Monday, September 10, 2012

ချစ်သူသိစေဖို့ 

ချစ်သူမွေးနေ့ အမှတ်တရ(၀၁-၀၈-၂၀၁၂)


အမေ့မေတ္တာ အမေ့စေတနာတွေ
ရင်မှာပိုက်ပြီး နေခဲ့ တဲ့ အမေ့သား
အမေ့ကို မမှီတောင် အမေ့နောက်က
အမြဲတမ်းကပ်ပါလားတဲ့ သူတယောက်
သူ့ အကြောင်းလေးပြောချင်တယ်

(၃၀-၆-၁၉၉၉)
ချစ်သူစဖြစ်ကတဲ့ က
ပြောသမျှနားထောင်
ကိုယ့်ဘေးမှာ အရိပ်ပမာ
ထပ်ကြပ်မခွာနေခဲ့ သူ
ကိုယ့်မျက်နှာညိုမှာစိုး တဲ့ သူ
ကိုယ့် အသုံးလိုသမျှ
စုထားတဲ့ သူ့ မုန်ဖိုး
အကုန်ထုတ်ပေးတတ်တဲ့ သူ
သူ့ အနား ဆွဲခြင်းလေးဆွဲပြီး
ကျောင်းသွားကျောင်းပြန်
လိုက်နေရင်ပဲကျေနပ်နေတဲ့ သူ
ရေခြားမြေခြားမှာ နေနေရတဲ့ 
ကိုယ့်အတွက် သစ္စာစောင့်သိသူ
အလွမ်းပြေစေမဲ့ စာချွှန်လွှာ
တလတခါ အစဉ်မပြတ်ရေးပို့ သူ
အမောပြေစေမဲ့  သူ့ ရုပ်လွှာ
မကြာခဏ ပေးပို့ သူ
ဖုန်းဆက်ခဲ့ ရင် အမြဲတမ်း
ပင်ပန်းနေလားမေးတဲ့ သူ
မခွဲအတူနီးရဖို့  ကြိုးစားပါလို့ 
အားပေးသူ

အိမ်ထောင်ကျတော့လည်း
မယားဝတ္တရား ခါးမှာမြဲ
ခြေဆုပ်လက်နယ်ပြုတဲ့ သူ
ကျွန်တော်ပြောသမျှ သဘာဝကျကျ
ဆွေးနွေးတိုင်ပင်ခဲ့ တဲ့ သူ
ယောက္ခမဆိုသော်ငြား
အဖေ ၊ အမေနဲ့ မခြား
တသားတည်းထားကိုင်းရှိုင်းသူ
ယောင်းမနဲ့ အတူ မညူဆူ
ညီအစ်မလို ပေါင်းတတ်သူ
ကျွန်တော်အပေါင်းအသင်း များနဲ့ 
အလိုက်အထိုက်နေတတ်သူ
မနာလို၊ သဝန်တိုခြင်းကင်းရှင်းသူ
ကျွန်တော်ဘယ်သွားသွား
အနားမှာအတူ လိုက်ချင်သူ
သူလေးဟာ(၁-၀၈-၂၀၁၂)မှာ
(၃၃)နှစ်ပြည့်ခဲ့ ပြီ

ထိုထိုသို့ သော ကျွန်တော့ကိုချစ်သောသူ
ဤကဲ့သို့ သော ချစ်ရသူရဲ့မွေးနေ့ လေးဟာ
ဝမ်းနည်းခြင်းများစွာနဲ့ 
(ချစ်သူရဲ့မွေးမိခင်ကွယ်လွန်ချိန်ဖြစ်လို့ )
ကျော်ဖြတ်ခဲ့ ရလို့  နှစ်သိမ့်အားပေးနေခဲ့ ရခြင်းကြောင့်
မွေးနေ့ တိုင်းရေးပေးခဲ့ တဲ့ စာလွှာလေးကို
ချစ်သူသိစေဖို့ ချစ်သက်လက်ဆောင်အဖြစ်
အမှတ်တရ ခုမှပေးရပါတယ်။

မင်္ဂလာမွေးနေ့ ပါ ချစ်သူ
(၃၃)နှစ်မှသည် နောက်နှစ်ပေါင်း
(၄၇)နှစ်တောင်အောင် မင်းနဲ့ အတူ
သေအတူရှင်မကွာ နေချင်ပါတယ်
ကိုယ်တို့ ရဲ့ သားသမီး
မြေးမြစ်တွေနဲ့ အတူ
နှစ်(၈၀)သော လူသက်တမ်းထိ
အေးအတူပူအမျှအတူနေရပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်ချစ်သူ
နောက်နောင်ဘဝဆိုတာ ရှိခဲ့ရင်လည်း
ဘဝဆက်တိုင်း မင်းနဲ့ အတူ
သေအတူရှင်မကွာ အေးအတူပူအမျှ
အတူနေချင်ပါတယ်
အတူနေပါရစေ ချစ်သူ


အမေ့သား

Thursday, September 06, 2012

ကျွန်းတည်တဲ့ မြို့ တော်


(၂၀၀၁)ခုနှစ် အလုပ်ကြမ်းသမားဘဝအမှတ်တရ

ကျွန်ဇာတာပါလေသူမို့ 
ဒီကျွန်းမှာသောင်တင်
ရွှေပြည်တော်ပြန်ရန်
ရည်ကာမှန်းလည်း
ဝေးလှပါသလေး။

အခြေခိုင်နေနိုင်စေဖို့ 
စိတ်ကူးရယ်နဲ့ ပုံဖော်
ဒီမှာလေ နေမှာက
ခဏရယ်လို့ စိတ်ကူး
ပျော်မြူးလို့ လာခဲ့သော်
ကျွန်တည်တဲ့  ကျွန်း
ကျွန်းတည်တဲ့ မြို့တော်........

ရောက်စမှာ ရွင်ပျော်
အထင်တော်ရယ်ကြီး
တကယ့်အလုပ်ခွင် ဝင်ကာမှသိ
ကျွန်ပြုမိ ဒီမောင်.ကျွန်တော်
မရွင်သာ. ညစဉ်ငိုကာနေရ
သတိရပေါ့ ရွှေပြည်တော်၊

နေရသည့် အိမ်တော်ရာက
စွန်းလီလို့ အများကခေါ်
ကွန်တိန်နာ၊ သံပုံးထဲမှာပ
(၂)ထပ်ကုတင် (၆)လုံးရယ်နဲ့ 
(၁၂)ယောက်ကို ရှယ်နော်
ညအိပ်ရင် ပူကာအိုက်ပါလို့ 
ဂျပိုးကဆော်၊ ခြင်ကအော်နဲ့ 
အိပ်မရပါသနော်.........
ကျွန်တည်တဲ့  ကျွန်း
ကျွန်းတည်တဲ့ မြို့တော်......

စားရသည့်  မီနူးရယ်က
ပြောပြလျှင် သွားရည်ရယ်ယို
ကော်ဖီရည်ကျဲကျဲကိုတဲ့ 
ပေါင်မုန့် နဲ့ အတူဆော်
ဆန်ထမင်းမာမာကိုလှ
ရေစမ်းပါလို့ ဒီမောင်နော်
ထုပ်ပေးသည့် ဟင်းတော်
ရောသမကာ နယ်မွှေပြီးတော့
ကျုံးကာသာ. စားရပါပေါ့
နေ့လည်စာနော်၊
ညစာကို တန်းစီပါလို့ 
ကုလားပုံလေးပုံကာနော်
တခါလာဒီဟင်းပေမို့ 
မကြိုက်လည်း ဒီမောင်မအော်
ကိုယ့်မိုက်ပြစ်ကိုယ်ခံလို့ 
ငို ရပြန်သနော်........
ကျွန်တည်တဲ့  ကျွန်း
ကျွန်းတည်တဲ့ မြို့တော်.......

မနက်ကို စောစောထပါလို့ 
အလုပ်သွားဖို့ ပြင်ဆင်နော်
အိမ်တော်ရာ ရှေ့အပေါက်မှာ
လာစောင့်ကာမျှော်
လော်လီ(ခ)ကုန်တင်ကားရယ်နဲ့ 
ပြွတ်သိပ်လို့ တင်ခေါ်
လမ်းတလျှောက်ငိုက်မြည်းကာ
လိုက်ပါရင်း မှေးစက်လို့ပျော်
ထိုအချိန် မိုးရွာရင်ဖြစ်
ဒီမောင်မှာစိုကာရွဲပေါ့
ဆိုး လှပါသနော်.....
ကျွန်တည်တဲ့  ကျွန်း
ကျွန်းတည်တဲ့ မြို့ တော်........

မနက်သွားလို့  ညကိုပြန်
တပတ်မှာ (၇)ရက်သာ
အလုပ်ရယ်ဆင်းတာမို့ 
နားဖို့ ဖြင့် မမျှော်သာနော်
လကုန်ရင် ရပါပေါ့ လစာ
စီမံကာခွဲခြမ်းကြည့်တော့
ဘဏ်ထဲဝယ်ကျန်နေသည့်
အသပြာ (၅၀)ရယ်က
ဒီမောင်အတွက်တလစာနော်
မလောက်လည်းလေ
လောက်အောင်သုံးရမှာပေါ့
ရွှေပြည်တော်ပြန်နိုင်စေဖို့ 
ခြစ်ကုပ်လို့ ခြွေတာသနော်
ကျွန်တည်တဲ့  ကျွန်း
ကျွန်းတည်တဲ့ မြို့ တော်........

နေ့ များရယ် ကုန်ဆုံး
လ များစွာကြာခဲ့ ပြီနော်
နှစ်ပေါက်လို့ သက္ကရာဇ်ပြောင်း
ကျွန်ပိုင်ရှင်အဆင့်ဆင့်ပြောင်းလို့ 
ဒီမောင်မှာ.........
မချစ်သော်အောင့်ကာနမ်းရပေါ့
ရွှေပြည်တော်ပြန်နိုင်မဲ့ အရေး
တွေးဆွေးလို့ မျှော်.... မျှော်သာမျှော်
ကြာလေလေ ဝေးနေတော့
ဒီကျွန်းမှာ တသက်စံရရင်ဖြင့်
ဒီမောင်မပျော်...... ဒီမောင်မှာမပျော်
ဪ. အများအခေါ် စင်ကာပူဆိုတဲ့ 
ကျွန်တည်တဲ့  ကျွန်း
ကျွန်းတည်တဲ့ မြို့ တော်.......
လေးစားစွာဖြင့်
အမေ့သား
(၇-၁၁-၂၀၀၁)



Sunday, September 02, 2012

အမေ (အတွေးအမြင်စာစုများ)


အမေကိုချစ်တဲ့ အမေ့သားအတွက် ရန်ကုန်ပြန်လက်ဆောင်လေးတခုအမှတ်တရထာဝရအဖြစ်ဝယ်လာခဲ့ မိတယ်။

အမေ(အတွေးအမြင်စာစုများ)ဆိုတဲ့ 
စာအုပ်လေးတအုပ်ကိုနှစ်သက်မက်မက်မောမောနဲ့ ဝယ်ယူလာခဲ့တယ်။

အဖွင့်မှာကတဲက့ နှလုံးသားကို ရိုက်ခတ်စေတဲ့ ဆရာကြီးဒဂုန်တာရာရဲ့ 
မိခင်ရုပ်တုဆိုတဲ့ ကဗျာလေးကအမေ့သားအတွက်အမေ့ကိုပိုချစ်ပိုတန်ဖိုးထားစေဖို့ 
တိုက်တွန်းပေးလိုက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ကဗျာလေးတပုဒ်ပါ။
အရေးအဖွဲ့ ကပြောင်မြောက်ပြီးလှပတဲ့ စကားလုံးအသုံးအနှုန်းတွေက ရင်ကိုငြိစေခဲ့တယ်ဆိုရင်မမှားနိုင်ပါ။

ခံစားကြည့်ဗျာ။

မိခင်ရုပ်တု

ကမ္ဘာ့လူသား
ပေါ်စကပင်၊ဖိုနှင့်မဟု
သဘာဝများ၊ခြားနားတည်ရှိ
ပကတိသဏ္ဍာန်၊ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်းမတူကြ။

မိန်းမတို့ က
သားအိမ်ပိုင်သ၊ထူးခြားပေစွ
ယင်းသဘောဝကြောင့်၊မိခင်ကဏ္ဍ
သတ္တဗီဇ၊ဇီဝကမ္မ
ဘဝပန်းများ ပွင့်စေသူ။

ချစ်ကြရာမှ၊မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊မျောပါလွင့်ပျံ
ဝတ်ဆံမျိုးစေ့မှ၊ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ ဆုံ၊စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊သွေးအိမ်သွေးစု
နုရာမှရင့်၊အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊တိုးပွားဖြိုးဝေ
ကုဋ္ဌေကုဋ္ဌာ၊ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။

မိခင်သည်ကား
လူသားပုံတု၊ဖန်တီးပြုသော
ပန်းပုဆရာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ပုံရာလောင်းသည်
ပန်းချီဆရာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
ခိုနားတည်ငြိမ်၊အိမ်ပုံစံပြု
ဗိသုကာဆရာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊သွန်သင်လတ်သော
စိတ်ဓါတ်အင်ဂျင်နီယာ၊မည်ထိုက်စွာတည့်။

မိခင်သည်ကား
အင်အားသန်စွမ်း၊ကျန်းမာနို့ ကျွေး
သမားဆေးဆရာ၊မည်ထိုက်စွာတည့်။

ဤမျှကြီးမား၊တာဝန်များကို
မအားမလပ်၊ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။

ဆရာကြီးဒဂုန်တာရာအားရိုသေလေးစားရှိခိုးဂုဏ်ပြုလျက်.
လေးစားစွာဖြင့်
အမေ့ကိုချစ်သောအမေ့သား (၁-၀၉-၂၀၁၂)