Wednesday, November 19, 2014

သွေးပန်းချီ

အတွေ့အထိလေးတခု
ကိုယ့်ပေါ်ရောက်လာ
ရုတ်တရက် လန့်နိုး
ကိုယ်ကြည့်လိုက်တော့
အိပ်မောကျနေတဲ့
ကိုယ့်ပန်းချီကားနှစ်ချပ်
ဆေးရေးကောက်ကြောင်း
အရောင်အဆင်း တူညီ
ပွင့်ဖူးဝေဆာနေသော
နူတ်ခမ်းပန်းလေး နှစ်ပွင့်။

တချိန်က တသသကြည့်
ရေးဆွဲချယ်မှုန်းခဲ့သော
နှလုံးသားပုံတူ ပန်းချီကား
ထိုနည်းတူစွာ ဖြစ်တည်ခဲ့တဲ့
ဒုတိယမြောက်ပန်းချီကား
ဒီပန်းချီကားနှစ်ချပ်ဟာ
အံ့သြစွာ တူညီလို့နေ
ကိုယ့်နှလုံးသားပုံတူဟာ
ပန်းချီကားသာ နှစ်ချပ်ဖြစ်ပေမဲ့
ခွဲခြားမရတဲ့ တခုတည်းသော
ကိုယ့်ရဲ့ အသွေးနဲ့ အသား။

ကိုယ့်ရဲ့
အသွေးနဲ့ရေးချယ်ခဲ့တဲ့
အသား ကင်းဘတ်ပေါ်က
သွေးပန်းချီကားလေးနှစ်ချပ်
အပြစ်ကင်းစွာ အိပ်မောကြနေတယ်။

အမေ့သား
၁၈/၁၁/၂၀၁၄