Monday, October 31, 2011

ငါစွဲမပျောက်သော..... ငါ

ငါ၏ စိတ်တွင် အတုမရှိသော
မြတ်ဗုဒ္ဓ အစဉ်ရှိသည်

ငါ၏ ရှေ့မှာ ရဲဝင့်ခြင်းကိုပေးသော
ငါရဲ့ ဖခင်ရှိသည်

ငါ၏ ညာဖက်မှာ မေတ္တာရင်ငွေ့ ကို
ပေးသော ငါရဲ့ မိခင်ရှိသည်

ငါ၏ ဘယ်ဖက်မှာ ကြင်နာမှုကိုပေးသော
ငါရဲ့ ဇနီး ရှိသည်

ငါ၏ နောက်မှာ နွေးထွေးမှုကိုပေးသော
ငါရဲ့ ဆွေမျိုးသားချင်းရှိသည်

ငါ၏ ဝန်းကျင်တွင် လှိုက်လှဲပြူဌာသော
ငါရဲ့ အဖော်အပေါင်း ရှိသည်

ငါ့မှာ မချမ်းသာပေမဲ့ 
မဆင်းရဲသော ဘဝ ရှိတယ်

ငါ့မှာ မာစီးဒီးဆိုတဲ့ ကားမရှိပေမဲ့ 
လိုရာသွားလို့ ရတဲ့   ကိုယ်ခန္ဓာနဲ့ 
ခြေထောက်တစုံရှိတယ်

ငါ့မှာ သန်းပေါင်းများစွာသော
ငွေကြေးမရှိပေမဲ့ ပေးကမ်းခြင်းဆိုတဲ့
သဒ္ဒါတရား အပြည့်ရှိတယ်

ငါ့မှာ ကွန်ဒိုတိုက်ခန်း မရှိပေမဲ့ 
လူတိုင်းအတွက် စေတနာဆိုတဲ့ 
အိမ်လေး ငါ့ရင်ထဲမှာရှိတယ်

ငါ့မှာ ထည်လဲဝတ်စရာအဝတ်မရှိပေမဲ့ 
လဲစရာမလိုတဲ့ ကိုယ်ကျင့်တရား
ငါ့ခါးမှာ ဝတ်ထားတယ်

ဒါဆို
ငါ့အတွက် လိုအပ်နေသေးတာ ဘာလဲ?
ငါ့အတွက်...........
ငါ့အတွက်...........
ငါ့အတွက်...........လိုအပ်နေတာက

ငါ ဆိုတဲ့ ....................အစွဲ
ငါ၏ ဆိုတဲ့ ................ ငါစွဲ
ငါရဲ့ ဆိုတဲ့ ................. ငါစွဲ
ငါ့မှာ ဆိုတဲ့................ ငါစွဲ
ငါ့အတွက် ဆိုတဲ့........  ငါစွဲ
ဒီအစွဲကို ဖျောက်ဖို့ ပဲ ကျန်တော့တယ်။

အမေ့သား

Friday, October 28, 2011

ရသအလင်း ဖောင်းဒေးရှင်း (၆)လပြည့်အတွက်အမှတ်တရ

ရသ အလင်း ဖောင်ဒေးရှင်းဟု
ဖွင့်ဆိုခြင်းက မွန်မြတ်လှပေ၏

ရသကို မြတ်နိုး
စာပေကို တန်ဖိုးထား
အနုပညာကို လေးစား
ပျိုးထောင်သူ ဥယျာဉ်မှူးများအတွက်
အဖက်ဖက်က ကူညီလို့ 
ရသပန်းခင်း အလင်းဖျာခဲ့ လေပြီ။။

ရသပန်းခင်း အလင်းဖျာတော့
စာပေဥယျာဉ်ကြီး
စိမ်းလန်းကာ စိုပြေ
အနုပညာ အသီးအပွင့်တွေ
ဝေဆာလေသမျှ
ပျိုးခဲ့သူ ဥယျာဉ်မှူးများ
ပျော်ရပြီပေါ့ ။။

ဥယျာဉ်မှူးတွေပျော်
စာပေတွေပွင့်လန်း
အနုပညာလမ်းပေါ်မှာ
ထွန်းတောက်ကာ ထင်ပေါ်
လူတကာလေးစားပါလို့ 
ရသအလင်း ဖောင်းဒေးရှင်း
ထွန်းလင်းခဲ့လေပြီ။။

အမေ့သား

Thursday, October 27, 2011

ဧရာဝတီစာပေဟောပြောပွဲအမှတ်တရ

စာပေဟောပြောပွဲ
နားထောင်ချင်လွန်းလို့ 
အစ်မတွေကို အပူကပ်
မဟေသီထံခွင့်ပန်
မနှေးအမြန်ပြေးကာလာပေါ့ ။ ။





စံစားမယ် ခံစားမယ်နဲ့ 
ဖွင့်ဆိုကာ ထုတ်ဖော်
တရုတ်အပေါ်သဘောထား
အနုပညာစွမ်းအားနဲ့ 
တွန်းလှန်ဖို့  ကြိုးစားရင်း
လမ်းပြခဲ့တာက
ဆရာ အော်ပီကျယ်.......




သဘာဝ အလှနဲ့ အမိဧရာ
တူယှဉ်ကာ တင်ဆက်ပြလို့ 
ယခင်အလှ အခုဘဝကို
အပူတွေ တပွေ့ တပိုက်နဲ့ 
ရင်ခွဲကာပြခဲ့တာက
ဆရာမြင့်မောင်ကျော်.......




သစ်တောနဲ့ မြစ်ကို
အချစ်သဘောနဲ့ အစားထိုး
မြစ်ပြင်ကို အချစ်ရင်ခွင်လို့ 
တင်စားကာ ဖွင့်ဆို
ဧရာကို ကယ်တင်ဖို့ 
ဦးနှောက်ကိုသုံးပါ
နှလုံးသားကို မမေ့ပါနဲ့ 
ခံစားမှုနဲ့  ပြောပါလို့ 
ကြွေးကြော်ကာ အဆုံးသတ်ခဲ့တာက
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း).......

အဲ.....မပြီးဆုံသေးပဲ
ကျန်ရှိတာက ကျော်ကျော်ဗို
(ဆရာဒေါက်တာဦးထွန်းလွင်)
သူလာတော့ ကိုယ့်မှာပြာ
ကိုယ်ပြာတာက အဖေ့သမီး
ခေါင်းမူးလို့ အော့အန်လာတော့ 
နောက်ဆံရယ်တင်းတင်းနဲ့ 
လစ်ရပါပေါ့ ။

ခွင့်လွတ်ပါတော့ ကျော်ကျော်ဗို
အခွေရယ်ထွက်လာရင်ဖြင့်
အထပ်ထပ်နားထောင်ပါလို့ 
မောပါပြီ အမေ့သားရယ်ဆိုမှ
ရပ်ပစ်မယ်လေး။။


ကျေးဇူးတင်ပါသည်
(အမေ့သား)

Saturday, October 22, 2011

THANKS FOR ALL ABOUT BLOGGERS

(နှုတ်ခွန်းဆက်)

ကျွန်တော့်နာမည် အမေ့သားပါ
စင်ကာပူမှာ နေပါတယ်။
ကျွန်တော့် အစ်မ မသက်ဝေက
Admin အဖွဲ့ မှာ ပါ ပါတယ်။
အမေ့သားလည်း အစ်မခေါ်လို့ 
ဒီအဖွဲ့ ထဲ ရောက်ခဲ့တယ်။
ရေးတာကတော့ သောင်းပြောင်းထွေလာ
စိတ်ကူးတည့်ရာ အကုန်ရေးတယ်။
မကောင်းဝေဖန် ကောင်းစေရန်မို့ 
အကြံပေးသမျှ ယူပါ့မယ်။။။။။


အစ်မသက်ဝေ ဦးစီး၍ All About Bloggers ဆိုတဲ့ Group လေးတခု ပျိုးထောင်အောင်မြင်မှုကို အထူးဂုဏ်ယူပါသည်။  အမေ့သားလို မနေ့ တနေ့ကမှ ဒီလောကထဲကိုရောက်ခဲ့တဲ့ လက်သစ်ကို အစ်မသက်ဝေ လက်တွဲခေါ်လို့ ရောက်ခဲ့တာရယ် ရင်ထဲမှာရှိရင်းစွဲ ပိုးရယ်ကြောင့် www.amaythar1976.blogspot.com  ဆိုပြီး စာတိုပေစ ရောက်တတ်ရာရာလေးတွေ စရေးခဲ့ပါတယ်။  အခုတော့ အစ်မသက်ဝေရဲ့ AAB မှာဝါရင့် သမ္ဘာရင့် အစ်ကို အစ်မတွေနဲ့ တွေ့ ဆုံခွင့်ရခဲ့လို့ 
AAB Admin မှ အစ်ကို အစ်မများကို အထူးကျေးဇူးတင်ပါတယ်။

လက်ရှိအစ်ကို အစ်မတွေရဲ့ လှိုက်လှဲ ပျုဌာမှုတွေကိုလည်း AAB မှာ နှစ်ရက်ဆက်တိုက်ပျော်ရွှင်စွာခံစားရပါသည်။   နောင်ကိုလည်း ကြိုးစား၍ ရင်ထဲရှိတာလေးတွေ ဖွင့်အံခွင့်ပြုကြပါ။ လိုအပ်တာလေးများရှိရင်လည်း လမ်းညွှန်ပေးကြပါလို့ ပြောကြားရင်း ဒီ AAB သင်္ကြန်တေးလေးနဲ့ ဖျော်ဖြေလိုက်ပါတယ်။


ပျော်ရွှင်ပါစေ blogs များသဘင်
တောင်းဆု မေတ္တာဝေ
မာစေ သာစေ လာကြလေ
ခွန်းနှုတ်ဆက်ဖို့ လေ
ရေးပါလေ ပိုစ့်ပါလေ
ရေး...ရေး ...ရေးလိုက်ကြပါလေ
ပိုစ့်ပါလေ ရေးပါလေ
ပိုစ့်....ပိုစ့်.....ပိုစ့်လိုက်ကြပေါ့လေ
ဒီဘလော့ဂ် မှာရှိတဲ့ အစ်မတွေ
ဒီဘလော့ဂ် မှာရှိတဲ့  ချစ်ဆွေ
ရေးကြလေ စာတွေ
ပေးမျှဝေ ကဗျာတွေ
ဒီလိုသာ ရေးရင်
ညစဉ် ညတိုင်းစောင့်ကာသာ
ဖတ်မလေ.........

ကျေးဇူးတင်ပါသည်။။။
အမေ့သား

Friday, October 14, 2011

ရင်ဆိုင်ပါ!

လောကကြီးထဲ
အသေမစောဖို့ 
အမေပြောသလို
ငွေထုပ်ကို ပိုက်
ငွေလမ်းကိုခင်း၍
သေမင်းကို ရင်ဆိုင်ပါ။။။

အမေ့သား......

Tuesday, October 11, 2011

အထူးကုဆိုတာ

တို့ မြန်ပြေ မြန်မာပြည်တွင်းမှာ
ပေါများတာ အထူးကုဆေးခန်းတွေမို့ 
ရောဂါရယ် ဖြစ်လာရင်ဖြင့်
တွေးကာရယ် မပူစေရ
သွားကာလေ booking ယူတော့ 
အပြောချိုချို အပျိုချောချော
နပ်စ်မလေးတွေက ရောက်လာရင်
ဆီးကြိုကာမေးတာရင်ဖြင့်
"ရှယ်"လားကွယ် အန်တီ
အန်ကယ်တို့ ရယ်နဲ့ 
မေးလာရင် သတိသာထားပေရော့

သဘောကောင်းသူ
ဦးဦးဆရာဝန်ကြီးရယ်က
နားကြပ်ရယ်ကိုင်ကာ စမ်းသပ်ပါလို့ 
သက်သာရဲ့လား မေးလာရင်ဖြင့်
Bill မှာလေ ပိုကာတိုးလာပေါ့
မေးရတဲ့ ကြေး

ငွေအသပြာ ဖွေရှာကာစုဆောင်း
ပေါင်နှံစရာ ရွှေ ...ရွှေရယ်နဲ့ 
မျက်ခုံးလှုပ်ပါပေါ့ ဒီအိမ်ဂရံ
လူနာရယ် ဘယ်လိုနေပါ ပါ့
ဝယ်ပါလေ သူတို့ ပြောသမျှ
တခါဝယ်နှစ်ခု နှစ်ခုရယ်နဲ့ 
လူနာအတွက် သုံးတာရယ်
ဘယ်မမြင်လေတော့ 
ဟင်း ချပေါ့လေ.......

ဟင်း ချရုံ မပြီးလေတော့ 
ရှိရှိသမျှအကုန်
ထုတ်ကာရောင်းပါလို့ 
ကုမယ်ဟေ့ ကိုယ့်လူနာ
ကြာလေလေ ကုန်လှပေါ့
တို့ စည်းစိမ် ရယ်နဲ့ 
မသက်သာ လူနာရယ်ကြောင့်
မတတ်သာ လက်မှိုင်ချကာဖြင့်
ကုန်စရာ ကျန်တာရယ်က
လူနာ့ ..............အသက်

Sunday, October 09, 2011

ပန်းသီးရာဇဝင် စာတင်လောက်သည်



ပန်းသီး၏မူလရာဇဝင် ဘာထင်ပါသနည်း?

လူသားတို့ ၏ မူလဖန်တီးရှင် လူသားရယ်လို့ ဖြစ်တည်လာအောင် ရာဇဝင်ထားရှိခဲ့သော..... ဧဝ
ဧဝ မှစခဲ့သောပန်းသီး...... ဧဝ စားသုံး၍ ကုန်လွန်ခဲ့သော ဒီပန်းသီး အသားကိုစား၍ အစေ့ကို
အမှတ်မထင်စွန့်ပစ်ခဲ့ရာမှ ဖြစ်ပေါ်လာသောရာဇဝင်.............
ဧဝ စွန့်ပစ်ခဲ့သော ထိုပန်းသီးအစေ့မှ အပင်ပေါက်ရှင်သန်ခဲ့ပြီး
အသီးများ ဝေဆာသီးပွင့်ခဲ့သောပန်းသီး.......

နောင်နှစ်သန်းပေါင်းများစွာတွင် ပန်းသီးရာဇဝင်ပြန်လည်ဖော်ထုတ်ခွင့်ရခဲ့သူက.......နယူတန်
စဉ်းစားတွေးတောငေးမော ထိုင်ငိုက်နေစဉ် (ဘုတ်)ဆိုသော အသံနဲ့အတူ နယူတန်၏ ခေါင်းပေါ်သို့
ဆိုက်မြိုက်စွာပြုတ်ကြခဲ့သော ပန်းသီးကြောင့်...... ဆွဲငင်အား....
ကမ္ဘာ၏ဆွဲအားကို နယူတန်က အလန့်တကြား ရှာဖွေတွေ့ ရှိခဲ့တယ်။
ထိုနောက်တွင် နယူတန် law ဟုခေါ်သော ပန်းသီးတလုံး  ပေါ်ထွက်လာခဲ့သည်။
ပန်းသီး၏ဒုတိယရာဇဝင်စာတင်ခဲ့ရလေပြီ။



နယူတန် မစားရက် မထိရက်ပဲထိန်းသိမ်းခဲ့သော ပန်းသီးသည် ကာလကြာမြင့် နှစ်အဆက်ဆက်
လက်ဆင့်ကမ်းခဲ့ရာမှ စတီဗင်ဂျော့ လက်ထဲသို ရောက်ရှိခဲ့သည်။
ကြိတ်မနိုင်ခဲမရဖြစ်ရသူမှာ....... စတီဗင်
သူ့ လက်ထဲရောက်လာသော ပန်းသီးသည် အကိုက်ခံထားရခြင်းပင်။
မည်သူကိုက်သွားသည်ဆိုသော အကြောင်းအရင်းကိုမသိကြရ။
ထိုအပြင် နယူတန်လက်ထက်က ရဲရဲနီသော ပန်းသီးသည် သူ့ လက်ထက်တွင် အစိမ်းရောင်ပြောင်းခဲ့လေပြီ။
သို့ သော်စတီဗင်သည် ထိုအကိုက်ခံထားရသော ပန်းသီးမှပင် clone ပေါင်းများစွာမွေးဖွားခဲ့လေသည်။
ယခုခေတ်တွင်လူများစွာစားသုံးနေကြသောပန်းသီးများသည် စတီဗင်စိုက်ခင်းမှ
ထွက်ရှိခဲ့သောအသီးများဖြစ်သည်
စတီဗင်သည် ပန်းသီးပေါင်များစွာကို သူစိုက်ခင်းမှထွက်ရှိလာအောင် ကြိုးပမ်းစိုက်ပျိုးခဲ့သည်။
မြေသြဇာမပျက်စေရ ရေပုံမှန်လောင်းကာပြုစုခဲ့မှုကြောင့် ပန်းသီးရာဇဝင်သစ်တင်နိုင်သူဖြစ်ခဲ့သည်။

နောက်ဆုံးပြုစုပျိုးထောင်ခဲ့သောအပင်မှ ပန်းသီး၏ချိုမြိန်မှုကိုတော့ ပိုင်ရှင်စတီဗင်
ပီတိဖြစ်ခွင့် ခံစားခွင့် မရရှိနိုင်တော့ပေ။
ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာအတွက် ပျိုးထောင်ခဲ့သောဥယျာဉ်မှူးသည်
ပန်းသီး၏မူလရာဇဝင် စံတင်ခဲ့ပြီးသော သူတွေ နောက်သို့ လိုက်ပါသွားခဲ့လေပြီ။




ဂုဏ်ယူပါသည်...........  ပို၍ဂုဏ်ယူပါ........Sir. စတီဗင်
ဒီပိုစ့်လေးကို ပန်းသီးစားရင်း ပန်းသီးနဲ့ ရေးနေလို့ ပါ ပြီးတော့နောက်ထွက်လာမဲ့ ပန်းသီးကိုမျှော်လင့်လျက်............

အမေ့သား

Saturday, October 08, 2011

မြန်မာ့လေကြောင်း




ဤဓါတ်ပုံအား ကိုအောင်မြတ်ပိုင်ထံမှ
ကူးယူရရှိခဲ့၍ ကဗျာလေးတပုဒ်
ဖန်တီးခဲ့ခြင်းပါ။။။။။။။

ခေါင်းမပြူရ လက်မထုတ်ရ
ဆေးလိပ်မသောက်ရ
မောင်းသူ မောင်အေး
ရောင်းသူ မောင်ခွေး
လက်မှတ်ဝယ်ပါ. ခင်ဗျာ......

ခေါင်းမပြူရ လက်မထုတ်ရ
ကွမ်းတံတွေးမထွေးရ
ရောင်းသူ မောင်ခွေး
မောင်းသူ မောင်အေး
လက်မှတ်ဝယ်ပါ. ခင်ဗျာ......

ခါးပိုက်နှိုက်လည်းသတိပြုပါ
အိပ်ငိုက်မနေနဲ့ ဗျာ.....
ဟိုဟိုရှေ့က အစ်ကိုလေး
နေရာနည်းနည်ပေး......
အစ်မလေးက ဒီကိုလာ
နေရာရမယ်ဗျာ.....

ဘုန်းဘုန်းဆိုရင် ခေါင်းခန်းပေး
ကုသိုလ်ရမယ်လေ......
အထုပ်တွေအတွက်မပူရ
နိုင်လွန်းကြိုးနဲ့ တုပ်မှာဗျ....
ကျောနဲ့ ကျောခြင်းကပ်ပေးပါ
နောက်လူလာအုံးမှာ...
တွယ်ကာလိုက်မဲ့အစ်ကိုလေး
မြဲမြဲကိုင်ထားပေး......

ခုံပြည်.... အတွယ် - ၁၄
အထုပ်၂၀....... ခြင်း ၁၀
မောင်းဆရာ မောင်းလို့ 
ဟစ်ကာကြွေး
ငါတို့ မြန်မာ........ အဲယားဝေး
ငါတို့ မြန်မာ........ အဲယားဝေး

Saturday, October 01, 2011

အမေ့ထံသို့ 

အမေ
မငိုနဲ့ တော့အမေ

အမေ့သားတို့ အောင်ပွဲအတွက်
အမေပြုံးလိုက်ပါ. အမေ

အမေအတွက်. သားတို့ အတွက်
ဒီတိုက်ပွဲကို အဆုံးသတ်မှာပါ. အမေ

အမေရင်ခွင်မှာ. အမေ့သားသမီးတွေ
ဆက်လက်ခိုလှုံခွင်ရ ရ့ပါစေ့မယ်

တကယ်တော့အမေဟာ
သားတို့ မြန်မာပြည်အတွက်မရှိမဖြစ်
အရေးပါသော အမိဧရာပါ

ခ နှစ်ခမြစ် ဆုံဆည်းကာ
စီးဆင်းလာတာ......အမိဧရာ

မြန်မာပြည်အတွက် ထင်ရှားရာ
မိခင်ပမာ...... အမိဧရာ

မြန်မာအလှ မြန်မာ့သဘာဝ
ဖော်ကျုးနေတာ.... အမိဧရာ

ရေလုပ်သားတို့ သက်မွေးရာ
အားထားနေတာ.... အမိဧရာ

တောင်သူများတို့ စိုက်ပျိုးရာ
အသက်သွေးပမာ.... အမိဧရာ

တေးသီကုံးရာ တေးစာသား
ရေးစပ်စေတာ.... အမိဧရာ

ကဗျာစပ်ဆို ကာရန်လို
ဖြည့်ဆည်းပေးတာ.... အမိဧရာ

ငယ်စဉ်ကာလ သင်ကြားရ
ကျောင်းစာတွင်ပါ အမိဧရာ

သမိုင်းတလျှောက်တွင် အမြဲပင်
စံတင်လောက်တာ.....အမိဧရာ

အမေ ထာဝရပျော်နိုင်စေဖို့ သားတို့ 
ဆက်လက်တိုက်ပွဲဝင်နေအုံးမယ်. အမေ