Sunday, September 29, 2013

ခွဲခွာခြင်းဆိုတာ.....(ညီငယ် မင်းခေါင်အလုပ်မှထွက်ခွာခြင်းအမှတ်တရ)


တကယ်တန်းကျတော့တွေ့ဆုံကြုံကွဲ ဆိုတာလူဘဝထဲမဆန်းကျယ်လှပါဖူး။ကိုယ်.... Nutek ဆိုတဲ့ Company လေးမှာ လုပ်လာခဲ့တာ အတော်ကြာခဲ့ပါပြီ၊ပထမတုံးက ကိုယ့် company မှာ မြန်မာသိပ်မရှိဖူး နှစ်ယောက်လောက်ပဲရှိတယ်၊ ဝင်လိုက်ထွက်လိုက်လုပ်ကြတာရယ် ရုံးပိုင်းဆိုင်ရာတွေမှာမို့
ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိခဲ့ဖူး။နောက်ပိုင်းမှာ ကိုယ့် ဌာနမှာရောတခြားဌာနမှာပါ
မြန်မာအင်ဂျင်နီယာတွေရောက်လာကြတယ်။အားလုံးနီးပါးကိုယ့်ထက်ငယ်ကြသူတွေသူတို့ရောက်လာတော့ စကားတွေပြော၊အလုပ်ကိစ္စတွေပြော၊သူတို့မသိသေးတဲ့companyအကြောင်းတွေပြောပြရင်းညီအစ်ကိုတွေ ချစ်ချစ်ခင်ခင်နေလာခဲ့တယ်။ကိုယ်ကအကြီးဆုံးဆိုတော့ဆဲတန်ဆဲ၊ဆူတန်ဆူသင်စရာရှိသင်ပေးရင်းနဲ့
အချိန်ကာလတွေကို ဖြတ်သန်းလာခဲ့ကြသည်။ တခါတရံညီအစ်ကိုတွေစုပြီး စားကြသောက်ကြ 
ပျော်စရာလေးအချိန်လေးတွေကိုအလုပ်ထဲစိတ်ဖိစီးအခါ ဖြေဖျောက်ခဲ့ကြတယ်။လူငယ်တွေဆိုတော့လည်း
တယောက်တမျိုးစီ၊စိတ်ဓါတ်လေးတွေမတူသလို စိတ်ပါဝင်စားမူ့ခြင်းလေးတွေကွာတယ်၊အမြင်လေးတွေ အတွေ့အကြုံလေးတွေလည်း ကွာခြားကြတာတွေ့ရတယ်။ကိုယ့်အတွက် အားရှိစေလာတာက ကိုယ့်ဌာနကိုရောက်လာတာmechanicalengသုံးယောက်၊ပညာတတ်လေးတွေပါတယောက်က
မြန်မာပြည်ကMasterအင်ဂျင်နီယာ၊ကျန်တဲ့နှစ်ယောက်က မြန်မာပြည်မှာB-tech ပြီးလို့စလုံးမှာ
ကျောင်းဆက်တက်နေတဲ့သူတွေပါ။ တခုပဲလွဲသွားတာက ကိုယ်ကElectrical က သူတို့က Mechnical ဖြစ်နေတာလေးတခုပါပဲ၊ ဒါဟာလည်း ပြောစရာမဟုတ်ပါဖူး ။သူတို့ရောက်လာတော့ ကိုယ့်အတွက်အားဖြစ်စေသလို မြန်မာဆိုတာ အင်ဂျင်နီယာနယ်ပယ်ထဲအတော်များများရှိတယ်၊
မြန်မာဆိုတာအလုပ်သမားတွေကြီးမဟုတ်ဖူးဆိုတာ Company က လူတွေကို သိသာစေခဲ့ခြင်း
တခုမို့ဂုဏ်ယူစွာလက်တွဲခေါ်ခဲ့ပါတယ်။ကိုယ်က ကျောင်းပြီးခဲ့တာက electronics ဆိုပေမဲ့မိဘစီးပွားရေး
ဖြစ်တဲ့ mechanical ကို ငယ်ငယ်လေးထဲက အကြွင်းတဝင်ရှိခဲ့တာ၊ Mechanical ,Machine tool ဆိုတာကိုယ်တိုင်လုပ်ခဲ့ဖူးတာမို့ သူတို့အတွက် စိတ်ကူးလေးတွေအထောက်အပံ့ပေးနိုင်ခဲ့တယ်။ စက်တလုံးစဆင်တော့မယ်ဆို သူ့တို့က ဒီဇိုင်းထုတ်ပြီး ကိုယ့်ဖက်က Control panel တွေလုပ်ရတယ်။ သူတို့ဖက်က စက်လုံးပုံပေါ်ပြီဆို ကိုယ့်တွေက panel တပ်ပြီးလိုအပ်တဲ့ wiring တွေလုပ်ရတယ်။
သူတို့နဲ့ကိုယ့်ကြားမှာညှိနှိုင်းစရာက electrical အတွက် လိုအပ်တဲ့bracket တွေပဲ ဘယ်လို လုပ်မယ် ဘာတွေလိုအပ်တယ်ဆိုတာကို ညီအစ်ကိုတွေ တိုင်တိုင်ပင်ပင်လုပ်တော့ကိုယ်တွေ မြန်မာအုပ်စုကို နည်းနည်းတော့ ရှိန်လာတယ် ။ဌာနမှာ တကယ်တန်းဖိုက်နေရတာက မြန်မာနဲ့မလေးအုပ်စုပဲ၊
Companyမှာကွာခြားလာတာကတခြားမလေးအင်ဂျင်နီယာတွေဆိုတခုခုလုပ်ချင်လို့ခေါ်ရင်
တော်တော်နဲ့ဆင်းမလားဖူး ။update လုပ်ခိုင်းရင်လည်းချက်ချင်းမလုပ်ဖူး ၊မလုပ်တော့ နောက်တခါ စက်ထပ်လာတော့ မှားနေတဲ့bracket တွေပဲထပ်မှာထားတော့ အလုပ်လုပ်ရတာအဆင်မပြေဖူး
ကိုယ့်မြန်မာတွေကြတော့အထက်အောက်ရိုသေမူကြီးသူငယ်သူလေးစားမူရှိတော့အကြောင်းရှိလို့ခေါ်တာနဲ့
ချက်ချင်းဆင်းလာတယ်၊လိုအပ်တာလုပ်ခိုင်းရင် ချက်ချင်းလုပ်တော့ အောက်ခြေ technician တွေက သဘောကျတယ်။မြန်မာအင်ဂျင်နီယာတွေလုပ်သမျှ စက်တွေအတွက် Electrical
လုပ်ဖို့ကတော့ကိုယ့်စီကိုရောက်တာများသလို့ကိုယ့်ကိုပဲပေးလုပ်တယ်။ ညှိနှိုင်းတိုင်ပင်လို့ရတာရယ် စက်အတွက် သူတို့ခေါင်းစားစရာမလိုတာကြောင့် ကိုယ်တွေညီအစ်ကိုပဲ လုပ်ရတယ်။ အတွေ့အကြုံ အသစ်တွေနဲ့တွေ့ရတာရယ် ဆင်းသက်လာတဲ့နယ်ပယ်မတူတာတွေရှိတာကြောင့် ကိုယ့်မြန်မာ
အင်ဂျင်နီယာတွေမှာလည်းအမှားတွေပါသလို့စိတ်ကူးစိတ်သန်လေးတွေမတူတော့အဆင်မပြေတာတွေ
ရှိကြတယ်။အဲ့ဒီအခါမျိုးဆိုရင်တော့ကိုယ်သူတို့ဖက်ကနေ ရပ်တည်ပြီး အပင်ပန်းခံဖြေရှင်းပေးတယ်။
ကိုယ့်မြန်မာတွေအပြောမခံရအောင်အတတ်နိုင်ဆုံးကူညီပေးခဲ့တယ်။ကိုယ်သူတို့ကိုအမြဲတမ်းပြောပြခဲ့တာ 
ကိုယ်ဘာကြောင့် ဒီ company ကိုရောက်လာတယ်၊ ဘယ်လိုရောက်လာတယ်ဆိုတာကို ကြုံတိုင်းပြောပြဖြစ်ခဲ့တယ်။ဒါဟာလည်းကိုယ်ရည်သွေးပြောချင်တာမဟုတ်ပါဖူး။ ဘယ်လိုအခက်အခဲတွေနဲ့ဘယ်လိုတွေလုပ်ပြခဲ့လို့အခုလို ဒီနေရာမျိုးကို ရောက်ခဲ့ရပြီး မြန်မာတွေကို အထင်မသေးရခြင်းအကြောင်းကို ပြောပြခဲ့တယ်။ ကိုယ့်လိုပဲ သူတို့ကိုလည်းအထင်ကြီးစေချင်တယ်။
မလုပ်တတ်ဖူး၊မသိဖူးဆိုတာကို မဖြစ်စေချင်တာကိုယ့်ဆန္ဒအမှန်ပါ။ ကိုယ့်တုန်းက ဒီ company မှာ
အဌားအလုပ်သမားတရက်(၂၄)ဒေါ်လာဘဝ၊ စနေ တနင်္ဂနွေ လုပ်လည်း (၂၄)ကျပ်ဘဝနဲ့ အဆောင်မှာ
ဆင်းဆင်းရဲရဲနေခဲ့ရာက supervisor ၊ manager တွေ ကြိုက်အောင်လုပ်ပြခဲ့လို့ Spass လေးရ Company ဝန်ထမ်းဖြစ်လာ ပြီးတော့ PR ဖြစ်ရပြီး အခုလို compnay မှာ နေရာလေးတခုရလာခဲ့တာပါ။
ကြုံတိုင်းဆိုသလို ပြောပြဖြစ်တာက မင်းတို့ကို ကူညီတာ ဘာပုဂ္ဂိုလ်ရေးမှမပါဖူး။ ဘယ်သူမို့လို့ ဘယ်ဝှာမို့လို့ဆိုတာမရှိဖူး။ဒီCompanyသမိုင်းစဉ်တလျှောက်မှာ မြန်မာကနာမည်တလုံးနဲ့နေလာတာမို့
မြန်မာတွေ နာမည်မပျက်အောင် မြန်မာဆိုတာ တတ်သိနားလည်တဲ့ ကောင်တွေဆိုတာ
မြန်မာဆိုတာ အလုပ်သမားတွေကြီးပဲ မဟုတ်သလို သူများတွေကို ခိုင်းနိုင်တဲ့ အင်ဂျင်နီယာတွေလည်းရှိတယ်ဆိုတာ သိစေချင်လို့မင်းတို့ကို တတ်စွမ်းသမျှ ကူညီထောက်ပံ့နေတာလို့လမ်းပြသွန်သင်ခဲ့တယ်။ နောက်တခုက အေး.....မင်းတို့ကငယ်သေးတယ် ပညာဂုဏ်နဲ့လုပ်စားကိုင်စားရမဲ့အချိန်တွေရှိသေးတာမို့ဘယ်တော့မှ Company တခုထဲမှာတိုးတက်မှုမရှိပဲနဲ့တော့ ဘယ်တော့မှမနေနဲ့ ပြောင်းစရာရှိတာပြောင်း ၊ ငယ်တုန်းအချိန်မှာပဲ လမ်းသစ်ဖောက်ရမှာမို့အခွင့်အရေးရရင်ပြောင်းသာပြောင်းလို့အမြဲတိုက်တွန်းခဲ့တယ်။အခုတော့လည်း တနှစ်ခွဲဆိုတဲ့ကာလလေးထဲမှာဆိုးတူကောင်းဖက်လုပ်လာတဲ့ညီအစ်ကိုတွေထဲကတယောက်သောညီကတော့ အလုပ်သစ်ရလို့လက်ပြထွက်ခွာသွားခဲ့လေပြီ။ နောင်တချိန်မှာဘယ်သူတွေထွက်ခွာလို့ဘယ်သူတွေဆက်ရှိနေမယ်ဆိုတာ
ဘယ်သူမှမသိနိုင်ပေမဲ့ကိုယ့်ကတော့ကိုယ့်ကျေးဇူးရှင်လည်းဖြစ်ကိုယ့်ဘဝကိုအခြေခံအလုပ်သမားဘဝကနေ အခုလိုအနေအထားမျိုးဖြစ်လာအောင်မြေတောင်မြှောက်ပေးခဲ့တဲ့ဒီcompanyမှာ သောင်တင်ကျောက်ချနေရအုံးမှာပါပဲ နောက်ဆုံးတော့လည်းကိုယ်တယောက်တည်းပဲကျန်လို့ နောင်ရောက်လာမဲ့ရွှေညီအစ်ကိုတွေရှိခဲ့မယ်ဆိုလည်း ဝမ်းသာစွာလက်ကမ်းကြိုလို့
မြန်မာတွေနာမည်မပျက်အောင်၊
မြန်မာတွေနာမည်ကောင်းရဖို့၊
မြန်မာဆိုတာ ဘာလိုလူတွေလည်း ဆိုတာသိအောင်တော့ 
ကိုယ်....... မင်းတို့နောက်မှရပ်လို့လမ်းပြသွန်သင်နေအုံးမှာပါကွာ။

အမေ့သား
(၂၉-၉-၂၀၁၃)
ညီငယ် မင်းခေါင်ထွက်ခွာခြင်းအမှတ်တရ

Tuesday, March 12, 2013

ချစ်သူဖတ်ဖို့ (၃)


နှစ်တွေသာ
တနှစ်ပြီးတနှစ်
ပြောင်းလဲလာတယ်
အချစ်တွေကတော့ 
မပြောင်းလဲနုပျိုဆဲ

အသက်တွေသာ
အိုမင်းရင့်ရော်လာတယ်
အကြင်နာမေတ္တာတွေက
မအိုမင်း လန်းဆန်းဆဲ

ရာသီတွေသာ
နွေ၊ မိုး၊ ဆောင်း
ပြောင်းချင်ရာပြောင်းနေတယ်
နားလည်မှု့တွေကတော့
တသတ်မတ်ကြည်လင်နေဆဲ

တနေ့နေ့မှာ
ကိုယ်သာ သေသွားမယ်
ကိုယ့်ဝိညာဉ်ရင်ခွင်နွေးက
ထွေးပွေ့နေဆဲ

တနေ့နေ့မှာ
ချစ်သူသာသေသွားမယ်
ချစ်သူရင်ငွေ့ရနံ
သင်းပျံ့နေဆဲ

မသေခင်အချိန်များတော့
ဆံဖြူလို့သွားကြိုး
တုတ်ကောက်နဲ့
လမ်းလျှောက်သွားလည်း
ချစ်သူအပါး အမြဲခစား
ပြုံးပြုံးလေးနေပေးမယ်

အမြင်တွေမှုန်ဝါး
ဇရာကစကားပြောလို့
အမောတွေများလာရင်လည်း
ကိုယ့်ဘေးနားက ချစ်သူအား
အပြုံးလေးနဲ့ ထွေးပွေ့ခွင့်ပေးပါလို့
ဆုတောင်းရင်း..........
သံသရာမဆုံးသမျှချစ်ကြမယ်
ချစ်သူ........

အမေ့သား
(၁၂-၃-၂၀၁၃)

ချစ်သူဖတ်ဖို့ (၁)


ချစ်သူရေ....ဒီနေ့မှာကျရောက်မဲ့
ကိုယ်တို့ရဲ့ မင်္ဂလာ(၇)နှစ်ပြည့်အမှတ်တရအတွက်....

ချစ်သူဖတ်စေဖို့ ဒီကဗျာလေးရေးလိုက်တယ်

၁၉၉၉-၆-၃၀ရက်နေ့ကစလို့
စက္ကန့်ပေါင်း (၁၈၉၂၁၆၀၀၀)စက္ကန့်
မိနစ်ပေါင်း (၃၁၅၃၆၀၀)မိနစ်
နာရီပေါင်း (၅၂၅၆၀)နာရီ
ရက်ပေါင်း (၂၂၃၂)ရက်
လပေါင်း (၉၃)လ
နှစ်ပေါင်း (၇)နှစ်
ချစ်ခဲ့ကြပြီးမှ၊

၂၀၀၆-၃-၁၂ရက်နေ့မှာ
နှစ်ယောက်တအိပ်မက်ဘဝနဲ့
နှစ်ပေါင်း (၇)နှစ်
လပေါင်း (၉၆)လ
ရက်ပေါင်း (၂၅၅၅)ရက်
နာရီပေါင်း (၆၁၃၂၀)နာရီ
မိနစ်ပေါင်း (၃၆၇၉၂၀၀)မိနစ်
စက္ကန့်ပေါင်း (၂၂၀၇၅၂၀၀၀)စက္ကန့်
သေတူရှင်မကွာ
အေးအတူပူအမျှ နေခဲ့ကြတာ  
သက္ကလပ် ရတုတိုင်လေပြီ။

သက္ကလပ်ရတုမှစပြီး
နောင်ရတုပေါင်းများစွာ
နှစ်ပေါင်းများစွာ
လပေါင်းများစွာ
ရက်ပေါင်းများစွာ
နာရီပေါင်းများစွာ
မိနစ်ပေါင်းများစွာ
စက္ကန့်ပေါင်းများစွာ
စွယ်တော်ရွက်လို
မခွဲတူယှဉ်လျက်
ချစ်လျက်ပါ ကလေးငယ်ရယ်။

အမေ့သား
(၁၂-၃-၂၀၁၃)

ချစ်သူဖတ်ဖို့ (၂)



ချစ်သူရေ....ဒီနေ့မှာကျရောက်မဲ့ 
ကိုယ်တို့ရဲ့ မင်္ဂလာ(၇)နှစ်ပြည့်အမှတ်တရအတွက်....
ချစ်သူဖတ်စေဖို့ ဒီကဗျာလေးရေးလိုက်တယ်။
ဒီဇာတ်လမ်းလေးထဲကလို...ဆံဖြူသွားကျိုးတဲ့အထိ
ချစ်ကြမယ်နော်.....ချစ်သူ










(၃၀-၆-၁၉၉၉)
 

ညီမလေးလို အချစ်မျိုးနဲ့
ချစ်ခဲ့ရပြီးမှ တိတ်တခိုး
ပေါက်ဖွား ရင်ထဲက
ချစ်စကားတွေ ဖွင့်ပြောခဲ့တဲ့
ရွှေသန်လျင်ကျွန်းက
ကျိုက်ခေါက်ဘုရားကိုရော
မင်းမှတ်မိသေးရဲ့လား ။ ။

မနက်ဆို (၃)လမ်းကြားကစောင့်လို့
မင်းကျောင်းသွားချိန်လေး
မင်းဘေးမှာမခွဲအတူနေမြဲ
မင်း ခြင်းလေးကိုဆွဲပေးခဲ့လို့
သူငယ်ချင်းများက
ခြင်းဆွဲလို့ကင်မွန်းတက်
အပြုံးမပျက်ပဲ
အပါးတော်မြဲနေခဲ့တာရော
မင်းမှတ်မိသေးရဲ့လား ။ ။

မင်းကျောင်းကိုရောက်တော့
မင်းကကျောင်းထဲသွား
ကိုယ်က အဆောင်မှာဖဲရိုက်
မင်းမကြိုက်ပေမဲ့
မင်းပိုက်ဆံအိတ်ကိုယ့်ကိုပေးလို့
ဒီဖက်တခြမ်းကပဲသုံးလို့
ပြောခဲ့တာရော
မင်းမှတ်မိသေးရဲ့လား ။ ။

မင်းအိမ်ကိုအလည်လာ
မင်းမသိတဲ့Drawingတွေ သင်ပေးရင်း
မင်းလက်ကလေးကိုကိုင်
မင်းနားမှာအတူထိုင်လို့
ပျော်ရွှင်ခဲ့တာရော
မင်းမှတ်မိသေးရဲ့လား ။ ။


အတန်းလစ်ပြီး
မြို့ထဲအသွား
ပန်းဆိုးတန်းမှတ်တိုင်မှာ
မင်း အဖေ ကားထိုးအဆိုက်
မင်းကိုအတင်းတွန်းလို့ပြေးပုန်း
ပန်းခြုံကြားက ကိုယ့်အဖြစ်ကိုရော
မင်းမှတ်မိသေးရဲ့လား ။ ။

ကထိန်မှာတူစုံယှဉ်တွဲ
ထီး သင်္ကန်း အစုံ
လှူတန်းခဲ့ပြီး
မင်းမိဘတွေလာလို့
နာမည်တွေပြေးကာရတဲ့
ကိုယ်တို့လမ်းက ကထိန်ပွဲကိုရော
မင်းမှတ်မိသေးရဲ့လား ။ ။

သင်္ကြန်မှာ မင်းတို့အိမ်ကကားနဲ့
လျှောက်လည်ကြတော့
အေးလို့တုန်နေတဲ့မင်းကို
မင်းအမျိုးတွေမသိအောင်
ရင်ခွင်ထဲထွေးဖက်
အနွေးဓါတ်ပေးခဲ့တာရော
မင်းမှတ်မိသေးရဲ့လား ။ ။
..........................
..........................
..........................
မင်းမှတ်မိသေးရဲ့လား
ကိုယ့်မှာတော့ ပြောစရာတွေ
အများကြီးကျန်သေးတယ်
တူစုံလက်တွဲပျော်မြူးခဲ့တဲ့
ချစ်သူဘဝ (၇)နှစ်တာကာလအတွက်ပေါ့

(၁၂-၃-၂၀၀၆)
 
အခုတော့
နှစ်ယောက်တစ်ဘဝတည်ထောင်လို့
မင်းဘေးမှာ အမြဲတမ်းအတွက်
ကိုယ်ရံတော်တပ်မှူး၊
မင်းအနားက ထာဝရအတွက်
အပါးတော်မြဲ၊
မင်း နာမကျန်းတော့ မင်းအတွက်
အကြင်နာသမားတော်၊
မင်းစေရာ ညွန်းဖို့အတွက်
မင်းအလိုလိုက် မင်းအကြိုက်ဆောင်ရင်း
ကိုယ့်အလိုလိုက် ကိုယ်အကြိုက်ဆောင်
သက္ကလပ်ရတုတိုင်လို့
မင်္ဂလာနှစ်ပတ်လည်
(၇)နှစ်ပြည့်ခဲ့လေပြီ။ ။

မရှိတော့လည်း အတူတူ
ရှိတော့လည်းအတူတူ
မင်းငိုရင် ကိုယ်အားပေးနှစ်သိမ့်
မင်းပျော်တော့ ကိုယ်ကြည်နုး
ကိုယ့် အတွက် မင်းက အနာဂတ်
ကိုယ့်အတွက် မင်းက လင်းရောင်ခြည်
ကိုယ့်အတွက် ကိုယ်လိုချင်တဲ့
တို့ရင်သွေး. မင်းမမွေးပေးနိုင်ပေမဲ့
ကိုယ် စိတ်မညစ်ဖူး ချစ်သူ
ကိုယ် အားမငယ်ဖူး ချစ်သူ
ကိုယ် ဝမ်းမနည်းဖူး ချစ်သူ
ကိုယ့်နားမှာ မင်းရှိ
မင်းနားမှာ ကိုယ်ရှိနေရင်
အရာရာပြီးပြည့်စုံပါတယ်။
သက္ကလပ်ရတုမှစပြီး
နောင်ရတုပေါင်းများစွာဖြတ်သန်းလို့
မခွဲအတူလက်တွဲဆက်ချစ်ကြမယ်......... ချစ်သူ

(၁၂-၃-၂၀၁၃)


အမေ့သား
(၁၂-၃-၂၀၁၃)

Sunday, March 10, 2013

အပယ် ခံနေ့ ( သို့).သတ်ပုံ မှားတဲ့နေ့



မောင်မျိုးရေ...........
မောင်မျိုး....................” ဗျာ”

ခေါ်သံကို ပြန်ထူးရင်း ဘယ်သူလဲဗျို့ ဟု ပြန်ပေးမိသည်။
ဦးတင်ဝင်းနဲ့ဦးလှသောင်းတို့ ကိုကြီးဟု. ညီမငယ် အိမ်ရှေ့မှလှမ်းအော်သည်။
လာပြီ ......လာပြီ.........ဗျို့
ကသောကမျော အဝတ်အစားဝတ်ပြီး အိမ်ရှေ့ထွက်တော့ ဦးလေးကြီး နှစ်ယောက်
ရှင်းရှင်းပြောရရင်တော့ ကျွန်တော်သူငယ်ချင်းနှစ်ယောက် ဘော်ဘော်နှစ်ယောက်ပေါ့
ဦးတင်ဝင်းက (၆၀)ကျော်....
ဦးလှသောင်းက (၇၀)နီးနီး .....ကျန်သေးတယ်ဗျ
ဦးထွန်းနိုင်..... သူက တော့ (၅၇)လောက်ရှိမည်၊
သူတို့(၃)ယောက်သည် ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းတွေ ဆိုပါတော့ .........ဪ ကျွန်တော်အသက်ကတော့
(၂၅)တောင်မပြည့်တန်သေးပါ.....

ခုလည်း လက်ဖက်ရည်ဆိုင်သွားဖို့လာခေါ်ခြင်းသာဖြစ်ရမည်။
ဟာ........ ဦးတင်နဲ့ဦးလေးလှ....... ဆိုဗျာ........ .....ဘာကိတ်
ဆို လည်း မလုပ်နဲ့ ဘာကိတ်တွေညာကိတ်တွေလည်းမလုပ်နဲ့ မြန်မြန်လာဆိုင်သွားမယ်၊
ဟိုကောင် ထွန်းနိုင် ဆိုင်မှာစောင့်နေတယ်။

ဪ..... မောင်မျိုး မင်း လက်နက်တွေယူလာအုံး၊ မင်းရော ဘာဂွင်တွေ တွေ့ထားသေးလဲ။
ဟိုကောင်ကတော့ အပိုင်လို့ပြောတာပဲကွ........
ဒါဆို ခဏလေး သွားယူလိုက်အုံးမယ်...... ပြောပြောဆိုဆို ကျွန်တော် အိမ်ပေါ်ပြေးတက်ပြီး
အခန်းထဲက လက်နက်ကိရိယာတွေယူပြီး ပြန်ထွက်လာခဲ့သည်။
ကဲ .....သွားမယ်ဦးလေး..

(၃) ယောက်သား လမ်းထိပ်က မောင့်လက်ဖက်ရည်ဝိုင်းဆိုင်လေးသို့ချီတက်ခဲ့ကြသည်။ ဆိုင်ရှေ့ရောက်တော့ ကျွန်တော်တို့ရဲ ဘုံ....... တနည်းအားဖြင့် ဗိမ္မာန်  
တမျိုးပြောတော့ ဘူမိနသံ နေရာ ဆိုင်ထောင့်လေးမှာ ဦးထွန်းနိုင်က နေရာယူလျက်
ဦးလေးတို့ကလည်း ကြာလိုက်တာဗျာ.........
မောင်မျိုး ကို ဝင်ခေါ်နေတာဟ........ မင်းကလည်း ခဏလေးစောင့်ရတာကို ဖြစ်နေလိုက်တာကွာ
ညီလေးရေ. ......လက်ဖက်ရည် (၃)ခွက်ဟေ့.......
ဦးထွန်းနိုင်က လက်ဖက်ရည်လှမ်းမှာ ကျွန်တော်တို့က နေရာကိုယ်စီ ယူလိုက်ကြသည်။
ကျွန်တော်ကိုယ်တိုင်လည်း အိမ်ကယူလာသော လက်နက်များကို စားပွဲပေါ် တင်လိုက်သည်။

ဦးထွန်းနိုင်က သူရဲ့ လက်နက်တချို့မြေပုံတချို့ထဲမှာ ဆွဲထုတ်ပြီး........
အနေအထားကတော့ အပိုင်ပဲဗျ ....ဒီဂွင်...... ဒီလမ်းကြောင်းကို စောင့်ကြည့်နေတာ
(၄)နှစ်လောက်ရှိပြီဗျ၊ ဒီတခါကတော့ အပိုင်ပဲ ဒီမှာကြည့့်ဆိုပြီး...........
လမ်းကြောင်းက..... ဒီကစမယ်၊ ပြီးတော့ ဒီဖက်ကိုလာတယ် နောက်တော့ ဒီထိပ်ကိုပြန်ရောက် အခုဒီကိုသေချာပေါက်လာရတော့မယ်။ စောင့်ပြီး အပိုင်သိမ်းရုံပဲ ....ဟုတ်တော့အတော်ဟုတ်သည် သူပြောသွားပြသွားတဲ့အနေအထားကတော့ အချီကြီးပဲ......

မောင်မျိုး မင်းဖက်ကရော ဘာထူးခြားသေးလဲ?
သိပ်အထူးခြားတော့မဟုတ်ဖူး... တချက်ကောင်းလေးတွေတော့ရှိတယ်၊သတိတော့ထားရမဲ့
အနေအထားလေးတွေ... ဂွင် အသေးလေးတွေပါ။ ဦးထွန်းနိုင် ဂွင်လောက်တော့ မမိုက်ပါဖူး၊
အေးပြစမ်းပါအုံး .......မင်း အနေအထားလေးတွေ၊ ကျွန်တော် ဟာလေးတွေကသိပ်အကြာကြီးမဟုတ်ဖူးဗျ
အနီးကပ်လေးတွေ တချက်ကောင်းလေးတွေပါ၊ ဒါပေမဲ့မိလိုက်ရင်လည်း အပြတ်ပဲနော်......

ဒီမှာကြည့်..... ကျွန်တော်လည်း ကျွန်တော်လက်နက်တွေ၊မြေပုံတွေထုတ်ပြီး
ဒီကောင်ကတော့ တော်တော်ငြိမ်တယ၊် သူပြီးရင်ပြီးတယ်၊သူက ဟိတ်...ဆို လှည့်ကြည့်စရာကိုမလိုတာ လွှတ်သာပစ်လိုက်ဗျာ ......အဲ့လောက်စိတ်ချရတာ ကဲ... ကဲ ဒါဆိုလည်း နောက်ဆုံးပိတ်လေးလုပ်လိုက်ကြကွာ၊ ရက်ကနီးနေပြီ. ဒီနေ့(၁၃)ဆိုတော့ နောက် (၃)ရက်ပဲလိုတော့တာကွ။ ဦးလေးတင်နဲ့ဦးလေးလှက ဝင်ပြောရင်းကျွန်တော်တို့စီမံကိန်းအတွက်
အဆုံးအဖြတ်လုပ်ရန် လေးယောက်သားခေါင်းချင်းဆိုင်လိုက်ကြသည်။

ထိုအချိန်တွင် ကျွန်တော်မျက်ဝန်းထောင့်မှ အရိပ်တခုလှမ်းတွေ့လိုက်ရသည်။
သတိထားမိတာတော့ ဆိုင်ကိုစဝင်လာကတည်းက ကျွန်တော်တို့ဘေးခုံမှာထိုင်နေတဲ့ ကုလားတယာက်ကိုဖြစ်သည်။ကျွန်တော်တို့ပြောသမျှ နားစွင့်နေသလို၊ တချက်တချက် လှမ်းလှမ်းကြည့်နေသလို ခုလည်း နောက်ဆုံးအဆုံးအဖြတ်အတွက် ရွေးချယ်တော့မည်ဆိုမှ
ဒင်းက တချက် ထပြီး စောင်းငဲ့ကြည့်ပြန်သည်၊ ဖျတ်ကနဲ့လှည့်ကြည့်လိုက်တော့ မသိသလိုနဲ့
တဖက်သို့လှည့်သွားသည်။
 
ကျွန်တော်တို့လည်း ကဲ.... ဒီအစီအစဉ်နှစ်ခုတော့ မလုပ်ဖူးကွာဆိုပြီး ဦးထွန်းနိုင်ကမှင်နီနဲ့ဝိုင်းလိုက်သည်။
ကျန်တဲ့နှစ်ခုတော့ အပိုင်လုပ်မယ်ကွာဆိုပြီး အဆုံးအဖြတ်ယူလိုက်ကြသည်။ ဘေးဝိုင်းကကုလားလည်း ဆတ်ကနဲ့တချက်ကြည့်ပြီး မသိသလို လက်ဖက်ရည်ဆက်သောက်နေသည်။
ကျွန်တော်တို့(၄)ယောက်လည်း အသီးသီးလမ်ခွဲခဲ့ကြသည်၊ သတ်မှတ်ထားတဲ့ရက်ကိုရောက်ခဲ့ပေမဲ့
ကျွန်တော်တို့စီမံကိန်း မအောင်မြင်ခဲ့ပါ။ဒါဟာလည်း သိပ်မထူးဆန်းတော့ပေ။ အဆင်ပြေတဲ့အခါရှိသလို
မပြေတာလည်းရှိနိုင်ခြင်းပင်။နောက်တော့လည်းထုံးစံအတိုင်းလက်ဖက်ရည်ဆိုင်ကိုလာနောက်စီမံကိန်းတွေ
အတွက်အစီအစဉ်သစ်တွေထပ်ဆွဲကြရင်းနဲ့ လေးယောက်သားဟုတ်နေကြသည။်

ဦးလေးတို့ရေ.......အိမ်ကထွက်လာတာလည်း အတော်ကြာပြီ.....
ကဲ. ......ဒီနေ့တော့ တော်ပြီ ပြန်တော့မယ်ဆိုပြီး ......ညီလေးရေ ရှင်းမယ်ဟေ့..... စားပွဲထိုးလေးကို လှမ်းခေါ်တော့...... ကောင်လေးက အစ်ကို ဟိုဖက်ဝိုင်းက အစ်ကိုက အားလုံးရှင်းပြီးသွားပြီတဲ့.......
ဟေ................... ဘယ်သူလဲကွ...?
တို့အသိလား .......မေးမေးပြောပြောလှမ်းကြည့်လိုက်တော့ ကုုလားမိသားစုတစ်စု
ကုလားကပြုံးပြီး လက်ပြသည်၊ ကျွန်တော်လည်း ရောယောင်ပြန်ပြုံးပြီး လက်ပြန်ပြမိသည်။
ခဏကြာတော့ ကုလားက သူ့မိန်းမဟုထင်ရသော ကုလားမကို တိုးတိုးပြောပြီး ကျွန်တော်တို့ဝိုင်းသို့ထလာသည်။ ရောက်လာတော့ ......ဆရာ ကျွန်တော်ကိုမှတ်မိလား...
ကျွန်တော်သေသေချာချာကြည့်သည၊်........မမှတ်မိပါ လုံးလုံးမသိ.... သေချာတာကတော့ ကျွန်တော့်အသိထဲကမဟုတ်တာပဲ.....
ဦးလေးတင်............. သူကိုသိလားဟု ဘေးက ဘော်ဘော်တွေမေးတော့လည်း
ငါတို့လည်းမသိဖူးကွ၊.. ထားပါတော့ မင်းက ငါတို့ဖို့ပိုက်ဆံဘာလို့ရှင်းတာလဲ....
ဆရာတို့က ကျွန်တော့်ကျေးဇူးရှင်တွေမို့ပါ၊ ကျွန်တော်တောင်ဒီလောက်ရတယ်ဆိုမှတော့ာ
ဆရာတို့လည်း ထော်ပြီပေါ့ ဟုတ်တယ်....... မဟုတ်လားဆရာ

နေစမ်းပါအုံး........မင်းက ဘာတွေလာပြောနေတာလဲ
သေသေချာချာရှင်းရှင်းလင်းလင်းပြောစမ်းပါကွာ .......ဒီလိုဆရာ
ကျွန်တော် ဆန်အိတ်ခွံတွေဝယ်တယ၊် ပြီးတော့ပြန်ရောင်းတယ်...
အဆင်မပြေဖူးဆရာ. အိမ်မှာကလေးကလည်း(၃)ယောက၊်ယောက်က္ခမကလည်းဗြစ်တောက်ဗြစ်တောက်နဲ့
အတော်စိတ်ညစ်နေတာ.....
ဟိုတပတ်က ဒီလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်နေတုံး
ဆရာတို့ပြောစကားတွေကြားတော့ ကျွန်တော် အရမ်းကိုသိချင်လာတယ်၊
ဒါကြောင့် အသာလေး ခိုးနားထောင်လိုက်၊ မသိမသာလေး ခိုးကြည့်လိုက်လုပ်နေတာလေ
ဒီဆရာတောင် ကျွန်တော်ကို သင်္ကာမကင်းဖြစ်နေသေးတယ်လေ.....
ပြီးတော့ ဆရာတို့သွားခါနီးမှာ ဆရာတို့စာအုပ်ပေါ်ကြည့်လိုက်တော့
မှင်နီနဲ့ဝိုင်းထားတဲ့ ဂဏန်းနှစ်ကွက်တွေ့တယ်ဆရာ...ကျွန်တော်လည်းမှတ်ထားပြီး
ရပ်ကွက်ထဲရောက်တော့ အပိုင်ဆိုပြီး ကျွန်တော့်ရှိတဲ့ပိုက်ဆံနဲ့
အောလိုက်တယ်ဆရာ... ထင်တဲ့အတိုင်းပဲ မှင်နီနဲ့ဝိုင်းထားတဲ့အထဲက
ဂဏန်းတခုက ထွက်သွားတယ်လေ၊ မှင်နီနဲ့ဝိုင်းထားမှတော့ သေချာတာပေါ့ဆရာ....
မဟုတ်ဖူးလား...... အခုဆို ယောက္ခမလည်း ပါးစပ်ပိတ၊် မိန်းမ ကလည်း
အနဲ..... အနဲ...နဲ့ဖူးဖူးမှုတ်ထားတယ်ဆရာ၊ ဆရာတို့ကို ကျေးဇူးအရမ်းတင်ပါတယ်၊
ကန်တော့တောင် ကန်တော့ချင်တယ၊် ကုလားပြောနေသော စကားများကို
ကျွန်တော်တို့လေးယောက် မကြားတချက် ကြားတချက်ဖြင့် နားထောင်နေမိသည်။

ကုလားကထပ်ပြီးတော့ ဆရာတို့ရော ဘယ်လောက်ဖိုးတောင်ပေါက်လဲဟင်..... လိုထပ်မေးတော့
ကိုရွှေကုလားရယ်...... တော်ပါတော့ကွာ. မင်းကြည့်ပြီး ထိုးလိုက်တဲ့အကွက် မှင်နီဝိုင်းထားတဲ့အကွက်က ငါတို့ရဲ့ ပယ်ဂဏန်းကွ...........ပယ်ဂဏန်း သိရဲ့လား ကိုရွှေကုလားရယ် ......      
ကုလားလည်း........ဗျာ...... တလုံးပဲပြောနိုင်ပြီး သူ့ဝိုင်းကိုကုပ်ကုပ်လေးပြန်သွားထိုင်နေလိုက်တော့သည်။

ကျွန်တော်တို့ဝိုင်းလည်း အတန်ကြာတိတ်ဆိတ်ပြီး တယောက်မျက်နှာ တယောက်ကြည့်ပြီး
ဝါးလုံးကွဲ ရယ်မောမိလိုက်ကြလေသည်။

လေးစားစွာဖြင့်
အမေ့သား


Sunday, February 24, 2013

လူ...စက်ရုပ်



မနက်ခင်း နေမင်းနဲ့အတူထွက်
ညမှောင်ကာမှအိမ်ကိုပြန်
လူလိုလို စက်ရုပ်
စက်ရုပ်လိုလို လူ
ငါ့လို လူစက်ရုပ်
တကုတ်ကုတ်နဲ့လုပ်နေရပေါ့။

များပြားလှတဲ့
ငါ့လို လူစက်ရုပ်တွေ
တင်သွင်းလို့ လည်ပတ်
မရပ်နားတဲ့ဒီစက်ရုံထဲ
Bell သံကြားရင် ... လုပ်
Bell သံကြားရင်.... နား
Bell သံကြားရင်..... စား
Bell သံကြားရင်..... သွား
Bell. သံတိတ်မှ .......အိမ်ပြန်
အိပ်တန်းဝင် ဌက်တွေနဲ့အတူပေါ့

တနေ့တာလည်ပတ်
တပတ်ဆိုတာ (၇)ရက်လား
စနေ ၊ တနင်္ဂနွေ ဆိုတာ
ပြက္ခဒိန်ပေါ်က အမှတ်အသား
တနေ့၊ တပတ်၊ တလ ၊တနှစ်
ရာသီတွေသာကုန်ဆုံး
သက္ကရာဇ်တွေပြောင်းလို့
အခုဆို (၂၀၁၃)ကိုရောက်ခဲ့ပြီ။

အခုတော့. ငါသိလိုက်ပြီ
င့ါလက်တွေနှေးလာပြီ
ငါ့ခြေတွေလေးလာပြီ
ငါ့အသံတွေမမှန်တော့
ငါ့အမြင်တွေဝေဝါး
ငါ့မှတ်ညဏ်တွေမကောင်းတော့
ငါ့အတွက်အချက်တွေ မှားယွင်းလာပြီ။

ဟော..... Bell သံကြားရပြီ

လုပ်ငန်းခွင်ဝင်ရပြီ
မလှုပ်ချင်တဲ့ငါ့ခန္ဓာ
အားယူကာထလို့
လေးလံတဲ့ လက်
နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့
မမှန်တော့တဲ့အသံကိုထိန်းချုပ်
ဝေးဝါးမှုတွေဘေးထုတ်လို့
ငါ့လို လူစက်ရုပ်
တကုတ်ကုတ်လုပ်ရအုံးမှာပေါ့


တကယ်တော့ ငါ နားသင့်ပြီ
တကယ်တော့ ငါ နားသင့်ပါပြီ
အင်း ! အခုတော့
မနက်ဖြန်အတွက်
မှေးစက်လို့အိပ်ရင်း
အားသွင်းလိုက်အုန်းမယ်။


လေးစားစွာဖြင့်
အမေ့သား

ဖွမောင်း......


မောင်း.....

တီးကြည်ပါလား....
လူသူစုရုံးဖို့အတွက်လေ...
အခု..မလိုတော့ဖူး
အရင်တုန်းကတော့
ပြောချင်တာတွေကို
မောင်းတီးပြီးပြောရတယ်၊
ကြော်ငြာရတယ်.....
အခု...မလိုတော့ဖူး....
အတင်းပြောချင်လား
သတင်းပြောချင်လား
ဆဲချင်လား
ကဲချင်လား
ဆိုချင်လား
ငိုချင်လား
ရေးချင်လား
ပေးချင်လား
မွေးပြီလား
မွေးမှာလား
သောက်မှာလား
မှောက်မှာလား
ဖော်မှာလား
ချွှတ်မှာလား
လုပ်ချင်တာလုပ်ဖို့
အခု...ရှိတယ်....
မောင်း တော့ မောင်းပဲ
ရိုးရိုးမောင်းတော့မဟုတ်
ဖွမောင်း....
ဖွဘွတ်ပေါ်တက်တက်ထုရတဲ့
ဖွမောင်း....ဒူ...ဒူ....ဒူ...ဒူ


အမေ့သား

Saturday, February 16, 2013

အမည္နာမဆိုတာ




မိဘနဲ့ တဂိုဏ်းထဲထားပြီ အာစရိယအနွယ်ဝင်ဖြစ်တဲ့ ဆရာ.........
ကျွန်တော် သူငယ်တန်း လောက်ကတဲ့ကဆရာစီမှာ စာသင်ခဲ့ရသည။် တခါတရံ အတန်းပိုင်ဖြစ်ပြီး
အမြဲတမ်းအတွက်ကျွန်တော်ရဲ့ ကျုရှင်ဆရာဖြစ်ခဲ့ပါသည်။ စာအသင်အပြအလွန်ကောင်းပါသည်။
ဆရာသည် ယမကာမှီဝဲခြင်းကိုနှစ်သက်သည်။ စာမေးပွဲအောင်တိုင်း၊ ကျွန်တော်ဆုရတိုင်း ဆရာ့အတွက်ဂုဏ်ပြုပွဲကအဖေနဲ့အတူ့အိမ်မှာ ယမကာဝိုင်းဖွဲ့ ကာဧည့်ခံခြင်းပင်ဖြစ်သည်။နောက်နေ့ တိုင်အောင်
ဆရာသည် အရှိန်ကောင်းနေတတ်ပြီး မနက်ကျောင်းလာလျှင် တိုက်ပုံကြီးပခုံးပေါ်တင်လို့ ကောင်းနေတတ်သည်ကို မှတ်မိနေပါသေးသည်။
ဒါဟာ အမှတ်ရနေသေးတဲ့ ကျွန်တော့်ဆရာနဲ့ ကျွန်တော့်ရဲ့ငယ်ဘဝပါ
အဓိကပြောပြချင်တာက ဆရာ့မိသားစု အကြောင်းလေးပါ…..
အဖေရဲ့ အလုပ်ရုံလေး  အောင်ဇေယျ (၅)လမ်းထဲ ပြောင်းလာသည့်အချိန်မှစပြီး ဆရာ့မိသားစုအကြောင်း ကျွန်တော်သိခွင့်ရခဲ့သည်။ ကျွန်တော်လည်း (၁၀)တန်းအောင်ပြီးတော့ တက္ကသိုလ်မတက်ခင်အချိန်လေးမို့  အဖေ့အလုပ်ရုံမှာဝင်ရောက်ကူညီပေးနေချိန်၊ အဖေ့အလုပ်ရုံသည် ဆရာ့အိမ်နှင့်မျက်နှာချင်းဆိုင်တွင်ဖြစ်သည်။
ဆရာသည် စာတော်သော မှတ်ညဏ်ကောင်းသောကျွန်တော့်ကိုတော့ ချစ်ခင်သည်။
အလုပ်ရုံစပြောင်းပြီး အလုပ်စလုပ်တဲ့ ပထမနေ့ မှာ ပထမဦးစွာကြားလိုက်ရတဲ့အသံများကြောင့် ကိုယ်ရောက်နေတဲ့ နေရာကိုတောင် ပြန်ကြည့်မိသည်။ ဘာလို့ လဲဆိုတော့ တိရစ္ဆာန်ရုံများ ရောက်နေသလားပေါ့၊
ဆရာကတော်၏ ကျယ်လောင်သောအသံက နားထဲ စူးရှစွာဝင်လာသည်။
ဘိုကြောင်၊ ဘိုကျား၊ မိကြွက၊် မိယုန၊် ပူးမ၊ ဝက်မ၊ ငနွား အိပ်ရာကမထသေးဖူးလား…….
သေနာလေးတွေ…. သေနာမလေးတွေ…….. ငါ့မှာတော့ စောစောထ ဈေးသွားဖို့ ပြင်ရဆင်ရ
ကျောင်းသွားကြဖို့ ထကြတော့၊ ဟိုသေနာကြီးကလည်း ညကအမူးသောက်လာပြီး ခုထိမထဘူး… တစ်အိမ်လုံး အပျင်းတက်နေတာပဲ…  ဆရာကတော်ရဲ့ ပီယဝါစာချစ်ဖွယ်သော ဆွဲလဲသံလေးက မနက်ခင်းရဲ့ ဖွင့်နေကြ
နေ့ စဉ်တေးသံသာလေးတဲ့ ။

သိပ်မကြာလိုက် ထပ်ကြားရပြန်ပြီ။ ဘိုကြောင်…… မိကြွက်ကို ကျောင်းသွားပို့ ၊ ပူးမ………… လာစမ်း လမ်းထိပ်ဈေးသွားဝယ်၊ ဟိုကောင်ဘိုကျား……….. နင့်အဖေအတွက် အသုတ်သွားဝယ်ပေး
မိယုန်…….ထမင်းအိုးသွားကြည့်  ဟေ့ဝက်မ….. ဟိုကောင်ငနွား…….စက်သေနတ်နဲ့ ပစ်သလားအောင်းမေ့ရတယ်
တရစပ်မရပ်မနားပြောသွားနိုင်တဲ့ ဆရာကတော်ကိုတော့ ချီးကျုးမိသည်။ကြာလာတော့လည်း နားရည်လေးဝလာသည်။
ကြောင်…ကျား….ကြွက်….ယုန်….ဝက်….ပူး….နွား  
တော်သေးတယ်.. ဆရာကတော် ထပ်မမွေးတော့တာပဲကံကောင်းသည်။တော်ကြာ. မျောက်တွေ ခြင်္သေတွေ၊ဆိတ်တွေ၊ဆင်တွေပါ ပါလာနိုင်သည်။

ဒါသည် မနက်ပိုင်းတေးသံသာပင်ဖြစ်သည်။အသီးသီးကျောင်းသွားတော့လည်း နားအေးပါးအေးဖြစ်လို့ 
တရစပ် ချက်ပြုတ် လျှော်ဖွတ်နေတဲ့ ဆရာကတော်သည် စက်ရုပ်တရုပ်အလားထင်ရသည၊် အကွက်စေ့နေတာပဲ။ ညနေပိုင်းလေးပြန်ရောက်လာရင်တော့ ပြန်လည်ကြားရပြန်သည။်
အမေ ဗိုက်ဆာတယ် ဘာချက်လဲ……
အမေ အကျီ ပြဲသွားပြီ……..
အမေ ဖိနပ်ပြတ်သွားပြီ……..
အမေ စာအုပ်ဖိုးတဲ့……. အမေ……. အမေနဲ့  စီစီညံညံတစ်ယောက်တစ်ပေါက်ပြောအပြီး
ဆရာကတော်ရဲ့ လျင်မြန်လှတဲ့ လက်က ဂေါက်ကနဲ၊ ဂွပ်ကန၊ဲ ဘုန်းကနဲ၊ဒေါင်ကနဲ… ပတ်ဝိုင်းတီးသလို အားပေးလိုက်သည်။

ဟိုကောင်ဘိုကြောင်… ဗိုက်ဆာရင်သွားစားပေါ့ မီးဖိုထဲမှာ……………….. ဂေါက်
ဘိုကျား အကျီပြဲအောင် ဘယ်လောက်တောင် ကမြင်းကျောထသလဲ….. ဂွပ်
မိကြွက် ဝယ်ပေးထားတာမှမကြာသေး…….……………………………….  ဘုန်း
မိယုန်ရယ် နင့်အဖေက လစာမပေးသေးဖူး နင်တို့ ကတမျိုး ကဲဟာ……. ဒေါင်
ဂေါက၊် ဂွပ၊် ဘုန်း၊ ဒေါင်  အပြီး အသီးသီးထပြေးကြလေတော့သည်။

ညပိုင်းအစီအစဉ်ကတော့ ကောင်းပြီးပြန်လာတဲ့ ဆရာနဲ့ ဆရာကတော်ရဲ့ အပြန်အလှန်ဆွေးနွေးပွဲအစီအစဉ်ပေါ့။ မူးလာတဲ့ ဆရာက… ချစ်စဖွယ် ဆရာကတော်ကို ….ဟေ့ကောင်မ ….. ထမင်းစားမယ်.  ဘာချက်လဲ…….
ကန်စွန်းရွက်ကြော်၊ ငပိတို့ စရာ….. ဟာကွာ.. တခါလာလည်း ဒါ တခါလာလည်း ဒီဟင်း  တခြားဟင်း
မင်းမချက်တတ်ဖူးလားလို့ မူမူးနဲ့ ပြောလို့ မပြီးခင် သေနတ်ထဲ ကျည်ထိုးသံသဲ့ သဲ့ လေးကြားလိုက်ရပြီး တရစပ်ပစ်သံကညအချိန်မှာအစပ်မပျက်တိုးထွက်လာလေသည်။
သေနာရဲ့ နင်ပေးတဲ့ လစာ တပဲခြောက်ပြားနဲ့  နင်က ဘာစားချင်သေးလို့ လဲ…
နင်ပေးတဲ့ ဒုက္ခ(၇) ကောင်ရဲ့ ကျောင်းစရိတ်ကလည်းရှိသေး…..
တနေ့ တနေ့  ဘယ်လို့ စီမံနေရလဲ မမေးပဲ… … ရှင်မူးလာရင် အေးအေးနေစမ်းပါတော်၊
အဲ့ ဒါကြောင့် အိမ်မပြန်ချင်တာ ပြောလိုက်ရင်  ဒါပဲ….    ကျက်သရေကိုမရှိဖူး…..
တောက်.... ပြန်လာလို့ မင်းမျက်နှာ မြင်ရရင် စိတ်ကုန်တယ်၊ ဪ. ရှင်က ခုတော့ စိတ်ကုန်တယ်ပေါ့
အရင်ကတော့ မင်းမှမင်းပါပဲဆို….. တော်သေးတာပေါ့ စိတ်ကုန်လို့ စိတ်မကုန်ရင် ထပ်ထွက်လာမဲ့ဟာတွေအတွက် ရင်လေးစရာ…. ဟင်း…ဟင်း…… ရှင်ကသာ စိတ်ကုန်နေ  ကျက်သရေမရှိဖူးလို့ ပြောနေပါ၊
အခုနေများ လမ်းလေးခွဆုံမှာ ပက်လက်အိပ်နေ တကောင်မှ ခွကျော်သွားမှာ မဟုတ်ဖူး
အကုန်ဝိုင်းအားပေးလို့ ရှင်ပါ ညစာငတ်သွားမယ်။ ဆရာကတော်ရဲ့ နောက်ဆုံးကျည်ဆန်တတောင့်ကြောင့်
ဆရာ ဘာမှမပြောနိုင်တော့ပဲ လက်နက်ချကာကွပ်ပျစ်ပေါ်မှာ ဖလက်ပြသွားလေသည်။ အိမ်ရှေ့ မှာထိုင်နေကြတဲ့  သားသမီးတွေကတော့ အဖေ၊ အမေတိုက်ပွဲကို မထူးဆန်းကြတော့ ညစဉ်ကြားနေကျ စကားလုံးများမို့  ရိုးအီနေကြပြီထင်ပါသည်။ ညသည် ပြန်လည်တိတ်ဆိတ်သွားပြန်သည်၊ကျွန်တော်လည်း အလုပ်ရုံလေးပိတ်လို့ 
အိမ်ပြန်လာခဲ့တော့သည်။ ပြန်လာရာလမ်းမှာတွေးမိသည၊် ဪ.......သူ့ အိုးနဲ့ သူ့ ဆန်တော့ တန်နေတာပေါ့လေ.....

တနေ့  ကျွန်တော်အလုပ်ရုံရှေ့က ထိုင်ခုံမှာထိုင်နေတုန်း ဆရာ့သားအကြီးဆုံးကောင် ကြောင်…... ဟုတ်တယ် ဘိုကြောင်… လက်ထဲစာရွက်လေးကိုင်လို့ ထွက်လာတော့ ဟေ့ကောင် ဘိုကြောင်… ဘယ်သွားဖို့လဲကွ  
အမေ မိတ္တူကူးခိုင်းလို့ သွားကူးမလို့  ဦးမျိုးတဲ့… ..ဘာသွားကူးမှာလဲကွ…. သန်းခေါင်စာရင်းပါ ဦးမျိုး
ပြစမ်းပါအုံးကွ… ဦးမျိုး ကြည့်ချင်လို့ ဆိုပြီး ကျွန်တော်ယူကြည့်လိုက်တော့….. ကိုယ့်ကိုကိုယ်ပစ်မလဲအောင်မနည်းထိန်းလိုက်ရသည်၊ ဟိုက်ရှားဘား ဟုနုတ်ကထွက်ကျလာသည်။
မင်းတို့ ဟာရော… ဟုတ်ရဲ့လားကွဟုစောဒကတက်မိသည်။ ဟုတ်ပါတယ်ဗျ… မတွေ့ ဖူးလား… အဖေနဲ့ အမေနာမည်
သူပြောမှ ပြန်ကြည့်မိသည်၊ ဟုတ်ပါသည်… အဖေ ၊အမေနာမည်က ကျွန်တော့်ဆရာနဲ့ ဆရာကတော်နာမည်
မမှားပါ….. မှားနေတာက……….မဟုတ်ဖူး၊ မှားတယ်လို့ လည်းပြောမရ တခါမှမကြားဖူးသောနာမည်များ
ဘယ်သူမှမခေါ်သောနာမည်လေးများ၊ သန်းခေါင်စာရင်းတွင် လှပစွာ အစီအရီ၊ အထက်အောက် တညီတညာလေးတွေမို့  ဆွံအစွာ ကြည့်ပြီးတော့ ပြန်ပေးလိုက်မိသည်။တဆက်တည်း ပါးစပ်က  ရွတ်ကြည့်နေမိတော့သည်။

ပြည့်မှူးမှူးပိုင်ဝင်းရွှေ
ပြည့်ထူးထူးပိုင်ဝင်းရွှေ
သွန်းနဒီလင်းလက်
ယွန်းဝဒီလင်းလက်
ယမင်းသော်တာရွှေ
ယမင်းစန္ဒာရွှေ
ပြည့်စုံအေးရွှေ ………..ဟာလှလိုက်တဲ့ နာမည်လေးတွေ လမင်းမို့ မို့ တို့  လွန်းထားထားတို့ 
ထိုင်ငိုသွားရမဲ့ နာမည်လေးများကိုပိုင်ဆိုင်ထားတဲ့ သူတို့လေးတွေကို အများသိတာကတော့

ဘိုကြောင်
ဘိုကျား
မိကြွက်
မိယုန်
ပူးမ
ဝက်မ
ငနွား ……….ဆိုတဲ့ နာမည်လေးများလွှမ်းမိုးနေခဲ့တာကို ကျေနပ်နေတဲ့ သူတို့လေးတွေ….
ငယ်သေးလို့ ပဲ ဘာမှမပြောသေးတာလို့ ထင်မိသည်။ ခုတော့ဘယ်လိုနာမည်လေးတွေနဲ့ များ ရှေ့ ဆက်သွားနေကြသလဲဆိုတာ သိချင်လှသည်။ နောင်တချိန်ပြန်ရောက်ခဲ့ ရင်တော့ သွားလည်ရင် နာမည်လေးများမေးကြည့်ပြီး ကျွန်တော်သိခဲ့သော ကြောင်၊ ကျား၊ ကြွက်၊ ယုန်၊ ပူး၊ ဝက်၊ နွားကလေးတွေကို သူတို့ ရဲ့ နာမည်အရင်းလေးများနဲ့သာတွဲပြီး တွေ့ချင်မိတာ၊  ကျွန်တော်ဆန္ဒအမှန်ပါ 
အမှားများပါရင် ခွင့်လွတ်ပါလို့ ဆရာကိုဦးချတောင်းပန်ရင်း..တချိန်က ကျွန်တော့်ဆရာရဲ့မိသားစုလေးအကြောင်းကို
ပြန်လည်တွေးတောရင်း အမည်နာမဆိုတာ..........

လေးစားစွာဖြင့်
အမေ့သား

Thursday, February 14, 2013

ထာဝရလက်ဆောင်


ဖေဖေါ်ဝါရီ (၁၄)
ဗယ်လင်တိုင်းဒေးတဲ့
ချစ်သူများနေ့တဲ့
ဟုတ်တယ်…….
ချစ်သူတွေ ခြေချင်းလိမ်လို့
နှင်းဆီပန်းတွေပေး
ချောကလက်တွေ
အပြန်အလှန်ပေးလို့
အနမ်းတွေခြွေ ကြတယ်။

ချစ်သူရယ်
ကိုယ့်အတွက်တော့
မင်းကို ပေးစရာ
နီရဲရဲနှင်းဆီပန်းလည်း
ကိုယ့်မှာမရှိပါဖူး၊
ချောကလက်ဆိုတာလည်း
ကိုယ့်မှာမရှိပါဖူး၊
ဟန်ဆောင်အနမ်းတွေလည်း
ကိုယ့်မှာပေးစရာမရှိပါဖူး …..ချစ်သူ

တခုတော့ရှိတယ်...... ချစ်သူ
ကြင်နာမှုတွေ ပြည်နှက်နေတဲ့
ကိုယ့်နှလုံးသား မင်းကိုပေးခဲ့တာ
နှစ်ပေါင်းကြာခဲ့ပြီ။
ကိုယ့်အနမ်းတွေကလည်း
မင်းအတွက်နွေးထွေးနေဆဲ
ကိုယ့်မြတ်နိုးမှုတွေကလည်း
မင်းအတွက် နုးညံ့နေဆဲ
ကိုယ့်အကြင်နာတွေကလည်း
မင်းအတွက် လတ်ဆတ်နေဆဲ
ကိုယ့်မေတ္တာတွေကလည်း
မင်းအတွက် အေးမြနေဆဲ
ကိုယ့်ရင်ခွင်ဟာလည်း
မင်းအတွက် လုံခြုံနေဆဲပါ...... ချစ်သူ

မင်းအတွက် နှင်းဆီမလိုပါဖူး
ကိုယ် ထာဝရမင်းအနားမှာရှိပါတယ်
မင်းအတွက် ချောကလက်မလိုဖူး
ကိုယ် ထာဝရမင်းအတွက်ရှိပါတယ်

မင်းကိုပေးနိုင်တာ
တခုပဲရှိတယ်...... ချစ်သူ
သူတို့တွေပြောကြတဲ့
ချစ်သူများနေ့....
ဖေဖေါ်ဝါရီ (၁၄)
ဗယ်လင်တိုင်းဒေးအတွက်
မင်းတယောက်ထဲကိုပဲ
တသက်လုံးချစ်နေမဲ့
ကိုယ့်ရဲ့ကိုယ်ကျင့်တရား
မင်းအတွက်………
ထာဝရလက်ဆောင်ပါ....... ချစ်သူ


အမေ့သား

(၁၄-၂-၂၀၁၃) (၀၀း၀၁) 





Thursday, February 07, 2013

ကျွန်တော်နဲ့ တရုတ်နှစ်ကူး

ဘာ ....... တရုတ်နှစ်ကူးကို ဆယ်ရက်တောင်ပိတ်မယ်၊
ဟုတ်ရဲ့လား ...... သေချာလို့ လားကွာ
မယုံတဝက်နဲ့ လာပြောပြသော သူငယ်ချင်းကို မဖြစ်နိုင်တာကွာလို့ ပြန်ပြောလိုက်သည်။
ကျွန်တော် ဒီကုမဏ္ဍီရောက်ကတည်းက တနှစ်မှမပိတ်ခဲ့ သလို
အမြဲတမ်း အရံလူအဖြစ်နေခဲ့ရတာ နှစ်ပေါင်းမနည်းတော့ပါ။
စလုံးတရုတ်၊မလေးတရုတ်တွေပြန်သွားတိုင်း အစားထိုးလုပ်ခဲ့ရတာချည်းပင်။
ဒီတခါထူးထူးခြာခြား (၁၀)ရက်တောင့်ဆိုတော့ မဖြစ်နိုင်လောက်ပေ။

နောက်နေ့ မနက် အလုပ်က leader က email လာပြသည်။သေချာပါသည်၊
(၈)ရက်နေ့ ကစလို့  (၁၇)ရက်နေ့ အထိပိတ်သည်တဲ့ ၊
ပိုဒေါသဖြစ်တာက ခွင့်(၄)ရက်ဖြတ်ခြင်းပင်။ မဆိုင်လိုက်တာမှ လုံးဝမဆိုင်၊
ဘာဆိုင်လည်း ကန်ပနီ ပိတ်တာပဲ ပိတ်ပေါ့ (၁)လပိတ်လည်းဂရုမစိုက်ပေ၊
မဖြတ်နဲ့ မပေးနဲ့  တရားမျှတသည်။ အခုတော့ သူတို့ ဖာသာသူတို့ ပိတ်ပြီး
ကိုယ့်ခွင့်ထဲကအဖြတ်ခံရမည်ဆိုတော့ ဟိုဟာ ကြမ်းညပ်တာထက်နာသည်။
မန်နေဂျာကို သွားတက်ပြောဖို့ email စာရွက်ယူအပေါ်ထပ်တက်လာခဲ့ သည်။
ဒေါသတွေက ထိန်းမရတော့ တံခါးကို အုန်းကနဲ့ တွန်းဖွင့်ဝင်ပြီး မန်နေဂျာကို
စေ့စေ့ကြည့်ရင်း ရင်ထဲအောင်းထားသောစကားလုံးများ တရစပ်ပြောလိုက်သည်။
ကိုယ်ပြောချင်တာကိုယ်ပြောလိုက်ရလို့ အတော်တော့နေသာထိုင်သာရှိသွားသည်။
မန်နေဂျာလည်းအံ့သြသွားသည၊် တခါမှကိုယ်ဒီလို မပြောဖူး မဆက်ဆံခဲ့ ဖူးတော့
သူအတော်နားလည်ခက်သွားသောပုံစံဖြစ် ကိုယ့်ကိုကြည့်နေစဉ်တံခါးကို တွန်းဖွင့်ပြီး
အောက်ထပ်ပြန်ဆင်းလာခဲ့ သည်။ ဒေါသကတော်တော်နဲ့ ထိန်းမရ၊ဘာလုပ်မလဲ
(၁၀)ရက်ကြီးတောင် မြန်မာပြည်ပြန်တာကလွဲလို့ ရက်ရှည်ရှည် စလုံးမှာ
တခါမှမနားဖူး၊ အံကိုကြိတ်ပြီး တောက်တချက်ပြင်းပြင်းခေါက်လိုက်မိသည်။
လုပ်ထားအုံးပေါ့ကွာ။

အိမ်ပြန်ရောက်တော့ ဇနီးသည်နဲ့  တိုင်ပင်ရပြီ၊
ဘာလုပ်မလဲ? ဘယ်သွားမလဲ?ဘယ်လိုအချိန်တွေကို ဖြုန်းမလဲ?
ကံကောင်းခြင်းတွေက တခါတလေကိုယ့်ဖက်မှာရှိနေတတ်သည်။
စနေ. နဂါးအမျိုးများဖြစ်တဲ့ အစ်မတယောက်က သူ့ အိမ်ကို
လာရောက်စားသောက်ဖို့ ဖိတ်သည် ရက် က (၉-၂-၂၀၁၃)
ဟုတ်ပြီ၊...... တရက်တော့အဆင်ပြေပြီ.........
သိပ်မကြာလိုက် အဖေစီက ဖုန်းဝင်လာသည်၊
အရင်ကန်ပနီက မန်နေဂျာ မြန်မာအစ်ကို ကြီးအိမ်က နှစ်ကူး
ဝါးတီးတဲ့ (၁၀-၂-၂၀၁၃) အူစိုပြီးပေါ့......
ဘာပဲပြောပြော(၂)ရက်လောက်အပြင်မှာသွားလာစားသောက်ရလျှင်ပဲ
အချိန်ကုန်မှန်းမသိကုန်သွားနိုင်သည်။
ဟောဗျာ ရွာက သူကြီးမင်း စလုံးရောက်နေတယ်တဲ့....
ဖိုးစိန်တို့ အိမ်မှာ တည်းမယ်တဲ့ တရက်တော့ ရွာသားတွေနဲ့ ဆုံချင်တယ်ပြောလာလေပြီ
ကိုရင်ငါးကြော်၊ ကိုရင်ဘ၊ ကိုရင်ဒီဘီတို နဲ့လည်း တွေ့ ချင်သည်ဟု သူကြီးမင်း မိန့်သည်တဲ့ ။
အားရဝမ်းသာမေးရသည်၊ဘယ်နေ့ လည်း လို့ ? (၁၁-၂-၂၀၁၃) တဲ့  ထီပေါက်သလိုပျော်သွားသည်။
(၃)ရက်စာတော့ အိုကေမှာစိုပြေသွားလေသည်။

ဒီနေ့မနက် အလုပ်ကို နောက်ကျမှရောက်သွားသည်၊
ကမြင်းမ မိုးကြောင့် အလုပ်နောက်ကျတာ (၂)ရက်တောင်ရှိလေသည်၊
ရောက်ရောက်ခြင်းစောက်နဲ့ ထွင်းဆိုသလို မန်နေဂျာကလာပါအုံးတဲ့ ........
အပေါ်ထပ်ကို တက်သွားတော့ လာ...... ထိုင် .....မင်းကိုပြောစရာရှိလို့ 
အိုကေ....ပြောပေါ့ ကန်ပနီမှာ တရုတ်တွေများတာ မင်းသိတယ်နော်တဲ့ ...
အေးလေ.....သိတာပေါ့ သူတို့ကြောင့်ပဲ အလုပ်နားရတာလေ၊ အခုသူတို့ နှစ်ကူးမို့ ပြန်တဲ့ သူတွေများတယ်။
အလုပ်က နည်းနည်း အရေးကြီးတဲ့ အလုပ်ပေါ်လာလို့  အဲ့တာ မင်း ဆင်းပေးလို့ ရမလားတဲ့
(၁၃/၁၄/၁၅) တဲ့  ဘာ.........ဆိုတဲ့ အသံက အခန်းသေးလေးထဲ အတော်ဟိန်းသွားသည်။
ပထမကတော့ တကန်ပနီလုံးပိတ်တယ၊်ကန်ပနီပိတ်တာမို့ ခွင့်ကမယူမနေရသဘောမျိုးနဲ့ ဖြတ်တာ
အခုကြတော့ တောက်.........
ဒေါသတွေ လိမ့်တက်လာရပြန်ပြီ ၊ အခုဆီထမင်း ၊အခုမုန့် ဆီကြော် အမျိုးမျိုးလုပ်ချင်တိုင်းလုပ်တာကို
ငြိမ်ခံနေရင်တော့  ငယ်နိုင်ဖြစ်သွားလိမ့်မယ်လေ၊ ဒီတော့ မျက်နှာကို စေ့စေ့ကြည့် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး
တခွန်းထဲပြောခဲ့ သည်။ပြီးတော့ အခန်းထဲက ပြန်ထွက်လာသည်။ အာရုံထဲတွင် ဘာမှမရှိ.........
(၉-၂-၂၀၁၃) စနေသမီးရဲ့ စားသောက်ပွဲရယ်
(၁၀-၂-၂၀၁၃) နှစ်ကူးပွဲရယ်
ရွာကသူကြီးမင်းနဲ့ တွေ့ မဲ့ (၁၁-၂-၂၀၁၃)ရယ်သာ စိတ်ထဲမှတ်ပြီး ပြုံးပြုံးကြီးပြန်ဆင်းလာခဲ့ သည်။



သြော်.....မေ့လို့ အမေ့သား မန်နေဂျာကို ဒေါသတကြီးပြောခဲ့တာတွေကို သိချင်မှာပေါ့နော်
ပြောပြမယ်....ပထမတခါတုန်းက.ဒေါသတွေတအားထွက်ပြီး ပြောခဲ့တယ် ဆရာရယ်
(၁၀)ရက်လုံးတော့မပိတ်ပါနဲ့ (၃-၄)ရက်တော့ ဖွင့်ပေးပါ၊ခွင့်တွေလည်းမရှိတော့လို့ပါလို့
ပိတ်ပြောလိုက်တယ်။

ဒုတိယအကြိမ်ကြတော့.....ဆရာရယ် (၈း၀၀၀)ကနေ(၅း၃၀)ထိပဲလား အချိန်ပိုလေးရောမပါဖူးလားလို့
မေးပြီး ၊ပြတ်ပြတ်သားသားပဲလုပ်မယ်လို့ပြောခဲ့တာဗျ.......

အမေ့သား (၁၃၊၁၄၊၁၅) အလုပ်ဆင်းရမယ်ဗျို့ 

နှစ်ကူးပိတ်ရက်မှာ ပျော်ရွှင်ကြပါစေလို့ဆုတောင်းရင်း


လေးစားစွာဖြင့်
အမေ့သား

Saturday, January 26, 2013

ငါ့ ကိုလာမခေါ်နဲ့ 


ငါ မသေနိုင်သေးဖူး
ငါ့ အမေ ရင်ခွင်နွေးထဲ
တိုးဝင်လို့ မှေးစက်
ကျောသပ်ချော့မြူ
မေတ္တာပေးနေသမျှ .............

ငါ မသေနိုင်သေးဖူး
ငါ့ အဖေ လက်ရုန်း
အုပ်မိုးလို့ လွှမ်းခြုံ
ပြောဆိုဆုံးမနေသမျှ...........

ငါ မသေနိုင်သေးဖူး
ငါ့ နှမညီဘွား ငါ့အနား
အစ်ကိုကြီးမို့ အဖရာ
အားကိုးနေသမျှ ...........

ငါ မသေနိုင်သေးဖူး
ငါ့ ချစ်ဇနီး ရှုမငြီး
ငါ့ ဘေးမှာနေ
ငါ့ အကြင်နာ တွေကို
ထွေးပွေ့ နေသမျှ ...........

ငါ မသေနိုင်သေးဖူး
ငါ့ မိတ်ဆွေ
ငါ့ သူငယ်ချင်း
ဖေးကူလို့  လက်တွဲ
ဆွေးနွေးတိုင်ပင်နေသမျှ

ငါ မသေနိုင်သေးဖူး
ငါ မသေနိုင်သေးဖူး
ငါ့ ကို လာမခေါ်နဲ့ 


အမေ့သား