်းပြောတော့ ညှိးငယ်သွားတဲ့ ဇနီးသည် မျက်နှာကို ကြည့်ပြီး စိတ်မပူပါနဲ့ နပ်စ်မတွေလေးရှိတယ် အချိန်မရွေးဖုန်းခေါ်လိုက်နော် ..
အပြေးလာခဲ့မယ်လို့တဖွဖွပြောရင်း ခြေလှမ်းတို့သည်အိမ်ပြန်လမ်းစီသို့ဝိညာဉ်မဲ့ လျှောက်လှမ်းနေမိသည်။
အဖေနဲ့အမေကလည်း ကျွန်တော်ကို စိတ်မပူဖို့ဖျောင်းဖျရင်း အိမ်ပြန်လာခဲ့ ကြတယ်။ ညတာရှည်တယ်ဆိုတာ တသက်နဲ့တကိုယ်ဒီတခါ မှတ်မှတ်ရရ ကြူံဖူးလေပြီ။တညလုံးလည်း အိပ်မပျော်.. မိုးလင်းပါစေလို့သာ ဆုတောင်းနေမိတော့တယ်။ ဒီလိုနဲ့ မိုးလင်းသွားသည် တရေးမှ မရပေမဲ့
တက်ကြွတဲ့ခြေလှမ်းတွေနဲ့ လိုအပ်တာ လေးတွေကျောပိုးအိတ်ထဲထည့်လို့ဆေးရုံးကို အပြေးသွား ဟိုရောက်တော့အိပ်ရာနိုးပြီး မနက်စာစား ချစ်ဇနီးအနား ဖေးကူနေပေးတုန်း နပ်စ်မလေးက ကလေးနှလုံးခုန်နှုန်းကောင်း ပါတယ်။ရေလည်ပယ်ကတော့ ဆင်းလာပြီ တိုးနှုန်းကတော့ မရှိ၊ မင်းရဲ့သမီးက အိပ်ပျော်နေသေးတယ်တဲ့..တအောင့်နေ တာဝန်ကျ ဆရာဝန်မ လာရင် ငါသေချာပြောပြ လိုက်ပါ့မယ်။ ဆက်စောင့်ရပေအုံးမယ် အတွေးထဲကတော့ ဒီနေ့ကို မွေးစေချင်နေပြီ။
စနေနေ့ကျွန်တော်နဲ့ မွေးလတူ မွေးနေ့တူဖြစ်စေဖို့ဒီနေ့သာ လာပါတော့ သမီးရယ်လို့
ကြိတ်ဆုတောင်းနေမိပါတော့တယ်။

ဆုတောင်းမဲ့သာတောင်းရသည် ဇနီးသည်ကို မော်နီတာလုပ်နေသော
စကရင်ပေါ်တွင် သမီးနှလုံးခုန်နှုန်းက ပုံမှန်လေးသာ တိုးနှုန်းဆိုတာကတော့ ငြိမ်နေသည်။ မဖြစ်နိုင်သေးပေမဲ့ ရေလယ်ပယ်ဆင်းနေတဲ့အတွက် ကံကြမ္မာက ကျွန်တော်တို့သားအဖကို တူညီခွင့် ပေးနိုင်ပါ၏လော။ တာဝန်ကျဆရာဝန်မလာလေပြီး စောနက နပ်စ်မလေးရှင်းပြသွားသည့်
အတိုင်း ကလေးရဲ့အခြေအနေကိုပြောပြပြီး မွေးဖွားဖို့အတွက်က ဒီတညတော့ ထပ်စောင့်ကြည့်ရမည်။ ဘာလို့စောင့်ရသလဲဆိုတာကိုရှင်းပြတော့ ခြေလက်များသည် တုန်ရင်လာသည်။
သမီးလေးသည် (၃၃) ပတ်ကျော်ကျော်သာရှိသေးသည်။ မွေးဖွားဖို့လုံခြုံစိတ်ချမှုသည် 
(၃၄) ပတ်နဲ့ အထက်မို့ သူတို့(၃၄) ပတ်ရောက်အောင်ဆွဲခေါ်ယူနေခြင်းမို့ ကျဆင်းလာတဲ့ရေလည် ပယ်နဲ့ ကလေးတိုးနှုန်း အနေအထားပေါ်မူတည်ပြီး ဒီညလောက်ကျရင်တော့ ဆေးသွင်းပြီး ဗိုက်နာစေ ကာ မွေးနိုင်ဖို့မျှော်လင့်ကြောင်း ပြောလည်းပြော စိတ်မပူဖို့လည်း ထပ်ခါတလဲလဲ ပြောဆိုနေပေမဲ့ ကျွန်တော် ကတော့ ကြားတချက်မကြားတချက်နဲ့ ခေါင်းကိုသာ တွင်တွင်ငြိမ့်နေမိသည် ထင်၏။
သူတို့ထွက်သွားတော့ဇနီးသည်ကို တခါပြန်လည်ရှင်းပြရင် တယောက်လက် တယောက်တွဲလို့ရင်ဆိုင်ရန် သာ အသင့်ပြင် ခွန်အားများမွေးကြရတော့သည်။ တူနှစ်ကိုယ် အားတင်းထားပေမဲ့ စိတ်အစဉ်
အမိုက်မှောင်ကို မကြည့်ရဲ့မျက်လုံးမမှိတ်ရဲ ဘာဆိုဘာမှမတွေးတောရဲ..
ဇနီးသည် ဗိုက်ကလေးကို သာပွတ်သပ်ရင်း ဗိုက်ထဲက သမီးကို အရူးတယောက်လို တောင်စဉ် ရေမရ အစီအစဉ်မကျတဲ့ စကားတွေပြောရင်း ကုတင်ဘေးမှာ ထိုင်လို့.....

နာရီတွေများရပ်နေ၏လော.. အချိန်တွေသည် ကုန်ခဲလှသည်ဟု ထင်မှတ်မိသည်။ဇနီးသည်ဘေးမှာနေ
လိုအပ်သမျှ ပြုစုနေသလို နပ်စ်မလေး များကလည်း အချိန်မှန် သွေးပေါင်ချိန် ကလေးနှလုံးခုန်နှုန်းတိုင်းတာ
ကလေးတိုးနှုန်းတွေကို မော်နီတာလုပ်နေရင်းနဲ့ပဲ စနေဆိုတာကို အမှောင်ဖုံးမို့နေဝင်စ ပြုလာခဲ့လေပြီ။ သမီးလေးသည် အိပ်ပျော်လို့ကောင်းတုန်း.. မေမေဗိုက်ထဲတွင် အေးချမ်းစွာနေချင်တုန်း.. 
ဒါပေမဲ့ အခြေအချိန်အခါက သမီးလေးကို လူ့လောကထဲစောစီးစွာရောက်လာ ဖို့အကြောင်းဖန် လာခဲ့လေပြီ။ နပ်စ်မလေးများလည်း အသီးသီး ဂျူတီချိန်းကြပြီ ညဂျူတီနပ်စ်မလေး များက လိုက်လံ နှုတ်ဆက်မိတ်ဆက် နေလေပြီ။ဇနီးသည်အတွက်ပင် ညစာ လာပို့နေပြီ။ ကျွန်တော်အတွက်ကတော့ လက်ဖက်ရည်တခွက်သာ ဗိုက်ထဲရှိပေမဲ့ အလိုလို ရင်ပြည့်နေတော့ ဘာမှကို စားချင်စိတ်မရှိပေ။ 

နပ်စ်မလေးက ကျွန်တော်ကို ခေါ်တွေ့ကာ တာဝန်ကျဆရာဝန်မက ပြောပါတယ်.. ဒီညမှာ ဆေးသွင်းပြီး မွေးဖွားဖို့သေချာပါပြီတဲ့ သူတို့ဆက်လက်စောင့်ဖို့အနေအထားက
ရေလည်ပယ်နဲ့ ကလေးအခြေအနေကြောင့် ဒီညတော့ မွေးဖွားဖို့ဖြစ်လာခဲ့ပြီ။ ဒီညမွေးရင်တော့ 
အဖေ့သမီးလေးက စနေသမီးလေးပေါ့။ ဇနီးသည်ကို ကြည့်တော့ ဘာမှ ဗိုက်နာတဲ့ အရိပ်အယောင် ဘာမှမပြပေ။ ဒီညတော့ ဘယ်လိုနည်းနဲ့မှ အိမ်ပြန်ရန်မဖြစ်ပေ။အချိန်သည် လည်းဧည့်တွေ့ချိန် ကုန်ဖို့ သိပ်မလိုတော့ အဖေနဲ့ အမေကို ဖုန်းဆက်လို့ အကြောင်းကြားကာ အနွေးထည်တထည်နဲ့ ဂွမ်းစောင်လေး
တထည်ထည့်လာပေးရန်ပြောရသည်။ သေချာသည်က ကျွန်တော် ဒီညတော့ ဆေးရုံမှာ အိပ်ရတော့မည်။

အဖေနဲ့အမေရောက်လာကာ အားပေးနှစ်သိပ်ရင်း ဧည့်တွေ့ချိန်ကျော်လွန်ပြီ မို့သူတို လည်းပြန်သွားလေပြီ
အမေကတော့ စိုးရိမ်တတ်သူပီပီ ဖုန်းဆက်ဖို့တဖွဖွမှာရင်း ထွက်ခွာ သွားကြတော့ ကျွန်တော်တယောက်
တည်းသာ ကျောပိုးအိတ်တလုံးနဲ့ KKH တွင် ယောင်လည်လည်ဖြစ်နေပြီး ဘာလုပ်လို ့ဘာကိုင်ရမည် 
စဉ်းစားမရဖြစ်ရလေသည်။နောက်ဆုံး Mc Donlad ဆိုင်တွင် ဝင်ထိုင်ကာ ဘာဂါတခုနဲ့ကော်ဖီတစ်ခွက်
သောက်ရင်းအချိန်တွေကို ကုန်ဆုံးစေဖို့ဆုံးဖြတ်လိုက်ရသည်။ မိတ်ဆွေ တိုက်ဆိုင်ခဲ့လို့ KKH ရဲ့Mc Donladဆိုင်ထောင့်တနေရာလေး မှာ ကျောပိုးအိတ်လေးဘေးမှာချ အနွေးထည်လေးနဲ့ ကုပ်ကုပ်လေး
ထိုင်နေပြီး ပူပန်နေတဲ့ မျက်နှာထားနဲ့ အရိပ်ကလေးတခုတွေ့ခဲ့မယ်ဆိုရင် ကျွန်တော်ကိုယ်ရိပ်ယောင်ပါ။
ကျွန်တော်ရှေ့မှာ အေးစက်နေတဲ့ ကော်ဖီတခွက် တဝက်တပျက် ဘာဂါတလုံးသည် အဖော်မဲ့နေသလို
ကျွန်တော်ကတော့ ဖုန်းကနာရီကို ကြည့်လိုက် ဇနီးသည်ခေါ်မဲ့ အချိန်ကို မျှော်ရင်း ဖုန်းကိုသာ စိုက်ကြည့်နေ မိတော့တယ်။ KKH သည်လည်း တဖြည်းဖြည်း တိတ်ဆိတ်စပြုလာပြီ လူတွေလည်း တဖြည်းဖြည်း နည်းပါး လာလေတော့သည်။ ''ဆိုင်တွေလည်းပိတ် လူခြေတိတ်ပြီ ကျွန်တော်ကိုမြန်မြန် ဖုန်းခေါ်ပါတော့ ''...
၂၄ နာရီ ဆိုင်ကိုရွေးခဲ့မိခြင်းက ကျွန်တော့်အတွက်အဆင်ပြေလှသည် အချိန်နာရီသည်လည်း ည ဆယ်တစ်နာရီထိုးဖို့နီးကပ်လာပြီ ဇနီးသည်ထံမှ ဘာမှမသိရသေး အတွေးတွေလုံးလည်ချာလည်လိုက်
နေတုန်း ဖုန်းသံမြည်လာခဲ့တော့ ..My Lucky Pig ....
အခုသူတို့ Delievery Suite ကိုသွားနေတဲ့အတွက် DS မှာလာ စောင့်နေပါ ဆိုတာနဲ့ ဘာမှ မစဉ်းစား
ကျောပိုးအိတ် ကောက်လွယ်လို့တချို့တည်း ပြေးတော့သည်။
ဟိုရောက်တော့ သူတို့နဲ့ တန်းတိုးကာ နပ်စမလေးက အမျိုးသားလား..ဒါဆို ရော့ ဝင့်ခွင့်ကဒ် ဟုဆိုကာ
မွေးခန်းထဲသို့ဒုတိယအချိန် ပြန်လည်ရောက်ရှိလာခဲ့ရပြန်ပါပြီ။ ဇနီးသည်ကတော့ ဗိုက်နာခြင်း
အလျင်းမရှိ ပကတိအေးစက်လျက် သမီးလေးသည်လည်း အေးချမ်းစွာ အိပ်စက်နေနေ တုန်းပါပဲ။
ကျွန်တော်မှာသာ ပြေးလာခဲ့ရလို့မောပန်းခြင်းနဲ့အတူ လှိုက်ဖိုနေသော ရင်ကိုငြိမ်အောင်ထိန်းလို့ ကုတင်
ဘေးမှာခဏထိုင် ဇနီးသည် နဖူးပြင်လေးကို တချက်နမ်းရင်း အမောဖြေနေမိတော့သည်။

စက္ကန့်ကို မိနစ်ကဝါးမြို မိနစ်ကို နာရီက တိုက်စား အချိန်တွေလုံးပါးပါးလာခဲ့ပြီ။ D-S ထဲရောက်ခဲ့သည်မှာ
တနာရီနီးပါးရှိလာလေပြီ။ ချစ်ဇနီးသွင်ပြင်ကဘာမှထူးခြားမှု မရှိသေးပေ။နပ်စ်မတွေကတော့ သူတို ့ရ့ဲ တာဝန် ဝတ္တရားမလစ်ဟင်းစေရပဲ ကလေးနှလုံးခုန်နှုန်း၊တိုးနှုန်းကို အမြဲတမ်းမော်နီတာလုပ်နေလေသည်။
ကျွန်တော်ဖုန်းကို ထုတ်ကြည့်မိတော့ ဇီးရိုး ဇီးရိုး ဇီရိုး ဇီရိုး ဆိုတဲ့အရာက သမီးလေးသည် စနေသမီး ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကိုညွန်းဆိုနေခြင်းလား။ သိပ်မကြာလိုက်ပါတာဝန်ကျဆရာဝန်မ
ရောက်ရှိလာပြီး၊ကလေးနှလုံးခုန်နှုန်း ကလေးတိုးနှုန်းများကို စစ်ဆေးပြီး ချစ်ဇနီးအား သားအိမ်ပွင့်ဆေးဟု မည်သော ပထမဆေးတလုံးစတင်ပေးလိုက်ပါတယ်။ နောက်ထပ်ခြောက်နာရီ စောင့်ကြည့်မယ်.. 
ဒီနှစ်နာရီအတောအတွင်း အိပ်သာမသွားဖို့ပြောဆိုပြီး ပြန်လည်ထွက်ခွာသွားလေပြီ။ တိုက်ပွဲခေါ်သံစလေပြီ။ ဆေးသွင်းပြီး နာရီဝက်လောက်ကြာတော့ ချစ်ဇနီးမှာခံစားမှုတမျိုးခံစားရတယ်၊ ဘယ်လိုကြီးမှန်းမသိဘူးလို့ ဆိုလာတော့ ကျွန်တော်သိလိုက်ပြီ၊ ဆေးစွမ်းပြလေပြီ။ ကျွန်တော်လည်း ဇနီးသည်လက်ကိုကိုင်ဆွဲလို့မတတ်တတတ် ဂါထာတွေရွတ် ဘုရားစာတွေလည်း ရှေ့နောက်မညီ
တဖြည်းဖြည်း နဲ့ ဗိုက်နာတယ်ဆိုတာကို ခံစားလာခဲ့ရပြီ။ ဒါပေမဲ့ ချစ်ဇနီးစိတ်ထဲ ရေအိမ်သွားချင်သလိုမျိုး သာခံစားရတယ်တဲ့ နပ်စ်မလေးကို ခေါ်ပြောတော့ ဒါဆို ဗိုက်စနာပြီး သည်းခံပါတဲ့။

မနက်... တနာရီ...နည်းနည်းလေးသိသာ.. နှစ်နာရီ... နည်းနည်းတိုးလာ.. သုံးနာရီ... နည်းနည်း..
လေးနာရီ... နည်းနည်း ..နည်းနည်းလေး နည်းနည်းလေးပဲ နာနေရင်း အချိန်တွေသည် တဖြည်းဖြည်း ကုန်ဆုံးမှန်း မသိကုန်လာခဲ့လေပြီ။ သမီးလေးကတော့ အိပ်မောကျနေတုန်း နှလုံးခုန်နှုန်း ပုံမှန် ....
တခါတလေသာ မြန်လာသည် နှလုံးခုန်နှုန်း မြန်လာလျှင် တိုးနှုန်းမြင့် လာပြီ ဗိုက်နာလည်းပိုစိပ်လာတတ်
သည်။ မနက်ခြောက်နာရီသာထိုးသွား သည် ဗိုက်သိသိသာသာမနာ.. ကလေးက သိသိသာသာမတိုးပေ။
တာဝန်ကျဆရာဝန်မလေး ပြန်ရောက်လာပြီး နပ်စ်မနဲ့စကားတွေပြောဆိုပြီးတာနဲ့ ဒုတိယ ဆေးတလုံး ထပ်သွင်းမို့ ပြင်ဆင်ကာ ဇနီးသည်ကို ဒုတိယဆေးတလုံး ထပ်မံသွင်းပေးလိုက်တော့သည်။
ဤသည်ကာ ကျွန်တော်အားတိုက်ပွဲအလည်မှာ မျက်ကလဲဆန်ပြာဖြစ်စေမဲ့ ဒုတိယမိဆေး
ဆိုတာ ကျွန်တော်သိခွင့်ရခဲ့ပါတော့တယ်။ ဆေးသွင်းပြီး သိပ်မကြာလိုက် အချိနိအားဖြင့်နာရီဝက်လောက် တွင် ချစ်ဇနီးမျက်နှာတချက်မဲ့သွားတော့ ဘာဖြစ်လို့လဲ ဘယ်လိုနေလဲ ဆိုတော့...တမျိုးကြီးပဲ အထဲမှာ တိုးနေသလို ဝမ်းသွားချင်သလိုကြီးဖြစ်လာနေတယ်။ ဒါဆိုစတော့မယ် သတိလေးနဲ့ ဘုရားစာလေး ရွတ်နေပေါ့လို့အားပေးနှစ်သိပ်ရင်း ကုတင်ဘေးမှာနေ သူ့လက်ကလေးကို ဆုပ်ကိုင်လို့
သူ့မျက်နှာလေးကို စိုက်ကြည့်နေမိတော့တယ်။

ခုနှစ်နာရီ အားကနဲ့တချက်.. ရှစ်နာရီ ကျွတ်ကျွတ်အသံလေးထွက်လာ..ကိုးနာရီ ကိုကိုရေ အား...နာတယ် ..အမလေး နာတယ် ကျွန်တော် မော်နီတာကို ကြည့်လိုက်တော့ သမီး နှလုံးခုန် နှုန်း မြန်လာသည်နဲ့ အမျှ တိုးနှုန်းတက်ကာ ဗိုက်နာလေတော့သည်။ ကျွန်တော်လည်း မော်နီတာကို ကြည့်
ဖြည်းဖြည်းခြင်း တက်လာပြီ ဆိုတာနဲ့ လာပြီ နာပြီ သတိ သတိလို့သူ့ကို လှမ်းသတိပေး သူကလည်း ကိုယ်ပြောတဲ့ တိုင်ပင်နဲ့ စိတ်ကိုထိန်း လင်မယားနှစ်ယောက် ဟုတ်တော့ဟုတ်နေတာပဲ..
အတိုင်အဖောက်ညီလို့ဒါပေမဲ့ တိုးနှုန်းများလာသည်နဲ့အမျှ ကျွန်တော်ခေါ်တဲ့ တိုင်ပင်လည်း မစောင့်နိုင် တော့ အော်လေပြီ .. သူစတင်ကာ အမေကို တနေပြီ .. ကျွန်တော် အခန်းထဲတွင် မော်နီတာ
နားပြေးလိုက် သူ့နားလာလိုက်နဲ့ ဘာကိုင်လို့ကိုင်ရမှန်းမသိ ပြူးပျာ နေတော့ နပ်စ်မလေးက စိတ်ထိန်း 
ဘရို မွေးဖို့လို့ပါသေးတယ်။ သူ သိပ်နာတယ်ဆို ဒီမှာ gas လေး ရှုခိုင်းထားလိုက်ပါ နာတဲ့ အချိန်ကို 
တိုင်ပင်ခေါ်ပြီး gas ရှုထားရင် အနာသက်သာပါလိမ့်မယ်တဲ့ ဟုတ်ပြီ ဟန်ကျပြီ သူနာလာပြီဆိုတာနဲ့ နှာခေါင်းပိတ်လေးနဲ့ mask ကိုတပ်ပေးပြီး ရှုသွင်းခိုင်းလိုက် အနာသက်သာရင် ပြန်ဖြုတ်လိုက်နဲ့ 
ဟုတ်သလိုလို ရှိပေမဲ့ အချိန်လေး နည်းနည်းကြာတော့ ဒီGas ရှုခြင်းသည် လည်း မထိရောက် အသုံးမဝင်တော့ပေ။ 

ချစ်ဇနီးမျက်နှာသည် ဗိုက်နာခြင်းကို ခံစားနေရသည်မှာ သိသာလာလေ ကျွန်တော်မှာ စိတ်လှုပ်ရှား တုန်လှုပ်လာလေမို့ အားတင်းထားပါ နာပြီလား ဒါလေး ရှုနော် ဆိုပြီး တတ်ပေးပေမဲ့ mask ကို လက်ပြန်ရိုက်ထုတ်ပြီး ကျွန်တော်ကို အော်ပါတော့သည်။နာတာက နာတာပဲ ရှုလည်း ဘာမှမထူးဘူး
ဘေးနားက လာပြောမနေနဲ့ နားညီးတယ်တဲ့ ကျွန်တော်က ထပ်တပ်ပေးတော့ ထပ်ရိုက်ထုတ်ခံရပြန်တယ်။ သူဒီလိုပြောလိုက်တော့ ကျွန်တော် စိတ်တွေထူပူသွားတယ် ဝမ်းနည်းမှုက တားဆီးမရသလို မျက်ရည်ပါ လည်လာတယ်။သူ့ဘေးမှာ နှစ်ရက်နဲ့ တညလုံး တမှေးမှမပျော်ဘဲ အတူနေပေးခဲ့ ဒုက္ခခံကာစိုးရိမ် စိတ်တွေ တပွေ့ကြီးနဲ့ နေခဲ့တဲ့ ကိုယ့်ကို အော်ဟစ်ပြောဆိုတော့ စိတ်မကောင်းခြင်းက ရင်ထဲထိစို့တက် လာသည်။ ကံကောင်းခဲ့သည်က ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန် ဆောင်စဉ်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့
စိတ်သဏ္ဍာန်ကို ဖတ်ထားခဲ့မိတဲ့ ကျွန်တော် ချက်ချင်းပဲ စို့တက်လာ တဲ့မျက်ရည်ကို တဖက်လှည့်သုတ်လို့
အပြုံးမျက်နှာနဲ့ ချစ်ဇနီးကို ငယ်လေး ဘာဖြစ်ချင်လဲ ပြော သမီးလေး ကိုယ်တို့စီလာတော့မယ်လေ
အားတင်းထားမှပေါ့ စိတ်ကိုထိန်းလေ ဘာညာ အာရုံလွဲအောင်လုပ်ပေမဲ့ ဗိုက်နာတဲ့ ဝေဒနာကို ဘာမှ ကာကွယ်ပေးနိုင်စွမ်းမရှိတော့ပေ။ဗိုက်နာခြင်းလည်း စိပ်လာလေပြီ။
ကဲ..ဒါဆို ခါးကိုဆေးထိုး၍ အနာသက်သာအောင်သာ လုပ်ရန်သာရှိတော့သည်။အချိန်က ဆယ်တစ်နာရီ စွန်းစွန်း ချစ်ဇနီးကလည်း ဗိုက်နာတာ တဖြည်းဖြည်းတိုးလာနေလေပြီ။ နပ်စ်မကိုသွားခေါ်တော့ နပ်စ်မက 
ခဏလေးသည်းခံပါ တအောင့်နေ ဆရာဝန်မလာပါလိမ့်မယ်။ စစ်စတာ သူဘယ်လိုမှ သည်းမခံနိုင်တော့ ဘူး အက်ပီကျူရယ် ယူချင်တယ်.. တနည်းအားဖြင့် ခါးဆေးထိုးချင်တယ်လို့ပြောပြတော့ အဲ့ဒါလည်း ဆရာဝန်လာရင် ငါပြောပြ ပါ့မယ် ဆိုပြီး ကလေးနှလုံးခုန်နှုန်းနဲ့ တိုးနှုန်းသာ မှတ်သားပြီး ပြန်ထွက် သွားလေသည်။ တကယ် တော့ နေ့စဉ်နဲ့ အမျှ မွေးလူနာတွေနဲ့ နေ နေရတဲ့ နပ်စ်တွေအဖို့က 
ဘယ်အခြေအနေမှာ မွေးနိုင်မမွေးနိုင်ဆိုတာ သူတို့ကပိုသိ ပိုတတ်တယ် နောက်တခုက လူနာ
ဘယ်လောက်ပဲအော်အော် သားအိမ်ကသတ်မှတ်ချက်ထိမပွင့်ရင် မမွေးနိုင်သေးဘူးဆိုတာ သိနားလည် ခဲ့ရတယ်။ 
သိပ်မကြာလိုက် နပ်စ်မနဲ့အတူ ဆရာဝန်မပါ ပြန်ပါလာသည်။ အက်ပီကျူရယ် ယူချင်ကြောင်းပြောတော့
ရေတယ်လေ လိုချင်လုပ်ပေးပါ့မယ် ဒါပေမဲ့ ခဏလေး သားအိမ် အခြေအနေ တချက်လောက် ကြည့် ပြီး ရင်ပြောပါ့မယ်ဟုဆိုကာ ချစ်ဇနီးကို စမ်းသပ်တော့ သားအိမ်က ကိုးစင်တီမီတာ ပွင့်နေလေပြီ.
ဆရာဝန်မက နပ်စ်မကို ကိုးစင်တီမီတာရှိနေပြီ အက်ပီကျူရယ်မရတော့ဘူး.. သိပ်မကြာဘူးမွေးလိမ့်မယ် သူ့ကို မညှစ်ခိုင်းနဲ့အုံး နာနေရင် ခဏလောက် သည်းခံပါပြောပြီး ခပ်သုတ်သုတ်ပြန်ထွက်သွားကြတယ်။
သူတို့နှစ်ယောက်ပြန်ထွက်ပေမဲ့ အဝမှာရပ်ပြီးပြောဆိုနေတာကြောင့် ကျွန်တော်စိတ်တွေလည်း လှုပ်ရှား
ရင်တွေတုန်လာ ချစ်ဇနီးကိုလည်း မညှစ်နဲ့အုံးနော် သားအိမ်ကပွင့်နေပြီ မွေးတော့မှာနော် ငယ်လေး 
အားတင်းထား စိတ်ကိုတင်းထားဟုသာ အားပေးနေရပေမဲ့ ကိုယ်ကိုတိုင်ပင် ခြေလက်တွေ မတည်ငြိမ် ချင်တော့ပေ။ပြန်ထွက်သွားတဲ့ နပ်စ်မ ပြန်ရောက် လာပြီးတာနဲ့ တိုက်ပွဲပေါင်းများစွာ တိုက်ခဲ့ဘူးသော စစ်သူကြီးတယောက်လို ပြင်ဆင်မှုတွေကို တရပ်စပ်လုပ်နေ တာကိုလိုက်ကြည့်ရင်း ပိုရင်မောလာ
မိတယ်။

ကလေးအတွက် ကုတင်လေး အောက်ဆီဂျင်ဗူးအဆင်သင့်ပါသော ကုတင်လေးကို တခါပြင်ဆင်ရပြန် တယ်။ အောက်ဆီဂျင်ပိုက်တွေကိုစစ်ဆေး ပြီးတာနဲ့ ချစ်ဇနီး ကုတင်ပတ်လည်မှာ ခွဲစိတ်ကိရိယာတင်ထား တဲ့ စားပွဲနှစ်လုံးက အရန်သင့်.. ဂွမ်းတွေ ပတ်တီးတွေ ပိုးသတ်ဆေး အရက်ပျံ များစွာသောပစ္စည်းတွေကို နာရီဝက် လောက်အတွင်းပြင်ဆင်နိုင်ခြင်းက သူ့ရဲ့အလုပ်အပေါ် စိတ်ပါဝင်စားမှုကို ဖော်ပြသလို မကြာမှီ အချိန်တွင်းမှာ ကျွန်တော်ရင်ဆိုင်ရမဲ့ တိုက်ပွဲလေး ရဲ့စစ်မြေပြင်တခုဆိုလည်း မမှားပေဘူးပေါ့ဗျာ။
ကျွန်တော်ကတော့ ချစ်ဇနီးကို ဖေးမ ပြောဆိုရင်း ထိန်းထားပါအုံး မညှစ်ပါနဲ့ အုံး အောင့်ထားပါအုံး ခဏလေး ခဏလေးနဲ့ ပြောလိုက် ချစ်ဇနီးလက်ကို အားပေးဆုပ်ကိုင် လိုက်နဲ့ အရူးမီးဝိုင်းနေတော့တယ်။
ချစ်ဇနီးကလည်း အမေရယ် နာလိုက်တာ အမလေး နာလာပြီ.. မရတော့ဘူး ညှစ်ချင်လာပြီ 
အား မရတော့ဘူးညှစ်တော့မယ်နဲ့ အော်ရင်း ဖျစ်ညှစ်ထားတဲ့ကျွန်တော် လက်လည်း နာကျင်မှုကို ကျော်လွန်
ထုံနေသရောင်တောင် ထင်မှတ်ရ လေသည်။
နပ်စ်မပြန်ဝင်လာတော့ ဆရာမရေ မရတော့ဘူး ညှစ်ချင်နေပြီလို့ပြော တယ်ဟုဆိုလိုက်တာနဲ့ ချက်ချင်း
ပြန်အထွက် အဝမှာတော့ ဆုံတွေ့ လိုက်တာက ဆရာဝန်မရယ် နောက်ထပ်ဆရာဝန်တယောက်နဲ့
နပ်စ်မကြီးနှစ်ယောက်.. ပြီးတော့ ကလေးဆရာဝန်တယောက် လက်ရှိနပ်စ်မနဲ့ အာလုံးပေါင်း ခြောက်ယောက် အခန်းထဲမှာ အသီးသီးနေရာယူလျက်လိုက်ကြ သည်။ကိုယ့်တာဝန် ကိုယ်ယူဖို့ အစစအရာရာ ယုံကြည်မှု အပြည်နဲ့ ချစ်ဇနီးကုတင်တွင် မွေးဆရာဝန် နှစ်ယောက်နဲ့ လက်ရှိနပ်စ်တယောက် ကလေးကုတင်နားတွင် နပ်စ်မကြီး နှစ်ယောက်နဲ့ ကလေးဆရာဝန် အားလုံးသည် တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေကြသည်။ မွေးဆရာဝန်မက မင်းကြည့်ရဲလား အတူရှိနေမှာ လား ဟုမေးလာတော့ ငါ့သမီးကို ပထမဆုံးမြင်တဲ့သူဟာ ငါပဲ ဖြစ်ချင်တယ် ငါရှိနေမှာပါ.. ငါ့ဖက်ကလည်း
အဆင်သင့်ပါပဲဆိုတော့ တိုက်ပွဲဝင် ဖို့စတင်လိုက်ကြပါတော့တယ်။

ကျွန်တော်ကချစ်ဇနီးကုတင်ညာဖက်မှာ နေရာယူလို့လက်တစ်ဖက်က ချစ်ဇနီးလက်ကိုလှမ်းကိုင် ကျန်တဲ့
တစ်ဖက်က ပေါင်ကိုကိုင်ထိန်းထားပေးရတယ်။ ဆရာဝန်မက အလည်တည့်တည့်မှာနေရာယူပြီး 
ညာဖက်မှာ အကူဆရာဝန်ရယ် နပ်စ်မရယ်က အသီးသီး နေရာယူလိုက်ကြတယ်။ မွေးဆရာဝန် ကသား အိမ် အတော်ပွင့်နေပြီ..ဒီတော့ ငါ တိုင်ပင်ခေါ်ပေးမယ် မင်းဇနီးကိုပြောပြီး ညှစ် အိုကေ ပေါ့ 
အသက်ကိုပြင်းပြင်းရှု ဟုတ်ပြီ ညှစ် နောက်တခေါက် ဝမ်းတူးသရီး...... ညှစ် မြင်ရလေပြီ သမီးလေးရ့ဲ ဆံစလေး ဆရာဝန်မကလည်း လွယ်ကူအောင် လမ်းကြောင်းလေး ပေးလို ့ ပြီးတာနဲ့ စမယ် 
အသက်ပြင်းပြင်းရှု ညှစ်ဆိုတဲ့ အချိန်မှာ သမီးလေးရဲ့ ဦးခေါင်းလေးအပြင်ကို တော်တော် ထွက်လာနေလေပြီ။ နောက်တခါ ပြင်းပြင်းရှု..... ညှစ်တဲ့အချိန်မှာ ဦးခေါင်း တခုလုံး အပြင်ကိုရောက်ရှိ လာလေပြီ။ မွေးဆရာဝန် ဆွဲထုတ်နေတဲ့အချိန်မှာ ကျွန်တော် တွေ့မြင့်မိတာတခုက ကလေးတွေရဲ့ ဦးခေါင်းဟာ မိခင်ဝမ်းဗိုက်ထဲရှိနေတဲ့အချိန်မှာ ပျော့ပြောင်းပြီး ဘဲတွေ ကြက်တွေ
စဥတဲ့ ဥလေးလို့ပျော့နေတယ်ဆိုတာ သတိထားမိလိုက်တယ်။ ပြင်ပလေနဲ့ ထိတွေ့မှ မာကျောသွားတဲ့ ဥလေးလို သမီးဦးခေါင်းကို ဆွဲထုတ်တဲ့အခါမှာ ဦးခေါင်းခွံက မာတင်းမနေပဲ အလိုက် သင့်လေးထွက် လာတာကိုသတိထား မိလိုက်တယ်။ 

ဒါနဲ့ပဲ ဆရာဝန်မက ဦးခေါင်းကို နောက်စေ့ဖက်ရယ် မေးအောက်ဖက်လေးကနေ လက်နှစ်ဖက်နဲ့ မိုးကိုင်ပြီး ကဲ ထပ်ကြိုးစားလိုက်ရအောင် ဝမ်း တူး သရီး ပြင်းပြင်းရှု...... ညှစ် ချစ်ဇနီးကလည်း ညှစ် ဆရာဝန်မက
လည်း အလိုက်သင့်ဆွဲနဲ့ ဟောဗျာ ကိုယ်လုံးလေးနည်းနည်းထပ်ထွက် လာလေပြီ။ ကိုယ်လုံးလေး ထပ်အထွက်မှာ ဆရာဝန်မက ဖြည်းဖြည်းခြင်း ညှစ်မယ်နော် ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ပိုင်းကို ရောက်နေပြီ ဖြစ်တဲ့ အတွက် အရမ်းကာရော မညှစ်ဖို့ သတိပေးပေမဲ့ နာကျင်မှုဒဏ်နဲ့ ဇောကပ်နေတဲ့မိခင်စိတ်က ကျွန်တော်ခေါ်ပေးတဲ့ တိုင်ပင်ကို မစောင့်နိုင်ပဲ ပြင်းပြင်းရှု အညှစ်မှာ သမီးလေးရဲ့တကိုယ်လုံးဟာ ဝေါကနဲ့ ထွက်ကျလာချိန်နဲ့ ဆရာဝန်မရဲ့နိုးနိုး ဆိုတာက
တားဆီးနိုင်စွမ်းမရှိတော့ ဆရာဝန်မ လက်ထဲတွင် သမီးလေးသည် ချက်ကြိုးတန်းလန်းနဲ့ လှုပ်နေလေသည်။ 

ဆရာဝန်မက ကလေးကို အကူဆရာဝန်လက်ထဲပြောင်းထည့်ပြီး ဘယ်လက်တဖက်က ချက်ကြိုးကို 
ဖိညှပ်ထားပြီး နောက်တဖက်က ချက်ကြိုးအထက်ကို ညှပ်ကလစ်တခုနဲ့ ညှပ်ပြီးတာနဲ့ အလည်ကနေ ကပ်ကြေးလေးနဲ့ ဖြတ်ချလိုက်တဲ့ အသံလေး ကျွန်တော်နားထဲမှာ ခုထိစွဲမြည်နေတုန်းပဲ ဖြတ်ပြီးတာနဲ့ 
ကလေးကို ကလေးဆရာဝန်လက်ထဲပြောင်းထဲ့ ပေးလိုက်ပြီး ကလေးကို သန့်ရှင်းရေးလုပ် ကိုယ်လက်အင်္ဂါ စုံမစုံ စစ်နေတဲ့အချိန်မှာ မွေးဆရာဝန်က ဘယ်လက်က ညှပ်ထားတဲ့ ချက်ကြိုးကို မြဲမြံစွာကိုင်လို့
အထဲတွင် အချင်းကျန်နေသေးတယ်။ ဒီတော့ မင်းမိန်းမကို ပြောပါ စောန ကလေးညှစ်သလိုမျိုး တခါညှစ်ခိုင်းပါအုံး ဆိုသည်နဲ့ 123 ပြင်းပြင်းရှု.... ညှစ်လိုက်တာ ဝေါကနဲ အောက်ဖက်မှာ ခံထားတဲ့ စတီးဇလုံကြီးထဲ အချင်းက အထွေးလိုက် ထွက်ကျလာတယ် ရေမွှာက ရေရယ် သွေးတွေရယ်က
တလဟောစီးဆင်း နပ်စ်မကလည်း ဂွမ်းထုတ်တွေနဲ့ သုတ်သင်ဖိထား ရေစက်တွေ သွေးစက်တွေကလည်း ကျွန်တော်မျက်နှာဝယ် ဟိုတစက် ဒီတစက် ဒီဖက်မှာ ဒီလိုတိုက်ပွဲဖြစ်နေစဉ် အခြားတဖက်မှာ အူဝဲ အူဝဲလို့
စူးဝါးစွာအော်ငိုသံက သာယာလိုက်တဲ့ ဖြစ်ခြင်းဗျာ ကျွန်တော်တသက် ဒီအသံလေးက အချိူမြိန်ဆုံးပဲ ...
ချစ်ဇနီး နဖူးက ချွေးစက်တွေကို သုတ်ပေး အနမ်းလေးပေးရင်း သမီးလေးတော့ ကိုယ့်တို့မိသားစုထဲ ကို ရောက်လာခဲ့ပြီး ငယ်ရေ..ကလေးဆရာဝန်နဲ့ နပ်စ်မကြီးနှစ်ယောက် အလုပ်တွေရှုပ်နေကြပြီး 
ပြီးတော့ မွေးချိန် ၁၂နာရီ ဆယ်မိနစ်.. အလေးချိန် ၁.၈၆ ကီလို..ဘာအောက်ဆီဂျင်မှ ပေးစရာမလို ..
နောက်ထပ် ဟားဟား တကိုယ်လုံး အမှတ်တွေနဲ့ ဟေ့.. မွန်ဂိုလီယားမှတ်တွေမနည်းဘူးဟတဲ့
အားလုံးပြည့်စုံကောင်းမွန်တယ် မွေးမွေးခြင်း အော်ငိုတယ် နှလုံးအား ကောင်းတယ်။ ကလေးဖက်က အားလုံး အိုကေ ဆိုတဲ့ နပ်စ်မကြီးရဲ့လှမ်းအော်သံက အပြင်မှာသာဆို ကျွန်တော် ဂျွမ်းထိုးပြီး ကွေးနေအောင် ကမိမှာ သေချာပါသည်။ကလေးဖက်က အိုကေပေမဲ့ ဒီဖက်မှာက ပြဿနာအနည်းငယ်ရှိလေပြီ တိုင်ပင်လွဲကာ ညှစ်ထုတ်မှုကြောင့်လိုအပ်တာထက်ပိုမို သွားတဲ့အတွက် ပြန်လည်ချုပ်ရပေးတော့မည်။
ဒီအချိန်တွင် အဖြူဆရာဝန်မ တယောက်ဝင်လာကာ အခြေအနေ ဘယ်လိုလဲမေး ကျွန်တော်ကိုလည်း
ဂုဏ်ယူပါတယ် နူတ်ဆက်ပြီး ချစ်ဇနီးရဲ့အနေအထားကြောင့် အသံတိတ်မျက်လုံးနဲ့ ဆူသွားသည်ကို
တော့ မြင်တွေ့လိုက်ရသည်။ ဆိုလိုသည်ကာ ဘာကြောင့် ထပ်မံချုပ်ရသနည်း။ ၁ကီလို သာသာလေး ရှိတဲ့ကလေးမွေးတာကို ဘာကြောင့်လဲဆိုတဲ့ မေးခွန်းအကြည့်ကို မွေးဆရာဝန်က ပြာပြာသလဲ ဖြစ် စဉ်ကိုပြောပြရင်း အကူဆရာဝန်ကို ချုပ်ဖို့အတွက် ညွန်ကြားလေသည်။ 

ဒီအချိန်ထိ ကျွန်တော်သည် လက်တစ်ဖက်က ချစ်ဇနီးလက်ကိုဆုပ်ကိုင် တစ်ဖက်က 
ချစ်ဇနီးပေါင်ကို ချုပ်ကိုင်ထားဆဲ ဖိထားသောဂွမ်းကို ဖယ်လိုက်သည်နှင့် သွေးများစီးထွက်လာပြန်သည် 
နပ်စ်မကလည်း အရန်သင့် ပြန်သုတ်ရင်း ထုံဆေးထိုးကာ ချုပ်နေသည်ကို ကျွန်တော်မျက်မြင် တွေ့နေရ သည် နာကျင်မှုတွေ ပြည့်နေတဲ့ ချစ်ဇနီးကတော့ အံလေး ကြိတ်ရင်းခံနေရပေမဲ့ ဘယ်လောက်နာကျင် မယ်ဆိုတာပြောမပြပေမဲ့ ကျွန်တော်ခံစားလို့ရခဲ့သည်။ 
မြန်မာစကားပုံမှာ ယောကျာ်း ဖောင်စီး မိန်းမ မီးနေ ဆိုတဲ့ စကားဟာ အဘယ်မျှမှန်ကန်ကြောင်း 
ဇနီးသည်တွေ မွေးဖွားချိန်မှာ နာကျင်မှုကို ဝေမျှခံစားပေးတဲ့ ယောကျာ်းကလွဲရင် ဘယ်သူသိနိုင်ပါ
အုံးမည်နည်း။ မိခင်တွေဟာ သားသမီးအတွက်ဆို အသက်ကိုတောင် စွန့်ရဲခဲ့တယ်ဆိုတာ အမှန်ကန် ဆုံးသောပုံပြသာဓကတွေပါ သမီးလေးကို အောင်မြင်စွာမွေးဖွား ပြီးခဲ့ပေမဲ့ သတ်မှတ်အလေးချိန်မပြည့်
သတ်မှတ်ရက်ထက်စောမွေးခြင်း ကြောင့် SCN ဟုခေါ်သော သီးသန့်စောင့်ရှောက်ခန်းသို့ခေါ်သွားရ မည်ဖြစ်ကြောင်းနဲ့ ပြီးရင် လိုက်လာနိုင်ကြောင်း ပြောဆိုပြီး သမီးလေးကို သူ့အမေ နားတချက်ပေးနမ်းလို့ကျွန်တော်က သမီးလေးရဲ့ လက်ပတ်က ဒေတာတွေ ကိုစစ်ဆေးပြီး မှတ်သား သမီးလေးကို တချက်နမ်း လိုက်မိသည်။ တွန်းထုတ်သွားတဲ့လှည်းလေးကို လင်မယားနှစ်ယောက် မျက်စိတဆုံးကြည့် ရင်း ရင်ထဲမှာ
မောဟိုက်ကာ ကျန်ခဲ့ကြလေသည်။ 

ကျွန်တော်သည်လည်း ကုတင်ဘေး တွင်ခြေပစ်လက်ပစ်ထိုင်ချကာ ချစ်ဇနီးဘေးနား မျက်နှာအပ်လို့
ဝမ်းသာမျက်ရည် တွင်တွင်ကျကာ ရှိုက်ကြီးတငင် ငိုကြွေးမိပါတော့သည်။
ဤသည်ကာ ရွှေပိုးမည်သော အိမ့်သီရိသာလေး ကျွန်တော်တို့မိသားစုထဲရောက်ရှိခြင်းအစ သုံးရက်တာ အတွင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ အဖြစ်အပျက်လေးပါပဲ.......

လေးစားစွာဖြင့်
အမေ့သား