Tuesday, November 29, 2011

ပလက်ဖောင်းပေါ်ကကလေးငယ်များ

သူငယ်ချင်းတယောက်ရဲ့  ပိုစ်လေးပါ ခံစားရလွန်းလို့ပြန်လည်မျှဝေခြင်းပါ။

ပလက်ဖောင်းပေါ်ကကလေးငယ်များ..(ကြည်ဝေ)

အချိန်က နေ့လယ် ၁၂ နာရီခန့် ၊ ရန်ကုန်မြို့ ဒေါပုံမြို့နယ်ထဲက ကားမှတ်တိုင်တခုမှာပါ။ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစီးထိုးစိုက်လိုက်တိုင်း ကားနားကိုပြေးကပ်သွားပြီး ဈေးရောင်းနေတဲ့ ဈေးသည်အများစုဟာ ဌေးဌေးတို့အရွယ် အသက် ၁၀ နှစ် ၀န်းကျင် ကလေးတွေဖြစ်နေတတ်တာများပါတယ်။
ဈေးဗန်းကလေးတွေကို ရွက်ရင်း အရှိန်မသေသေးတဲ့ ကားဘေးကနေသူ့ထက်ငါ အလုအယက် အော်ပြီး ရောင်းနေတဲ့ ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးကလေးဈေးသည် တွေဟာ ခုလို နေပူပူ၊ ကားကျဲကျဲဖြစ် တဲ့နေ့လယ်ခင်းပိုင်းတွေမှာသာ လိုင်းကားတွေ နားကပ်ပြီး ဈေးရောင်းနိုင်တာဖြစ်ပါတယ်။
 

                             ကန်စွန်းဥပြုတ်သည်လေး ဌေးဌေး (ဓာတ်ပုံ - ကြည်ဝေ)

စည်ပင်သာယာဥပဒေအရ ဘက်စ်ကားမှတ်တိုင်တွေမှာ ဈေးရောင်းခွင့်မရှိသလို၊ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တွေကိုလည်း ကားတွေအနားကပ်ပြီး ဈေးရောင်းခွင့်မရှိပါဘူး၊ တွေ့ခဲ့ရင်လည်း ဈေးဗန်းသိမ်းတဲ့အပြင် ဒဏ် ငွေဆောင်ရကြောင်း ဈေးသည်များထံမှ သိရပါတယ်။

ခုလို နေမင်းခေါင်းတည့်တည့်ရောက်နေချိန်မျိုးမှာသာ အဖမ်းအဆီးနည်းပါးတဲ့အတွက် ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေဟာဘတ်စ်ကား ဂိတ်တွေနားမှာ မယောင်မလည် ရပ်ရင်းကနေ ဈေးခိုးရောင်းနေရတာဖြစ်ပါတယ်။

ခြစ်ခြစ်တောက်အောင် ပူနေတဲ့ နေပူရှိန်ကြောင့်  ပိန်ပိန်ခြောက်ခြောက် ဌေးဌေးတကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး၊ မနက်ကတည်းက ထူပိန်းနေအောင် လိမ်းခဲ့တဲ့ သနပ်ခါးတွေလည်း ခပ်မည်းမည်းပါးပြင်မှာမရှိ ကြတော့ဘဲ ချွေးတွေနဲ့ စေးကပ်ကပ်ဖြစ်နေပါပြီ။

ဒါပေမယ့် ဌေးဌေးကတော့ မှတ်တိုင်မှာ လိုင်းကားတစီးထိုးရပ်လိုက်တိုင်းဘ၀တူ ကလေးဈေးသည်တွေနဲ့ အပြိုင် ခြေလှမ်းကျဲကျဲလှမ်းပြီး ကားဆီကိုသူ့ထက် ဦးအောင်ပြေးရင် ကားပေါ်က ခရီးသည်တွေကို ကန်စွန်း ဥပြုတ်၊ ကန်စွန်းဥပြုတ် ယူပါဦး၊ ၀ယ်ပါဦးလို့ တက်တက်ကြွကြွနဲ့ အော်ဟစ်ရင်းဈေးရောင်းနေဆဲဖြစ်ပါတယ်။

အဲဒီလို အရှိန်မသေသေးတဲ့ ကားတွေနားပြေးကပ်သွားတဲ့အခါတိုင်း ကားဘီးကြီးတွေအောက်မှာ ခြေထောက်ဝင်မသွားအောင်လည်း သတိထားရတဲ့အကြောင်းဌေးဌေးက ပြောပြပါတယ်။

"သမီးသူငယ်ချင်း မစော ခြေထောက်ကို ကားကြိတ်သွားကတည်းက သမီးတို့အားလုံးလန့်သွားကြတာပဲ၊ ကားအောက် ခြေထောက်ဝင်သွားမှာတော့ ကြောက်တယ်" လို့ သူမကပြောပါတယ်။

သင်္ယန်းကျွန်းကနေ ဈေးလာရောင်းတဲ့ ဌေးဌေးဟာ အိမ်ကနေ မနက်ကတည်းကထွက်ခဲ့ပြီး ဒီကားဂိတ် အရောက်လမ်းတလျှောက်လုံးဈေးရောင်းလာရတာဖြစ်ကြောင်း ၊ ကန်စွန်းဥပြုတ် ၁ ခု ကို ၁၀၀ ကျပ်ဈေးနဲ့ ရောင်းခြင်းဖြစ်ပြီး ပါလာသမျှ အကုန်ရောင်းရတဲ့နေ့တောင်မှ ကျပ် နှစ်ထောင် ကျော်လောက်သာရလေ့ရှိပြီး ဈေးရောင်းပါးတဲ့နေ့များဆို ကျပ် ၁၀၀၀ ပြည့်အောင်ပင် မနည်းရောင်းရကြောင်း သူမကပြောပြပါတယ်။

ဒီကားဂိတ်လေးမှာ ဌေးဌေးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီလောက်ထိပုံမှန်ရောက်လာပြီး ဈေးရောင်းပါတယ်။ သူမဟာ မောင်နှမများတဲ့ မိသားစုဝင်တဦးဖြစ်တဲ့အတွက် ကျောင်းမနေနိုင်ဘဲ အိမ် မှာအမေကိုကလေးကူထိန်းပေးရပါတယ်။ ခုလို ရာသီအလိုက် ရာသီစာရောင်းခဲ့တာခုဆိုလျှင် ၃ နှစ်ရှိပြီ လို့ သူမက ညည်းညူပါတယ်။

ဌေးဌေးလိုပဲ ဘ၀တူဈေးရောင်းဘက်တဦးဖြစ်တဲ့ သိန်းစိန်ကတော့ဈေးရောင်းတဲ့အလုပ်အပြင် လူခေါ်ပေး တဲ့အလုပ်ကိုပါ တွဲလုပ်တဲ့အတွက် သူက ပိုကိုက်တယ်လို့ ဌေးဌေးက ကြက်ဥပြုတ်ရောင်းနေတဲ့ သိန်းစိန်ကို လှမ်းပြီးမေးငေါ့ပြပါတယ်။



                      တနေ့ ငွေ ၃၀၀၀ ပါမှ အိမ်ပြန်ရဲတယ်ဆိုတဲ့ သိန်းစိန် (ဓာတ်ပုံ - ကြည်ဝေ)

သိန်းစိန်ဟာလည်း ဌေးဌေးလိုပဲ ပိန်ကပ်ကပ်၊ မည်းခြောက်ခြောက်နဲ့ ၁၂နှစ်အရွယ် ကလေးတယောက်ပါ။
အဲဒီ သိန်းစိန်ဆိုတဲ့ ပိန်ကပ်ကပ်နဲ့ကလေးဟာ အိမ်ကို တနေ့ ငွေ ၃၀၀၀ အပ်ရကြောင်း၊ အဲဒီ ငွေ ၃၀၀၀ ရဖို့အတွက် သိန်းစိန်ဟာဈေးရောင်းတဲ့ အလုပ်အပြင် တခြားအလုပ်တွေကိုပါ လုပ်နေရကြောင်း၊ ငွေ ၃၀၀၀ ပြည့်အောင် မရှာနိုင်တဲ့နေ့ဆိုရင် သိန်းစိန်တယောက် အိမ်မပြန်ရဲလို့ လျှောက်သွားနေရကြောင်း ဌေးဌေးက ပြောပြပါတယ်။

"သမီးတို့က အိမ်ကို ရသလောက်ပဲ ပေးလို့ ရတယ်၊ အမေက ဘာမှ မဆူဘူး၊ သူ့အိမ်ကတော့ မရဘူး သူ့ဦးလေးလား သူ့အဖေလားမသိပါဘူး ငွေ ၃၀၀၀ မပြည့်တဲ့နေ့ဆိုရင် သူ့ကို အရမ်းရိုက်တာတဲ့၊ အရမ်း နာတာပဲတဲ့၊ အဲဒါကို ကြောက်လို့ သူက ငွေ ၃၀၀၀ မပြည့်ပြည့်အောင်ရှာရတာ"လို့ ဌေးဌေးက ဆိုပါတယ်။

ဌေးဌေးပြောသလိုပဲ သိန်းစိန်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးဟာကြက်ဥပြုတ်ရောင်းတာအပြင်အပျော် အပါးလိုက်စားချင်သူတွေကို နေရာရှာပေး၊ လူခေါ်ပေးးတဲ့အလုပ်ကိုလည်း လုပ်တယ်လို့ သိရပါတယ်။

ပြည့်တန်ဆာ လိုချင်တဲ့သူတွေကို ပြည့်တန်ဆာရှာပေးရင် ပြည့်တန်ဆာဆီက ငွေ ၅၀၀ ကျပ်နဲ့ ရှာခိုင်းတဲ့သူ ဆီက ပေးတဲ့ ငွေကြေးအနည်းအကျဉ်းကိုရတတ်တဲ့အပြင်၊ အဲဒီကားဂိတ်အနားက တည်းခိုခန်းတွေဆီကို ခေါ်သွားပေးရင်လည်းတည်းခိုခန်းက သိန်းစိန်ကို တခါခေါ်လာ ကျပ် ၂၀၀ နှုန်း ပေးတဲ့အတွက်သိန်းစိန်ဟာ ငွေရှာတော်တဲ့ ကလေးတယောက်အဖြစ် ကလေးဈေးသည်တွေကြားမှာနာမည်ကြီးပါ။

"ကျနော်ဈေးရောင်းရုံနဲ့ ငွေ ၃၀၀၀ မရပါဘူး၊ ဧည့်သည်ရှာပေးနိုင်မှကိုက်တယ်၊ ဧည့်သည်ပါးတဲ့နေ့ ဆိုရင် သိပ်မကိုက်ဘူး"လို့ သိန်းစိန်က ပြောပြပါတယ်။

ဒုတိယတန်းအထိ ကျောင်းနေဖူးတဲ့ သိန်းစိန်ဟာ သူကြီးလာတဲ့အခါ ကားဆရာ(ယာဉ်မောင်း)တယောက်ဖြစ် ချင်တယ်လို့ ပြောပြပါတယ်။

ကျောင်းလုံးဝ မနေခဲ့ဘူးတဲ့ ဌေးဌေးကတော့ သူ ဘာဖြစ်ချင်လည်းဆိုတာမပြောပြတတ်ပါဘူး၊ ဒါပေမယ့် သူကတော့ သူ့အမေကိုကောင်းကောင်းမွန်မွန်ထားချင်တယ်၊ သူ့ ညီမလေးကိုလည်းကျောင်းထားချင်တဲ့ အတွက် သိန်းစိန်လိုပဲ ပိုက်ဆံများများရှာချင်တယ်လို့သူ့ဆန္ဒကို  ပြောပြပါတယ်။

သိန်းစိန်လို၊ ဌေးဌေးတို့လို စားဝတ်နေရေးအတွက်၊ မိသားစုအတွက် အလုပ်လုပ်နေကြတဲ့ ကလေး စားပွဲထိုး တွေ၊ ကလေးဈေးသည်တွေ၊ ကလေးအလုပ်ကြမ်းသမားတွေ၊ ကလေးပန်းရံတွေ၊ ကလေးစစ်သားတွေ၊ ကလေးဧည့်ကြိုတွေ စတဲ့ ကလေးတွေ ဘာဖြစ်လို့စာသင်ခန်းပြင်ပ ရောက်နေကြတာလဲ ဆိုတဲ့ အဖြေက တော့ လူတိုင်းသိတဲ့အဖြေမျိုးဖြစ်နေပါပြီ။

ဆင်းရဲကြပ်တည်းကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ်မွေးထာတဲ့ကျောင်းနေအရွယ် သား၊သမီးတွေရဲ့ စားဝတ်နေရေးကို တာဝန်မယူနိုင်တဲ့အပြင်ကလေးတွေရဲ့ လုပ်စာပါ ပူးပေါင်းပါဝင်မှ စားလောက်ရုံ အခြေ အနေမျိုးကိုရောက်နေကြပါပြီ။

အဆိုပါ ကားဂိတ်အနီးက စားသောက်ဆိုင် ၁ ဆိုင်မှာ အလုပ်ဝင်နေတဲ့ မိခင်တဦးကလည်းသူမရဲ့ အသက် ၁၃ နှစ်အရွယ် သမီးကို ခုလို ဈေးရောင်းခိုင်းနေရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲရကြောင်း၊ မတတ်သာတဲ့ အဆုံးခုလို ခိုင်းနေရခြင်းဖြစ်ကြောင်း ပြောပါတယ်။

"ကျောင်းစရိတ်မတတ်နိုင်တော့ ကျောင်းမထားနိုင်တော့ဘူး၊ အငယ် တယောက်ကိုလည်း ကျောင်းထားရ တယ်၊ နောက်ပြီးတော့ သူ့အဖေရဲ့ လုပ်အားခက တနေ့ကို ၁၅၀၀ ပဲရတယ်၊ ကျမကလည်း တနေ့ ၁၀၀၀ ပဲ ရတယ်ဆိုတော့ သမီးကြီးဈေးရောင်းလို့ရတဲ့ ငွေပါမှ စားလောက်တာမို့ ခိုင်းရတော့တာပဲ"လို့ ပြောပါတယ်။

မိသားစုဝင် ငါးဦးရှိတဲ့ သူမတို့မိသားစုအတွက် တနေ့ မီးဖိုချောင်စရိတ်က ဆန်အတွက် ငွေ ၅၀၀၊ ဆီအတွက် ၁၀၀၊ ထင်းဖိုး ၁၀၀၊ ရေဖိုး ၂၀၀ ကျပ်၊ ဖယောင်းတိုင်ဖိုး ၂၀၀ကျပ်၊ ကလေးမုန့်ဖိုးနဲ့ ကားခ  ၃၀၀ ကျပ် နဲ့ ဟင်းဖိုး ၁၀၀၀ ကုန်ကျပြီး သူ့ဖခင်ရဲ့ လမ်းစရိတ်က ၁ နေ့ ၅၀၀ ကျပ်၊ သမီးဖြစ်သူ ဈေးရောင်းဖို့အတွက် ဈေးရင်း  ၁၀၀၀ကျပ် လိုအပ်ကြောင်း၊ ဈေးရောင်းရာမှ မြတ်သည့် ငွေကို  အိမ်လခနှင့် အငယ်ကျောင်းစရိတ် အတွက် ဖယ်ထုတ်ထားရသေးကြောင်း သိရပါတယ်။

မိသားစုအတွက်၊ စားဝတ်နေရေးအတွက် စာသင်ခန်းပြင်ပမှာ အစတေးခံနေကြရတဲ့ ကလေးငယ်တွေကို မြင် ရတိုင်း သူတို့နောင်ရေးအတွက် စိတ်မကောင်းဖြစ်ရကြောင်း ကျောင်းဆရာမတဦးက ပြောပြပါတယ်။

"ဒီကလေးတွေရဲ့ အနာဂတ်တွေကို ကျမ တွေးမကြည့်ရဲဘူး၊ အသက်ငယ်ငယ်လေးတွေနဲ့ မနိုင်ဝန်တွေ ထမ်းနေကြရတော့ သူတို့ရဲ့ စိတ်တွေဟာ ပျက်စီးပြီးသားဖြစ်နေမှာပဲ၊ သူတို့ ကြီးလာတဲ့အခါ ဘယ်လို လူမျိုး တွေဖြစ်လာပြီး ကျမတို့ တိုင်းပြည် ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးရဲပါဘူး"လို့ ဆရာမက ဆိုပါတယ်။

Sunday, November 27, 2011

အမေ့သား နဲ့ သိကြားမှာတမ်း

အသင်လူသား......... အသင်လူသား........ဟု ခေါ်သံနှင့်အတူအမှတ်မထင်လှုပ်နိုးခံရသောကြောင့်
အိပ်ရာမှလန့်နိုးခဲ့စဉ်ကိုယ်ရောင်ကိုယ်ဝါတောက်ပြောင်ခါ ရွှေရောင်တလက်လက်နဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်နေသည်။
မိုင်နိမ်းအစ်...သကြား။ဝှစ်အစ်ယူအာနိမ်းဟုပြောလာသဖြင့်ကြောက်ကြောက်လန့်လန့်ပင်အိုင်အမ်အမေ့သားဟု
တုန့်ပြန်လိုက်မိသည်။အိမ်း..ငါကိုယ်တော်အခုလာရတဲ့အကြောင်းကအရေးကြီးတယ်ကွဲ့နတ်ပြည်တပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ အတွက်လာရခြင်းဖြစ်တယ်။မနေ့ကစက်တော်ခေါးနေတုန်းငါ့ကိုယ်တော့်မွေ့ရာတင်းတင်းလာလို့ လူ့ပြည်ကို့  နီကွန်နဲ့ထိုးချိန်လိုက်တော့အမယ်...အမယ်.မင်းကလည်းကန်နွန်ကြီးတကားကားနဲ့ဆိုတော့မင်းနဲ့ငါကိုယ်တော် လိုင်းတူတယ်ဆိုပြီးအသင့်ကိုကိုယ်ရောင်ပြရတာပဲ။အေး..အကြောင်းကတော့အသင်တို့AaBဘလော့ဂါအဖွဲ့ကပြီးခဲ့တဲ့
အခေါက်တုန်းကပခုက္ကူရေဘေးအတွက်စွမ်းစွမ်းတမံကုသိုလ်ပြုခဲ့တယ်ဆိုတာငါကိုယ်တော်ရဲ့သကြားမင်းဒေါ့ကွန်းက
နေတဆင့်ဖေ့ဘွတ်မှာဖတ်လိုက်ရတယ်။အဲဒီကတည်းကအသင်တို့တွေအတွက်နတ်ပြည်မှာကြိုပွိုင့်လုပ်ထားပြီးသားကွဲ့။
အေးဒါပေမဲ့အဲဒီအချိန်တုန်းကတော့ငါကိုယ်တော့်မှာနတ်သမီးလေးတွေကတဖက်ထောင်သောင်းမကရှိတော့ပြသနာ
မဟုတ်ပေဖူး။အခုသူတို့လေးတွေလည်းလူ့ပြည်ကမော်ဒယ်ရှိုးတွေသွားသွားကြည်ပြီးပြန်မလာကြတော့ငါကိုယ်တော်မှာ
တော်တော်နည်းနေပြီဟ၊လက်ရှိရှိနေတဲ့နတ်သားတွေကလည်းသူတို့ရှယ်ယာလေးတွေခွဲမပေးချင်ကြသလိုသူတိုမှာ
လည်းမရှိတော့ဖူး။ဟော...အခုတခါအသင်တို့ကမပြည်စုံတဲ့ကျောင်းသားကျောင်းသူကလေးတွေကိုလှူဖို့ ကြိုးစားနေကြ
တယ်ဆိုတော့အသင်တို့AaBအဖွဲ့သားတွေနတ်ပြည်ရောက်ကြမှာသေချာတယ်။ခက်နေတာကရောက်လာမဲ့နတ်သမီး
လေးတွေကိုငါကိုယ်တော်ကအသင်တို့ကိုမရှယ်နိုင်တာပဲ။ဒီတော့အသင်တို့အဖွဲ့ထဲကနတ်leaderတွေဖြစ်လာမဲ့ ကကလူသစ်၊ကအောင်ခင်မြင့်၊ကဟင်နရီ၊ကဌေးအောင်၊ကTOIတို့ကိုကြိုပြောထားပေးစမ်းပါအသင်အမေ့သား....
နတ်ပြည်ရောက်လာရင်ဘုံဗိမ္မာန်အတွက်မပူလေနဲ့၊ငါကိုယ်တော်အကုန်စီစဉ်ထားပေးမယ်၊တခြားသောနတ်စည်းစိမ်
တွေလည်းအကုန်ရရစေမယ်လို့အဲ...တခုပဲသည်းခံပေးကြဖို့ရောက်လာမဲ့နတ်သမီးလေးတွေကတော့ငါကိုယ်တော်
အတွက်ပဲ။ဒါပေမဲ့သူတို့ဖာသာတခါတည်းလူ့ပြည်ကခေါ်လာရင်တော့ငါကိုယ်တော်ရှယ်ယာမခွဲပါဖူးလို့ကြိုပြောထားပေးစမ်းကွယ်။ကျန်တဲ့နတ်သားဖြစ်လာမဲ့အထဲမှာသက်ဇော်ထွန်းရဲ့မိုးယုစံလေးကိုငါကိုယ်တော်သဘောကျတယ်၊ဒါပေမဲ့မရှယ်ပါဖူးလို့သိကြားကတိပေးထားတာဆိုတော့ရှိစေတော့ပေါ့၊အဲငါကိုယ်တော်သတိထားရမဲ့နတ်သားတွေကစိန်စိန်နဲ့ဘိုဘိုပဲ၊သူတို့မှာလက်ဆုပ်လက်ကိုင်မရှိသေးဖူးဆိုတော့ရင်လေးရတယ်၊ကျန်တဲ့သူတွေကတော့သူ့နတ်သမီးနဲ့သူလာမှာမို့စိတ်ပူစရာမရှိလှပေဖူး၊အရှင်သိကြားမင်း.သူ့နတ်သားနဲ့သူလာမဲ့နတ်သမီးတွေကြတော့အရှင်ဘယ်လိုများစဉ်းစားထားပါသလဲ။အေးအသင်ပြောမှစဉ်းစားမိတယ်၊သူ့နတ်သားနဲ့သူလာမဲ့နတ်သမီးတွေအတွက်ကတော့ခက်ပြီကွအမေ့သားရ၊ငါကိုယ်တော်ဒါကိုမစဉ်းစားခဲ့မိဖူး၊အကုန်လုံးငါကိုယ်တော်အပိုင်ပဲလို့ထင်ထားတာကွဲ့၊ အေးဒါဆိုအသင်ကူညီပေးမှရတော့မယ်၊အသင်တို့AaBမှာလက်ဆုပ်လက်ကိုင်မရှိပဲနတ်သမီးဖြစ်လာမဲ့သူတွေကိုငါကိုယ်တော်အတွက်စာရင်းပြုစုပေး၊ဟုတ်ပြီလား၊အသင့်အတွက်လက်ရှိအဖေ့သမီးအပြင်နတ်ပြည်ရောက်လာရင်ငါ့မှာရှိထားတဲ့အထဲကအပိုဆုပေးမယ်
အိုကေလား၊ကျွန်တော်မျိုးအတွက်ကအရေးမကြီးပါဖူး၊အဖွဲ့ထဲမှာလဲနတ်သမီးမပါလာပဲရောက်လာမဲ့နတ်သားတွေရှိပါ
တယ်၊သူတို့ကိုသာပေးလိုက်ပါဘုရား၊ဒီတယောက်နဲ့တင်ပါပဲဘုရား။
အသင်နဲ့ကလည်းစကားပြောကောင်းနေလို့မပြီးချေဖူး၊ နတ်ပြည်ရောက်လာမဲ့နတ်သမီးတွေဖြစ်တဲ့သုသက်ဝေ၊သုချစ်ကြည်တို့ဦးဆောင်ပြီးလာမဲ့နတ်သမီးတွေအတွက်
နတ်ပြည်က ကွန်ဒိုတွေကို ပြန်လည်ပြုပြင်ဖို့နတ်ဆောက်လုပ်ရေးအဖွဲ့တွေနဲ့ဆွေးနွေးစရာရှိသေးတယ်။
နတ်သားတွေအတွက်ရောဘုရား၊သူတို့ကအရေးမကြီးပါဖူး၊နတ်သားကြီးကလူသစ်ဦးဆောင်လာမှတော့ငါကိုယ်တော်ပူစရာမလိုလှပေဖူး၊ကဲကဲငါလည်းနတ်ပြည်ပြန်လစ်တော့မယ်၊တော်ကြာအသစ်လေးတွေမလာခင်လက်ရှိရှိတဲ့အဟောင်းလေးတွေပါသွားမှဒုက္ခရောက်နေအုံးမယ်အမေ့သားရေ၊
ဒီတခါအလှူလည်းအောင်မြင်ပါစေ၊
နောက်ထပ်ပြီးတော့လည်းလက်ဆုပ်လက်ကိုင်မရှိတဲ့နတ်သမီးလေးတွေပါဝင်လှူတန်းပါစေလို့ငါသိကြားဆုတောင်းပေးလိုက်တယ်ဟေ့၊ဘိုင့်ဘိုင်...စီးယူ၊အရှင်သိကြား......အရှင်သိကြား...ခဏလေးဘုရား..ခဏလေး၊ထိုစဉ်ဘာတွေယောင်
ပြီးအော်နေတာလည်းထထ အလုပ်သွားရမယ်မဟုတ်လားဟု အဖေ့သမီး လူပ်နိုး၍ အိပ်မက်မက်နေရာမှ လန့်နိုးကာနတ်သမီးတမျှ လှပနေသော အဖေ့သမီးကို ပြုံးပြုံးကြီးစိုက်ကြည့်မိနေပါတော့သည်။
(နတ်သမီး သုသက်ဝေအတွက် သိကြားမင်း အမှာ သိကြားမင်းရဲ့ နီကွန်သည် မော်ဒယ်နိမ့်နေပါသဖြင့် နတ်ပြည်လာခဲ့သည်အခါ ဒီ၇၀၀၀  တလုံးလောက်ဝယ်လာပေးပါရန်)

Wednesday, November 16, 2011

အမေ့သား နဲ့ ချစ်ရပါသော သောကြာ

သောကြာနေ့ မနက်
မိုးကလေးဖျောက်ဖျောက်ရွာနေသည်၊
အလုပ်လည်းမသွားချင်၊လုပ်လက်စ စက်တလုံးက ကိုယ့်လက်ထဲဆိုတော့ မသွား၍လည်းမဖြစ်ပေ။
အိပ်ရာကထရေချိုး၊အဝတ်လဲ၍အဖေ့သမီးသွားဆင်းယူထားပေးသောမိုးကာအင်္ကျီနဲ့ဘောင်းဘီကိုဝတ်ကာ ဆိုင်ကယ်ရှိရာဆင်းလာခဲ့သည်။ သောကြာနေ့သည်အစ်မသက်ဝေတို့၊ အဖေ့သမီးတို့လို စနေ၊တနင်္ဂနွေ
ပိတ်သောသူတွေအတွက်တော့သာယာသောနေ့တနေ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့အမေ့သားအတွက်တော့ ဟိုပတ်ပျိုးလေးလို"ထူးမခြားနား"ပေါ့။ဆိုင်ကယ်ကိုစီးပြီးCoporation-roadကနေPIEပေါ်တက်၊lane2 ကနေမှန်မှန်စီးလာရာကရှေ့ကကားတစီးရဲ့အမှတ်မထင်အုပ်လိုက်တဲ့ဘရိတ်မီးရောင်သည်ကိုယ့်မျက်စိထဲ ရဲကနဲမြင်လိုက်ရတော့တပြိုင်တည်းဆိုသလိုရှေ့နောက်ဘရိတ်ဆွဲနင်းလိုက်မိသည်။သွားပြီ! နောက်ဘီးသည်
ခါရမ်းကာထိမ်းမရတော့mission-impossibleထဲကတွမ်ခရုလိုမျိုး၊ဒါပေမဲ့ကိုယ်ကတော့တွမ်ခရု မဟုတ်တော့ပေတရာနဲ့မိတ်ဆက်အနမ်းလေးပေးပြီးတရွတ်ဆွဲကာဆိုက်ကယ်နဲ့အတူပါသွားလေသည်။
ရောင်ရမ်းကာအတင်းကုန်းထပြီးဆိုင်ကယ်ကိုထူဖို့ကြိုးစားမိသည်။မရတော့ပါ။အရက်မူးသမားလို တဇောင်း
ဆွဲနေပြီ။နားထဲမှာဘာမှမကြားရတော့။ကံကောင်းစွာနောက်ကားပေါ်မှလူတယောက်ဆင်းလာပြီးကိုယ့်ဂျိုင်းအောက်
မှလက်လျှိုကာထူမထားပေးသည်။နောက်ထပ်ဆိုင်ကယ်တစီးထပ်ရောက်လာပြီးသူတို့ နှစ်ယောက်တွဲကူ
ကလမ်းဘေးသို့ပို့၍ကိုယ့်အားမေးမြန်းကြသည်။မကြားတချက်ကြားတချက်ဖြင့်ခေါင်းညိတ်မိသည်လား
ခေါင်းခါမိသည်လားမဝေခွဲတတ်တော့ပေ။ကိုယ့်အားလမ်းဘေးတွင်ခဏမှေးထား၍သူတို့နှစ်ဦးဆိုင်ကယ်ကို
ထူလမ်းဘေးကိုတွန်းပိုဖြင့်အလုပ်ရှုပ်နေသည်။ပြီးတော့မှနောက်ကားပေါ်ကတယောက်ကငါလူနာတင်ယာဉ်
ခေါ်ထားပေးသည်တဲ့။ကိုယ့်ကိုခေါင်းမှာဆောင်းထားသောဦးထုပ်ကိုချွတ်ပေးကာ နေသာရဲ့လား။
ဘယ်လိုနေသေးလဲမေးသည်။စင်ကာပူတွင်သူ့လိုလူမျိုးရှားပါးလိမ့်မည်။သူနဲ့လားလားမှမဆိုင်ပေမဲ့ကားပေါ်မှဆင်းလာကာ ကူညီခဲ့သည်။ကျွန်တော်အိမ်ကိုဖုန်းဆက်ဖို့စဉ်းစားမိသည်၊ဖုန်းဆက်လိုက်သည်။အမေနဲ့ တည့်တည့်တိုးလေသည်။
အမေ့အသံသည်စိုးရိမ်ပူပန်မှုအပြည်နဲ့အဖေ့ကိုလှမ်းအော်ကာဆိုင်ကယ်လဲသည့်နေရာကိုမေး၍အဖေ့ကို အမြန်သွား၊ကလေးဆိုင်ကယ်မှောက်လို့ဆိုသောအမေ့အသံသည်ကျွန်တော့်ရဲ့ဒဏ်ရာတချို့တဝက်သက်သာသလို ခံစားမိသည်။အဖေ့သမီးကိုတော့မခေါ်ဖြစ်ပါ။သူ၏စိုးရိမ်ပူပန်မှုကအမေ့ထက်ပိုသလိုသူ့ အတွက်လည်းစိုးရိမ်သော
ကြောင့်အကြောင်းမကြားတော့ပေ။ပထမယာဉ်ထိန်းရဲများရောက်လာသည်။ဓါတ်ပုံရိုက်သည်။ဘယ်လိုဖြစ်တာလဲ၊
ဘာကြောင့်ဖြစ်တာလဲမေးကြသည်။သူတို့အမေးကိုမဖြေနိုင်တဝက်ဖြေတဝက်ဖြင့်.....ဘယ်လက်ဖနှောင့်နှင့်ညာလက်တံတောင်ဆစ်က တော်တော်နာလာသည်။စိတ်အထင်တော့ကျိုးလေပြီ။
သိပ်မကြာ။အဖေနဲ့လူနာတင်ကားရှေ့ဆင့်နောက်ဆင့်ဆိုသလိုရောက်လာသည်။ဖြစ်ကြောင်းကုန်စဉ်အဖေ့ကို
ပြောပြ၍ဆိုင်ကယ်ရယ်၊ယာဉ်ထိန်းရဲရယ်၊အဖေရယ်၊အတူထားခဲ့၍လူနာတင်ကားဖြင့်NUH သို့ ထွက်လာခဲ့ကြသည်။
ကားပေါ်တွင် မေးကြပြန်သည်၊ ဘယ်နားကနာလဲ။ ဘယ်ဆေးနဲ့ မတည့်ဖူးလဲ။ သက်သာလား။
မေးမြန်းပြီးသကာလဆရာသမားသုံးယောက်၏Titleသည်iPhone4Sဖက်သို့သိသိသာသာကူးပြောင်းသွားပြီး
တခါတရံအသက်ရှုရတာအဆင်ပြေလားဟုတခွန်းသာမေး၍Siri နောက်ကောက်ကောက်ပါသွားကြလေသည်။
ဆေးရုံရောက်တော့လည်းနပ်စ်မလေးတွေကမေးတယ်။မတည့်တဲ့ဆေးရှိလား၊လက်ကနာတာလား၊ခေါင်းမူးလား၊ အသက်ရှုရတာအဆင်ပြေလား၊မောနေလား၊(လား)ပေါင်းများစွာထဲတွင်နစ်မွန်းရင်းအလိုလိုစိတ်အားငယ်လာသည်။
အသက်ကသာလူ့ဘဝစဖို့(၄)နှစ်ပဲလိုသည်၊ဆေးရုံသို့တခါမှကိုယ်ကိုတိုင်မတက်ဖူး၊သူများတွေကိုသာလိုက်ပို့ လိုက်စောင့်ပေးဖူးတာ၊ထိုအချိန်တွင်အစ်မသက်ဝေရဲ့အမျိုးသားကိုကြီးကိုမြင်လိုက်ရတော့အားငယ်စိတ်များ နည်းနည်းပျောက်သွားသည်။ အစ်မသက်ဝေဖုန်းဆက်၍ ကြိုပြောထားသည်ထင်...
ဒါဆို အဖေ့သမီးလည်းသိလောက်ပြီ။

ခဏနေတော့ကိုကြီးလည်းအလုပ်ရှိ၍ပြန်သွားသည်။ဆရာဝန်တယောက်လာလိုက်၊မေးလိုက်၊နပ်စ်တယောက်လာလိုက်
ဖြေလိုက်နဲ့ကုတင်ပေါ်တွင်ပက်လက်လန်နေလေသည်။နောက်ဆုံးတယောက်လာမှနာတာပျောက်အောင်ဆေးထိုးပေး
မည်။ပြီးလျှင်x-rayရိုက်ရမယ်ဟုပြောကာတင်ပါးသို့ထင်မထားစဉ်နှစ်လုံးဆက်တိုက်ပစ်သွင်းလိုက်သည်။
ထိုအခါဆေးတန်ခိုးကြောင့်အနာသက်သာသလိုခံစားရသည်။ခဏမျှကုတင်ပေါ်တွင်လှဲနေပြီးနောက်ဓါတ်မှန်ရိုက်ဖို့ 
လာခေါ်သွားသည်။ကွေ့ကာပတ်ကာဖြင့်အခန်းတခန်းရှေ့အရောက်အိုလံပစ်မီးရှုးတိုင်လက်ဆင့်ကမ်းသလို နောက်
တယောက်လက်သို့(ရော့အင့်)ဟုထိုးပေးခြင်းခံရသည်။အခန်းထဲရောက်တော့အမေ့သားတို့မော်ဒယ်ဘွိုင်းဖြစ်ရပြန်ပြီ
ကိုစိန်ရဲ့ပိုစ်ကိုသွားသတိရမိသည်။လက်ကိုဒီလိုထား၊တံတောင်လေးကိုကွေးထားပါ၊ဒူးဂေါင်းလေးနည်းနည်းထောင်၊ ခြေထောက်အောက်ကို ချ၊ လက်ကို မကွေးထားနဲ့  ဆန့် ထားပါ၊ ဟုတ်ပြီ ရိုက်မယ်နဲ့  ၁၀ ပုံလောက်အရိုက်ခံလိုက်ရသည်။
ပြီးတော့ အရေးပေါ်လူနာဆောင်သို့  ထပ်မံ လက်လွဲခြင်းခံရပြန်သည်။
နပ်စ်မလေးနှစ်ယောက်လာ၍ဆုတ်ပြဲသွားသောဒဏ်ရာများကိုဆေးလိမ်း၊ဆေးထည့်ပတ်တီးစည်းပေးပြီး ကဲ..သွားလေရော့လဟယ် ဟုဆိုကာကုတင်ပေါ်တွင်ပက်လက်တင်ကာ လက်ပင်မပြထွက်သွားကြသည်။
ဒါပေမဲ့..သာပါသည်၊အပုံကြီးသာပါသည်၊(ဘာ)သာသည်ဆိုတာကိုတော့  ဒေါ်မြလေးလေသံဖြင့်
ပြောကိုမပြောချင်တော့ပါဖူးအေဟုပြောရပေမည်။ထိုအချိန်တွင်အစ်မသက်ဝေနဲ့အဖေ့သမီးတို့ အပြင်တွင်ရောက်နေကြသည်။အမေ့သားလည်းတင်ပါးပေါ်ထင်မထားပဲအဆော်ခံထားရတဲ့ဆေးစွမ်းကြောင့်
သက်သာသလိုရှိလာလို့ဆရာဝန်ကိုပြောပြပြီးဆေးရုံကဆင်းခွင့်တောင်းခဲ့သည်။နပ်စ်မလေးကရှင်းပြသည်။
 အရိုးမကျိုးပါတဲ့၊ လဲကျတဲ့ အရှိန်ကြောင့် နာတာပါလို့ပြောပြီး၊
ဒါကဆေးခွင့်၊ဒီဟာကဆေးဖိုး၊ဒီဟာ-ဟိုဟာနဲ့ရှင်းပြပေမဲ့အမေ့သားမျက်စိအမြင်ကဆေးခွင့်ဆိုသော
စာရွက်ပေါ်သို့အာရုံရောက်နေသည်။သောကြာ၊စနေ၊တနင်္ဂနွေ၊အဆစ်ပါလာသည်ကတနင်္လာရုံးပိတ်ရက်-ရက်ရက်ရောရောပေးလိုက်တာပါလားလို့တွေးမိသည်။သူတို့ကိုပဲဒေါသဖြစ်ရမလား၊အမြဲတမ်းနီးပါးသောကြာနေ့
မှဖြစ်တတ်သောကိုယ့်ကံကြမ္မာကိုပဲအပြစ်ပုံရမလား။ဆက်မတွေးတော့ပဲအပြင်ကိုထွက်အဖေ့သမီးနဲ့တွေ့ဆေးဖိုးပေး၍
အစ်မသက်ဝေကအိမ်အထိလိုက်ပို့ပေးခဲ့သောကြောင့်အမေ့သားရဲ့သောကြာနေ့ကမလှမပနဲ့ပြီးလုပြီးခင်ဖြစ်ခဲ့ရသည်။
အိမ်ရောက်တော့စိုးရိမ်တဲ့အမေ့ရဲ့မျက်နာရယ်၊ပူပန်နေတဲ့အဖေ့သမီးရဲ့ပုံရိပ်တွေကိုခဏမျှလစ်လျှုရှုပြီး အိပ်ပျော်သွားခဲ့သည်။အိပ်ရာနိုးတော့အဖေပြန်ရောက်နေပြီ၊တဇာတ်လမ်းတစခန်းထရပြီ၊ယာဉ်ထိန်းရဲအရာရှိက မှာသွားသည်။ဆေးရုံကဆင်းလာလျှင်သူ့ကိုအကြောင်းကြားပါတဲ့အဖေပေးသောဖုန်းနံပါတ်ခေါ်တော့အရာရှိက အင်တာပေါ် ငပြုးထိုင်ပြန်လေပြီ။
ဘယ်လို ဖြစ်တာလဲ ? ဘာကြောင့်ဖြစ်တာလဲ? ဘယ်နေရာမှာလဲ? အရှိန်ဘယ်လောက်နဲ့ မောင်းလို့  လဲ?
ဘာတွေကိုတိုက်မိသေးလဲ ?
ဆေးရုံမှာ (လား) လာသမျှ၊ ယာဉ်ထိန်းရဲ နဲ့ တွေ့ မှ (လဲ) ရတဲ့ ကိုယ့်အဖြစ်....
မေးသမျှဖြေ၍ဗုဒ္ဓဟူးနေ့မနက်သူ့ကိုလာတွေ့ရန်ပြောခဲ့သည်။ဗုဒ္ဓဟူးနေ့ရာက်တော့ယာဉ်ထိန်းရဲဌာနချုပ်
သို့သွား၍အရာရှိနဲ့တွေ့ခဲ့သည်။အခန်းလွတ်ထဲတွင်အရာရှိနှစ်ယောက်ဗျုးပြန်လေသည်။ မထူးခြားသောမေးခွန်းများစွာမေးမြန်းပြီးထူးခြား၍ မူးသွားစေသောအရာများကနောက်မှကပ်ပါလာခဲ့သည်။
စင်ကာပူတွင်နေစဉ်ကာလတလျှောက်လုံးတခါမှမကြုံခဲ့ဖူးသောအဖြစ်မို့  ငေးကြောင်ကာ ဆွံအသွားရသည်။
ခုလိုဖြစ်တဲ့အတွက် လိုင်စင်ပွိုင့် ဖြတ်ခံရမည်။ ဒဏ်ငွေ ဆောင်ရမည်။ တရားရုံးသို့ သွားရမည်။ ခဏမျှအာစေးကပ်ပြီး ဆရာရယ် အခုဟာက ကိုယ့်ဖါသာကိုယ်မှောက်တာပါ ဘယ်သူမှလည်းမတိုက်မိပါဖူး၊
တိုက်တာမတိုက်တာနဲ့မဆိုင်၊ကိုယ့်ဖါသာဖြစ်ပေမဲ့ဆိုင်ကယ်လဲတော့ကားလမ်းပိတ်၊လမ်းပိတ်တော့ အသွားအလာဒုက္ခရောက်တယ်၊မဆင်မခြင်မောင်းလို့ဖြစ်စေ၊ဆင်ခြင်လို့ဖြစ်စေ၊လူထုကိုအနှောင့်အယှက်ဖြစ်ရင်
အရေးယူခွင့်ရှိသည်တဲ့ ဘာတတ်နိုင်မည်နည်း။ ဖြစ်သမျှအကြောင်းအကောင်းပဲပေါ့၊
ဖြတ်မယ်ဆိုအဖြတ်ခံရုံ၊ဆောင်ဆိုတော့လည်းဆောင်ရုံ၊တရားရုံးဆိုတော့လည်းရုံးရတာပေါ့လို့စဉ်းစားတုန်း သို့သော်မင်းလိုင်စင်ရဲ့ရာဇဝင်ကိုကြည့်တာ(၆)နှစ်ကျော်ပြီ၊ဘာပြစ်မှုမှမရှိဖူး၊ဒါကြောင့်ငဲ့ညှာသောအားဖြင့် တကြိမ်ခွင့်ပြုလိုက်မယ်၊(၀ယ်ယူ)ဆိုပြီး၊နောက်တခါဆိုရင်တော့ဘာညာပေါ့ဆိုတာနဲ့  ဝမ်ဆွေ့ ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ လုပ်ပြီးမြန်မြန်လေး လစ်လာခဲ့ရလေသည်။

ဆိုင်ကယ်လေးကတော့ဆေးရုံရောက်နေပြီ။မနေ့ညကမဲရုံဖွင့်မဲခွဲဆုံးဖြတ်၍အမေ့သားဆိုင်ကယ် ဆက်စီးသင့်၊ မစီးသင့် မဲဆန္ဒခံယူတော့ ၄ : ၁ နဲ့  မဲရှုံးလို့  အမေ့သား ဆိုင်ကယ်ပြန်ရောင်းရပေတော့မည်။
( အစစအရာရာ လိုက်ပါကူညီပေးသော အစ်မသက်ဝေ နှင့် ကိုကြီး၊ စိုးရိမ်ပူပန်စွာ(ဆိုင်ကယ်လေး)
ဘာဖြစ်သွားသေးလဲဟု မေးကြသော AaB ဝိုင်းတော်သားအားလုံးကို ကျေးဇူးတင်ပါသည်)

အမေ့သား

Friday, November 11, 2011

သင်္ခါရ

( မြို့ပြ - တောရွာ )

မရှိခဏ ရှိခဏ
အားလုံး အနတ္တ
သေချာတာက သေမှာပါ
ရှောင်ခွာပြေးလို့ မရပါ။

( တောရွာ ဓလေ့ )

တိတ်ဆိတ် ငြိမ်သက်
ဤမြေကွက် အတွက်
အသက်ပေး၍ ဝယ်ရသည်။

( မြို့ ပြ ဓလေ့ )

ပူလောင် ရက်စက်
ဤအခန်းအတွက်
အသက်ပေး၍
ဝယ်ရသော်ငြား
ငွေ အပိုဆောင်းမှ
အရိုးပြာကျ အသေလှ၏ ။

(အမေ့သား)

Wednesday, November 09, 2011

ကျွေးကျေးဇူးရှင်..........အဖေ

အဖေ
ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြင့် ပြစ်မှားခဲ့မိလျှင် သား အပေါ်ခွင့်လွတ်ပါလို့ ရှိခိုးကန်တော့ပါတယ်။

ပထမဦးစွာ ပြောချင်တာက အဖေ့ကျေးဇူးကြောင့်
မချမ်းသာပေမဲ့ မဆင်းရဲတဲ့ ဘဝလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းပါ။

ငယ်ငယ်ကတော့ မသိနားမလည်သေးတဲ့ အရွယ်မို့ အဖေအပေါ်စိတ်ခုမိသည်၊
ငယ်စဉ်အရွယ်ကပင် လုပ်ငန်းခွင်ထဲရောက်ခဲ့ရတဲ့ ကျွန်တော်.....
သူများတွေ သင်္ကြန်မှာပျော်ရွှင်နေချိန် အလုပ်ရုံထဲတွင် မျက်ရည်စမ်းစမ်းနဲ့ 
အလုပ်လုပ်နေရတဲ့  ကျွန်တော်.....
တန်ဆောင်တိုင် ပျော်ပွဲ ရွှင်ပွဲများတွင်ပါဝင်ခွင့်မရပဲ လုပ်ငန်းခွင်ထဲတွင်နစ်မြုပ်ခဲ့ရတဲ့ကျွန်တော်....
ကျောင်းတဖက်တက်နေရင်းနဲ့ အလုပ်လုပ်ခဲ့ရတဲ့ ကျွန်တော်....
အတွေးပေါင်းများစွာနဲ့ အဖေ့အပေါ်အထင်လွဲခဲ့တဲ့ ကျွန်တော်....
အဲဒီအချိန်တွင် အကောင်းဖက်ကို မမြင်နိုင်ခဲ့ပေ။ သားသမီးအပေါ်
မတရားခိုင်းသည်ဟုစိတ်တွင် ထင်မှတ်ခဲ့သည်။
ဒါတွေကို အဖေသိခဲ့ပါသည်။
အဖေမြင်ခဲ့ပါသည်။
ငွေ၏်တန်ဖိုးနားလည်အောင် အလုပ်လုပ်ချင်လာအောင် ပထမဆုံးလုပ်အားခအနေဖြင့်
လစာပေးကာ အလုပ်လုပ်စေခဲ့သည်။ ကျွန်တော်အရမ်းပျော်ရွှင်ခဲ့သည်၊ ကိုယ့်လုပ်အားဖြင့်ရရှိသော
ပိုက်ဆံသည် တန်ဖိုးမဖြတ်နိုင်ဆိုတာ ကျွန်တော်စတင်သိခွင့်ရခဲ့ပါတယ်။
လိုချင်တာလေးများ ကိုယ့်ဖာသာဝယ်နိုင်လာခဲ့လို့  အလုပ်ဆိုတာကို တပ်မက်နားလည်ခဲ့ပါတယ်
ထိုသို့ နားလည်လာအောင်လည်း အဖေ ကျွန်တော့်ကို သင်ကြားပေးခဲ့တယ်
နောက်ပိုင်းမှာတော့ အပျော်အပါးဆိုတာ အလုပ်လောက် စိတ်မဝင်စားတော့ပေ
အလုပ်လုပ်ရင်ပိုက်ဆံရမယ် ပိုက်ဆံရလျှင် ကိုယ်လိုချင်တာ ဝယ်နိုင်သည်ဆိုသော အတွေး
ကျွန်တော်စိတ်တွင်စွဲထင်အောင် အဖေလမ်းပြခဲ့တယ်။

ကျွန်တော်လည်းကျောင်းတဖက်နဲ့  အဖေ့အလုပ်ရုံလေးမှာလုပ်ရင်း ဆယ်တန်းအောင်ခဲ့တယ်
ထိုအချိန်တွင် အဖေသည် မိသားစုအတွက် လမ်းသစ်ဖောက်ကာ စင်ကာပူသို့ သွားရန် ကြိုးစားနေချိန်ဖြစ်သည်။ ကျွန်တော် ဂျီတီအိုင်ဝင်ခွင့်ရ၍ ကျောင်းတက်ရသောအချိန်တွင် အဖေသည် စင်ကာပူ နိုင်ငံသို့ (၁၉၉၄)တွင်သွားရောက်ကာ မိသားစုအတွက် ရှာဖွေစုဆောင်းလေပြီ။ အဖေ့ ရဲ့ ကျေးဇူး၊ အဖေ့ ရဲ့ သွန်သင်ဆုံးမမှုတွေ အထောက်အပံ့တွေနဲ့ ဂျီတီအိုင်ရယ် အဝေးသင်အီကိုရယ် ကို ကျွန်တော်ပြီးမြောက်စွာပညာသင်ကြားနိုင်ခဲ့ပါတယ်။

အဖေကတာဝန်ကြေစွာ ပညာသင်ကြားခွင့်ရအောင်၊ ပြီးဆုံးအောင်လုပ်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့ တာဝန်မကြေခဲ့ပါဖူး။ အဖေပြုစုပျိုးထောင်ခဲ့တဲ့ အလုပ်ရုံလေးကို တိုးတက်အောင်မလုပ်နိုင်ခဲ့ပဲ ကျွန်တော့်လက်ထက်ကြမှဆုံးရှုံးသွားရတဲ့အတွက် ကျွန်တော့်ကိုခွင့်လွတ်ပါလို့ တောင်းပန်ပါရစေ အဖေ။

ကျွန်တော် ကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာစင်ကာပူလာနိုင်အောင် အဖေကြိုးပမ်းခဲ့တယ်၊
ပင်ပင်ပန်းပန်း လုပ်ကိုင်ရင်းနဲ့ ကျွန်တော့်ကို စင်ကာပူရောက်အောင် ခေါ်ဆောင်ခဲ့တယ်၊
ဒီလိုနဲ့ ပဲ ကျွန်တော့် ဘဝလေးရဲ့အစဟာ စင်ကာပူမှာ (၂၀၀၁)မှ စတင်ခဲ့ ပါတယ်၊ကျွန်တော်ရဲ့
စင်ကာပူ ဘဝအစဟာ ကြမ်းတမ်းတယ်ဆိုပေမဲ့ လမ်းသစ်ဖောက်ပေးခဲ့ တဲ့ 
အဖေ့ရဲ့ခြေဖျားတောင်မမှီနိုင်ခဲ့ပါဖူး။

အခုဆို ကျွန်တော်ရဲ့နဘေးမှာချစ်ရတဲ့  အမေရယ် ဇနီးရယ် ကျေးဇူးရှင်အဖေရယ်နဲ့ အတူ
မိသားစုအတူတကွနေခွင့်ရခဲ့ပါပြီ၊ တကယ်တန်းတော့ မချမ်းသာပေမဲ့ မဆင်းရဲ တဲ့ဘဝလေး
ပိုင်ဆိုင်ခွင့်ရခဲ့ ခြင်းရဲ့ အဓိကကျေးဇူးရှင်ကတော့....... အဖေပါပဲ

အဖေသာ ငယ်ငယ်လေးထဲကစက်မှုလက်မှုပညာတွေကိုမသင်ကြားပေးခဲ့ပါလျှင်........
အဖေသာ စင်ကာပူကို မိသားစုအတွက်လမ်းသစ်ဖောက်မသွားခဲ့ပါလျှင်........
ကျွန်တော့်ကျောင်းစရိတ်တွေအတွက်မထောက်ပံ့ခဲ့ပါလျှင်.......
အဖေသာ ကျွန်တော့်ကို စင်ကာပူသို့ မခေါ်ခဲ့ပါလျှင်.........
ကျွန်တော့်ဘဝသည် မြန်မာနိုင်ငံတွင်မည်ကဲသို့ ဖြစ်နေ လုပ်ကိုင်စားသောက်နေရမည်ဆိုတာ မခန့်မှန်းနိုင်ပါ။
ချစ်ရသော အမေ့ကို လည်း ယခုကဲ့သို့ စင်ကာပူ ခေါ်ထားနိုင်မည် မထင်သလို
ဇနီးသည်နဲ့လည်း အတူတကွ စင်ကာပူတွင် ပျော်ရွှင်စွာ လုပ်ကိုင်နိုင်မယ်မထင်ပါ၊
ယခုလို စင်ကာပူမှာ နေရာလေးတနေရာရဖို့ ဆိုတာ ဝေဝါးနေမှာအမှန်ပင်
ကျွန်တော့်ဘဝလည်းဤကဲ့သို့ သာယာဖို့ ရာ အလှမ်းဝေးနေပေလိမ့်မည်။

ကျေးဇူးတင်ပါတယ် အဖေ
အဖေ့အပေါ်မှာ အမေ့ထက်မပိုရင်တောင် မလျော့တဲ့ မေတ္တာနဲ့ ချစ်ခင် လေးစားပါတယ် အဖေ

ဤစာလေးနဲ့ အတူ အဖေရဲ့  (၁၁-၁၁-၁၁) မှာကျရောက်လာမဲ့ မွေးနေ့ ကို ဂုဏ်ပြုပါတယ်။
အဖေကျန်းမာရွှင်လန်း၍သားတို့ မိသားစုနဲ့ အတူအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့  ဆုတောင်းရင်း ကန်တော့လိုက်ပါတယ် အဖေ.............