အမေကိုချစ်တဲ့အမေ့သားအတွက် ရန်ကုန်ပြန်လက်ဆောင်လေးတခုအမှတ်တရထာဝရအဖြစ်ဝယ်လာခဲ့မိတယ်။
အမေ(အတွေးအမြင်စာစုများ)ဆိုတဲ့
စာအုပ်လေးတအုပ်ကိုနှစ်သက်မက်မက်မောမောနဲ့ဝယ်ယူလာခဲ့တယ်။
အဖွင့်မှာကတဲက့နှလုံးသားကို ရိုက်ခတ်စေတဲ့ဆရာကြီးဒဂုန်တာရာရဲ့
မိခင်ရုပ်တုဆိုတဲ့ကဗျာလေးကအမေ့သားအတွက်အမေ့ကိုပိုချစ်ပိုတန်ဖိုးထားစေဖို့
တိုက်တွန်းပေးလိုက်တဲ့အဖိုးမဖြတ်နိုင်တဲ့ကဗျာလေးတပုဒ်ပါ။
အရေးအဖွဲ့ကပြောင်မြောက်ပြီးလှပတဲ့စကားလုံးအသုံးအနှုန်းတွေက ရင်ကိုငြိစေခဲ့တယ်ဆိုရင်မမှားနိုင်ပါ။
ခံစားကြည့်ဗျာ။
မိခင်ရုပ်တု
ကမ္ဘာ့လူသား
ပေါ်စကပင်၊ဖိုနှင့်မဟု
သဘာဝများ၊ခြားနားတည်ရှိ
ပကတိသဏ္ဍာန်၊ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်းမတူကြ။
မိန်းမတို့က
သားအိမ်ပိုင်သ၊ထူးခြားပေစွ
ယင်းသဘောဝကြောင့်၊မိခင်ကဏ္ဍ
သတ္တဗီဇ၊ဇီဝကမ္မ
ဘဝပန်းများ ပွင့်စေသူ။
ချစ်ကြရာမှ၊မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊မျောပါလွင့်ပျံ
ဝတ်ဆံမျိုးစေ့မှ၊ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊သွေးအိမ်သွေးစု
နုရာမှရင့်၊အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊တိုးပွားဖြိုးဝေ
ကုဋ္ဌေကုဋ္ဌာ၊ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။
မိခင်သည်ကား
လူသားပုံတု၊ဖန်တီးပြုသော
ပန်းပုဆရာ၊မည်ထိုက်စွာတည့်။
မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ပုံရာလောင်းသည်
ပန်းချီဆရာ၊မည်ထိုက်စွာတည့်။
မိခင်သည်ကား
ခိုနားတည်ငြိမ်၊အိမ်ပုံစံပြု
ဗိသုကာဆရာ၊မည်ထိုက်စွာတည့်။
မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊သွန်သင်လတ်သော
စိတ်ဓါတ်အင်ဂျင်နီယာ၊မည်ထိုက်စွာတည့်။
မိခင်သည်ကား
အင်အားသန်စွမ်း၊ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊မည်ထိုက်စွာတည့်။
ဤမျှကြီးမား၊တာဝန်များကို
မအားမလပ်၊ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။
ဆရာကြီးဒဂုန်တာရာအားရိုသေလေးစားရှိခိုးဂုဏ်ပြုလျက်.
လေးစားစွာဖြင့်
အမေ့ကိုချစ်သောအမေ့သား (၁-၀၉-၂၀၁၂)
No comments:
Post a Comment