Sunday, May 13, 2012

သံယောဇဉ်...

ဆေးရုံ မျက်နာကျက်များက မဲမဲမှောင်မှောင် သူလေး ခုတော့ ဆေးရုံတက်နေရသည်။
သူလေးအသက် ငယ်ငယ်ရွယ်ရွယ်နဲ့  ခုလို ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ ပေ။
မနေ့ က ဆေးရုံရောက်တော့ ခွဲစိတ်ခန်း ဝင်နေသည်ဆို၍ပြန်လာခဲ့ရသည်။
ဒီနေ့တော့တွေ့ခွင့်ရမည်ထင်ပါသည်။

ကျွန်တော် မြန်မာပြည် မပြန်ခင်အထိ သူလေး ကျန်းမာရေးကောင်းနေသေးသည်။ တခါတလေ
အသက်ရှုကျပ်သည်ဟုသာပြောသည် နည်းနည်းနားလိုက်လျှင်ပြန်လည်လန်းဆန်းကာ ကျွန်တော်နဲ့အတူ သွားလေရာလိုက်နေခဲ့သည်။မြန်မာပြည်သို့ ကျွန်တော်အလည်ပြန်တော့ သေသေချာချာမှာခဲ့သည်
ကျန်းမာရေးဂရုစိုက်ဖို့  မိုးရေထဲမထွက်ဖို့  အတန်တန်မှာခဲ့ပေမဲ့  ထီးမဆောင်း အမိုးမပါ တယောက်ထဲမိုး
ရေထဲနေနေတတ်သည်ဟု အမေပြောလေသည်။ထီးပေး အမိုးဆောင်းပေးတော့လည်းခဏသာ လစ်တာနဲ့ မိုးရေထဲတွင်ပျော်နေတတ်သည်တဲ့ အမေလည်း ပြောမနိုင်တော့ကျွန်တော်ပြန်အလာကိုသာ
စောင့်နေခဲ့ရသည်။
ကျွန်တော် မြန်မာပြည်မှပြန်လာတော့သူလေးမျက်ဝန်းမှာမျက်ရည်တွေရစ်ဝိုင်းလို့ သူလေးတကိုယ်လုံးလည်း
အေးစက်နေလေသည်။ကျွန်တော့ထွေးဖက်ထားတော့ ငြိမ်သက်စွာမျက်လွှာလေးချလို့ ကျွန်တော့ရင်ခွင်ထဲမှာ
 မှေးစက်နေသည်။

နောက်နေ့ မနက်သူနဲ့ အတူ အလုပ်သွားဖို့ သွားနိုးတော့သူမထချင်၊သူပုံစံကလေးလံနေသည် မျက်ဝန်းများကအရင်လိုမတောက်ပတော့ကြိုးစားပြီး နိုးကြည့်သည်။သူ့ အသံလေးက အားမရှိတော့သောလူမမာလို မျက်ဝန်းများကမပွင့်နိုင်တော့သူ့ ကိုစောင်ခြုံပေးခဲ့ပြီး ကျွန်တော်အလုပ်ကိုထွက်လာခဲ့သည်။အလုပ်ကပြန်လာတော့ သူ့ မျက်နှာလေးနွမ်းလျလျနဲ့ ကျွန်တော်ကိုကြိုနေသည်၊သူ့ကိုခေါ်ပြီးနှစ်ယောက်အတူ ဆေးခန်းသို့သွားတော့ဆရာဝန်ကအား
နည်းနေသည်ဆိုခြင်းကြောင့် သူ့အတွက် အားဆေးဝယ်ကာပြန်ခဲ့ကြသည်။
လမ်းတလျှောက် နှစ်ယောက်အတူသွားကြတော့ စောစောက နွမ်းလျမှုများပြေပျောက်သွားပြီထင်...
ပြန်လည်လန်းဆန်းလာတော့ကိုယ်လည်းဝမ်းသာခဲ့မိသည်။သူ့ကိုနုတ်ဆက်ပြီးအိမ်ပေါ်တက်လာကာ
ရေမိုးချိုး ထမင်းစားကာ သူ့အကြောင်းတွေးနေမိသည်။

စနေနေ့ မနက် စောစောအိပ်ရာကထပြီး အလုပ်သွားဖို့ သူ့ကိုသွားနိုးတော့ အရင်နေ့ကလို သူ့ပုံစံက
မတက်ကြွမလန်းဆန်းတော့နိုးတဝက် မနိုးတဝက် နဲ့ ဒါပေမဲ့ မျက်ဝန်းများကတော့ တောက်ပနေတယ်
ကြိုးစားပြီးနိုးကြည်တော့ သူ နိုးလာကာ အလုပ်ကိုလိုက်လာခဲ့သည်။လိုက်တာလာခဲ့ရပေမဲ့ သူပုံစံက
ပုံမှန်မဟုတ်..လမ်းသွားရင်း ချောင်းတွေတအား ဆိုးလာသည်၊ အသက်ရှုသံ ပြင်းလာသည်.......
တဖြည်းဖြည်းခေါ်မရတော့ သူ့လမ်းတဝက်မှာတင် လုံးဝသတိမရတော့ လှုပ်နိုးကြည့်သည်
အော်ခေါ်သည် ပြန်လည်မထူးတော့ပဲ သူလေးဘာဆိုဘာမှမသိတော့....ဆေးရုံကို ဖုန်းဆက်အကြောင်း
ကြားတော့ ဆေးရုံကားလွှတ်ပေးလိုက်မည်ဟုဆိုသည်။သူလေးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလို ဖြစ်လိမ့်မယ်လို့ 
လုံးဝမထင်ထားခဲ့ ပေ။ဆေးရုံကားရောက်လာတော့ သူ သတိပြန်လည်လာကာ တောင်းပန်သော အကြည့်လေးနဲ့ ကျွန်တော်ကို လက်ကလေးပြရင်းဆေးရုံကားဖြစ်ပါသွားလေသည်။

တွေးတောနေစဉ် ဆရာဝန်လာခေါ်လို့ သူလေးနဲ့တွေ့ရန် ဆေးရုံအတွင်းကိုယ်ဝင်လာခဲသည်။
ကုတင်ပေါ်တွင်နေနေသော သူလေးကိုကျွန်တော်မမြင်ရက်ပေ။ပိုက်တန်းလန်းနဲ့သူလေးကိုမကြည့်ရက်လို့
ဆရာဝန်စီအခြေအနေမေးဖို့ထွက်လာခဲ့မိသည်၊ဆရာဝန်က အီးစီဂျီ ၊ x-ray ရိုက်ထားသည်၊
သွေးစစ်ထားသည်၊တကိုယ်လုံးစစ်ထားသည်တဲ့။နှလုံးခုန်သံသိပ်မမှန်ဖူးတဲ့။မိုးရေထဲလျှောက်သွား
လို့အဆုတ်ထဲရေဝင်နေတယ်...နည်းနည်းတော့အချိန်ယူကုရမယ်....ဆရာဝန်ပြောစကားများ
ကျွန်တော့်နားထဲမကြားတချက်ကြားတချက်ဖြစ်နေသည်။ဖြစ်မှဖြစ်ရလေ...ကျွန်တော်ဂရုမစိုက်ခဲ့မိလို့
သူလေး ဝေဒနာတွေခံစားနေရပြီ။မိုးရေထဲမှာပစ်ထားမိလို့....ခုတော့.....
ဆရာဝန်က သိပ်လည်းစိတ်မပူပါနဲ့ ကောင်းသွားမှာပါ...နောက်တခါတော့ဂရုစိုက်ပေါ့တဲ့.....
အခြေအနေအားလုံးကို ဖုန်းဆက်လိုက်ပါ့မယ်ဆိုလို့ ပြန်လာခဲ့ရသည်။

အလုပ်သွားတော့လည်းတယောက်ထဲငေါင်တောင်တောင်....အလုပ်ကပြန်တော့လည်း စိတ်ကမကြည်..အတွေးတွေက သူလေးဆီသာရောက်နေသည်၊မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းရတာလည်းမောလှပြီ၊သူလေးနဲ့အတူ အလုပ်သွားအလုပ်ပြန်အချိန်များကို လွမ်းတမ်းတမိတာတော့အမှန်ပင်... ဆရာဝန်ခေါ်မဲ့ဖုန်းကိုမျှော်လင့်နေမိသည်..ကိုယ်တိုင်ခေါ်ချင်ပေမဲ့
မချင့်မရဲ ချီတုံချတုံဖြစ်နေခဲ့တာကြာပြီ....ရေငတ်တုန်းရေတွင်းထဲကြသလို ဖုန်းမြည်သံကြားတော့
ဆရာဝန်ဆီကဖုန်း.....မနက်ဖြန် ဆေးရုံကဆင်းလို့ရပြီတဲ့ ..နောက်မှာ သူလေးရဲ့အသံစာစာလေးကို
ကျွန်တော်ကြားနေရသည်..ပျော်ရွှင်ဝမ်းသာမှူများ ရင်ထဲစီးဆင်းသွားသည်။

မနက်ဖြန်ဆို သူလေးနဲ့တွေ့ရတော့မည်၊ အလုပ်အတူတူသွား အတူတူပြန်နိုင်တော့မည်။
ကျွန်တော်သွားရာနောက် မြူးတူးခုန်ပေါက်ပြီးလိုက်နေတော့မည်။ ဒီတခါတော့ ငါ့ရင်ခွင်ထဲက
ထွက်မသွားပါနဲ့တော့....နောင်ဒီလိုအဖြစ်မျိုးမဖြစ်စေရဖူးလို့ ကတိပေးပါတယ်....
ကျွန်တော်လည်း အိပ်တော့မယ်....မနက်ဖြန်သူလေးကို သွားခေါ်ရအုံးမယ်....


လေးစားစွာဖြင့်
(အမေ့သား)



Tuesday, May 08, 2012

အမေ့အတွက်

ပျော်ရွှင်ဖွယ်မွေးနေ့ ပါ အမေ

ကိုးလလွယ် ဆယ်လဖွား
ငယ်စဉ်တောင်ကြေး
ကလေးဘဝကတည်းက
နို့ ချိုတိုက်ကျွေး
လူလားမြောက်အောင်
ပြုစုခဲ့တဲ့ အမေ

အရွယ်ရောက်တော့လည်း
မညီးမညူ ဂရုစိုက်လို့ 
အမေ့သား. ဒီကောင်ကြီး
ဖြစ်ချင်တာမှန်သမျှ
ဖြည့်ဆည်းပေးခဲ့တဲ့ အမေ

အိမ်ထောင်ရက်သားကျတဲ့ 
အမေ့သား ဒီကောင်ကြီးကို
လူကြီးတယောက်လိုမမြင်
ကလေးငယ်တယောက်လို
ပူပန်စိုးရိမ် အချစ်ပိုခဲ့တဲ့  အမေ

တိုင်းတပါးရေမြေခြားမှာ
အမေ့သား ဒီကောင်ကြီး
အနေအစား မဆင်းရဲရအောင်
ဆွေမျိုးတွေနဲ့  ခွဲ
သားဆီကိုလာ သားလိုတာ
ဖြည့်ဆည်းလို့ မိခင်မေတ္တာ
ရင်မှာအပြည့်နဲ့ 
ဂရုစိုက်ခဲတဲ့ အမေ

အမေ ဟာ သားတို့ 
မိသားစုအတွက် မရှိမဖြစ်ပါ
သား ဘဝအတွက်
အမေ က ပထမ
အမေ က ဒုတိယ
အမေ က တတိယပါ အမေ

သားတို့ ဇနီးမောင်နှံ နဲ့ အတူ
အေးအတူ ပူအမျှ အတူတကွ
စင်ကာပူမှာ လာနေပေးတဲ့ 
အမေကို ကျေးဇူးတင်ပါတယ် အမေ

(၆-၅-၂၀၁၂)မှာကျရောက်တဲ့
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ
သားတို့ မိသားစု နဲ့ အတူ
သေတပန်သက်တဆုံး နေနိုင်ပါစေ
နေသွားပေးပါလို့ တောင်းဆိုရင်း
အမေ့သား ဒီကောင်ကြီး
လက်အုပ်ချီမိုးရှိခိုး
ကန်တော့လိုက်ပါတယ် အမေ

(အမေ့သား)
(၆-၅-၂၀၁၂)

Sunday, April 29, 2012

ဖျာပေါ်ထိုင်ချင်သူများ

ခင်မင်ရသောသူငယ်ချင်းကမ္ဘာ့ဖျာအတွက်....

ဘာ....ဖျာပေါ်ထိုင်ချင်တယ်
ဟုတ်လား.......
သေသေချာချာ စဉ်းစားပြီးပြော
ရိုးရိုးဖျာတောင်မဟုတ်
ကမ္ဘာ့ဖျာပေါ် ထိုင်ချင်တာတဲ့
လွန်သွားပြီကွာ......
အေး ..မှတ်ထားလိုက်
ဖျာပေါ်ထိုင်ချင်ရင် 
အရည်အချင်းရှိမှကွ
ဘယ်လိုအရည်အချင်းလဲ....
.?
မေးမှမေးရက်တယ်....
သူ့ ရဲ့ အတွေးအခေါ်
အရေးအသား၊ 

ခံစားနားလည်မှုတွေ၊
နူးညံ့သိမ်မွေ့တဲ့ သူ့ ကဗျာ
နက်နဲလှတဲ့ သူ့စာသား
အဓိပ္ပါယ်ရှိတဲ့ သူ့ ခံစားချက်တွေကို 

လိုက်မှီနိုင်လောက်တဲ့
အတွေးအခေါ်.......
ခံစားမျှဝေနိုင်မှု .....

အရည်အချင်း.......
မင်းမှာရှိလား.....?
အေး....ရှိခဲ့မယ်ဆိုရင်တောင်
မင်း....ဖျာပေါ်ထိုင်လို့ မရဖူး
ရှေ့မှာနေဖို့ က မင်းအဆင့်နဲ့ 
မရသေးဖူး........ကြိုးစားအုံး
ကုန်ကုန်ပြောမယ်
ဖျာဘေးမှာတောင် မင်းနေလို့ မရဖူး
မင်းနေလို့ ရမှာက
ဖျာ နောက်မှာ.....နေမလား
.?
စဉ်းစားပေါ့ကွာ........
ဘာလို့ ထိုင်လို့ မရတာလဲ
....?
သိချင်တယ်......ဟုတ်လား
ငါ ပြောတဲ့ အရည်အချင်းလည်း
ရှိရဲ့သားနဲ့ ........ဟုတ်လား

ပြောပြမယ်.....ပြောပြရမှာပေါ့
ဖျာပေါ်မှာ....ကမ္ဘာ့ဖျာပေါ်မှာ
သူချစ်ရတဲ့ သူ့ သားထိုင်နေလို့ ကွ
ဘေးမှာက သူချစ်ရတဲ့ သူ့ ဇနီး
ရှိနေလို့ ဟေ့..........

ရှင်းပြီလား......
ကဲလာ...ငါ နောက်ကတန်းစီ
တို့တွေ ဖျာစကိုဆွဲပြီး

ဖျာ........နောက်ကပဲ
လိုက်ကြရအောင်........
သူ့ ကဗျာတွေခံစားမယ်
သူ့ အတွေးတွေဝေမျှမယ်.....

အမေ့သား(၂၈-၄-၂၀၁၂)

Tuesday, April 10, 2012

လှောင်အိမ်


ရွှေတိဂုံဘုရားကိုမနက်စောစောရောက်၍ဘုရားဝတ်ပြုဆုတောင်းမှုများပြီးမြောက်၍လှကားအတိုင်းခြေ
လျင်ဆင်းလာခဲ့သည်။ မဟာဝိဇိရဘုရားဖက်သို့ကူးမည့်တံတားအနီး လူငယ်ပိုင်းချာတိတ်နှစ်ယောက် စာကလေးဌက်များထည့်ထားသောလှောင်အိမ်လေးကိုယ်စီဖြင့်ကုသိုလ်ပြုလွတ်ပေးမဲ့ သူကို စောင့်ဆိုင်းနေကြသည်။ ကျွန်တော်သူတို့ အနီးရောက်တော့ အစ်ကို စာကလေးတွေ လွှတ်ပါအုံး ကုသိုလ်ရပါတယ်။ ကျွန်တော်ကြည့်လိုက်တော့ လှောင်အိမ်ထဲမှစာကလေးများသည် တောင်းပန်နေဟန် သူတို့ အားလွတ်လပ်ခွင့်ပေးပါရန် ပြောဆိုနေ သယောင် ထင်မြင်ကြားယောင်မိသည်။
တစ်ကောင်ဘယ်လောက်လဲကွ!  (၁၀၀) ပါ အစ်ကို…. အေး……သက်စေ့ဆိုတော့(၃၆)ကောင် ပေးကွာ………….လွှတ်မယ်။ မင်းမှာ(၃၆)ကောင်ပြည့်လို့လားဟု ကျွန်တော်မေးလိုက်တော့ ရတယ် အစ်ကို ကျွန်တော့်သူငယ်ချင်းစီက ခဏချေးလိုက်မယ်။ အောင်အောင်….. ငါ့ကိုစာကလေး(၁၀)ကောင် ခဏချေး။ ညနေကျရင်ပြန်ပေးမယ်။ ထို့နောက်ကျွန်တော်လည်းစာလေးများကိုတစ်ကောင်ပြီးတစ်ကောင်လွှတ်ပေးနေ
သည်။ နီးစပ်ရာသစ်ပင်ပေါ်ပျံတက်သွားသောစာကလေးများကြည့်ရင်း.. မင်းတို့ ဘဝလေးအေးချမ်းလွတ်လပ် သလို ငါ့ဘဝလေးလည်းအေးချမ်းလွတ်လပ်ပါစေလို့ ရင်ထဲမှာကြိတ်ဆုတောင်းမိနေသည်။စာကလေးဖိုးပိုက်ဆံ
ရှင်းပေးရင်းစောစောကချာတိတ်ပြောသော ညနေကြရင်ပြန်ပေးမည်ဆိုသောစကားကို သတိရမိကာ ကိုယ့်ညီ မင်းတို့ စာကလေးတွေကို ဘယ်လို ဖမ်းလို့ မင်းသူငယ်ချင်းကို ညနေပြန်ပေးမယ်လို့ မင်းပြောတာလဲ?
ထိုသို့ ကျွန်တော်မေးလိုက်တော့ အံ့သြသောအမူအရာဖြင့် ကြည့်ပြီး ဖမ်းစရာမလိုဖူးအစ်ကို ညနေကြရင်
သူတို့ ဘာသာသူတို့ ပြန်လာကြတယ်။အနားရောက်တော့မှ ဖမ်းပြီးလှောင်အိမ်ထဲထည့်လိုက်ရုံပဲ။ ကျွန်တော်အတော်ကြီးကို အံ့သြသွားသည်။ ဘယ်လို ဘယ်လို ရှင်းစမ်းပါအုံး ကိုယ့်ညီ။
ကျွန်တော်ပြောပြရင် အစ်ကို ကျွန်တော်တို့ အပေါ်ကို နားလည်ပေးနိုင်မှရမယ်။ကျွန်တော်တို့လည်း ဒီအလုပ်ကို မလုပ်ချင်ပါဖူး ဒါပေမဲ့ လွယ်လင့်တကူ ငွေရှာလို့ ရနေလို့ သာလုပ်နေရတာပါ။ အရေးထဲ ဆရာသမားက နိဒါန်းတွေနဲ့ လုပ်နေတော့အေးပါ ငါ နားလည်ပါတယ်ကွာ ပြောစမ်းပါ။
ဒီလို အစ်ကို .... အစ်ကို အခုလွတ်ပေးလိုက်တဲ့ စာကလေးတွေက ဒီဝန်းကျင်မှာရောင်းနေတဲ့ ကျွန်တော်တို့လို လူတွေရဲ့ သားကောင် တနည်းအားဖြင့် ကျွန်တော်တို့ ရဲ့အလုပ်သမားတွေပဲအစ်ကို။ တွေ့လား..အစ်ကို။ လှောင်အိမ်ထဲက အစာခွက်နဲ့ ရေခွက်၊ အဲ့ထဲမှာ မူးယစ်စေတဲ့ ဆေးတမျိုး ဆေးခြောက်လို မျိုးပေါ့ ထည့်ထားတယ် သူတို့ စားသောက်ပြီးရင်မှိန်းနေကြတယ် ဘယ်မှ မပျံဖူး။ နေစဉ်စားသောက်နေတော့ ဆေးစွဲတဲ့ လူတွေလိုပဲ ဖြစ်နေပြီ။ဘာမှသူတို့မသိဖူး အဝေးကို ပျံသွားရမှန်းလည်းမသိအချိန်တန်စားရဖို့ လောက်နဲ့ လှောင်အိမ်ဟာသူတို့ဗိမ္မာန်လို့ မှတ်ထင်နေကြတယ်။ ဒီတော့ အခုအစ်ကို လွတ်ပေးလိုက်တယ်။ သူတို့တွေ အဝေးကို မပျံဖူး။ နီးရာသစ်ပင်တွေမှာပဲနားနေကြတယ်။ညနေအိပ်တန်းတက်ချိန်ရောက်တာနဲ့
လှောင်အိမ်လေးကိုင် အသံပေးလိုက်တာနဲ့ သူတို့တွေ ကျွန်တော်တို့အနီးကို ပျံဆင်းလာကြတယ်။ အဲဒီအခါအသာလေးဖမ်းလှောင်အိမ်ထဲပြန်ထည့်၊ အစာကျွေးတော့ သူတို့ပျော်တောင်နေသေးတယ်အစ်ကို
ပြန်ပြောရမဲ့စကားလုံးရှာမတွေ့တော့လို့ချာတိတ်ကိုနူတ်ဆက်ပြီးမဟာဝိဇိရဘုရားဖက်ထွက်လာခဲ့မိတယ်၊
သြော်…သူတို့လည်း ဝမ်းရေးအတွက်အဆင်ပြေသလိုရှာဖွေစားသောက်နေကြရတာပါလားလို့တွေးတော
ရင်းဘုရားကိုလက်ယာရစ်ပတ်ပြီးကားစီးကာအိမ်သို့ပြန်လာခဲ့သည်။အပြန်လမ်းတလျှောက်လုံး အတွေး
ထဲတွင် စာကလေး၊လှောင်အိမ်၊စာကလေးရောင်းသောချာတိတ်တို့ကစိုးမိုးနေရာယူလာခဲ့သည်။အိမ်ပြန်
ရောက်တော့လည်းဘာမှမလုပ်နိုင် အတွေးနယ်ချဲ့နေမိသည်။ပျံသွားရကောင်းမှန်းမသိ၊လှောင်အိမ်ကို
သူတို့ရဲ့အသိုက်လို့ထင်မှတ်ယူဆနေသည်၊ညနေစောင်းအသံလေးပေးလိုက်တာနဲ့အနားကိုပျံလာကာ
အဖမ်းခံနေကြသည်၊ဘယ်မှမသွားတတ်၊ရှာဖွေမစားသောက်တတ်ကြတော့……လွှတ်ပေးလိုက်တဲ့ခဏ
တာသူတို့ပျော်နေကြသည်…..တွေးရင်းနဲ့ခေါင်းတွေပါကိုက်ခဲလာတော့သည်၊ဘာလို့တခြားကိုမပျံကြတာ
လည်း၊ပျံသန်းသွားတဲ့စာကလေးကောမရှိဖူးလား။။။မေးခွန်းတွေထပ်လာခဲ့လေပြီ။ထိုအချိန်တွင်မထင်မှတ်ပဲ
အတွေးအာရုံတခုပေါ်လာသည်….ဟာ….လို့ယောင်ရမ်းအော်မိသည်၊ပြီးတော့ ဟားတိုက်ရယ်မောမိလေ
သည်။မဟေသီသည် ဘုရားမှပြန်လာပြီးစိတ်မှကောင်းသေးရဲ့လားဆိုသောသဘောဖြင့်လှမ်းကြည့်ကာ
မေးငေါ့ပြလေသည။ဘာမှမဟုတပ်ပါဖူးလို့ပြောရင်းကျွန်တော့်အတွေးရဲ့အဖြေကိုထင်းထင်းရှင်းရှင်းမြင်တွေ့
ခဲ့မိသည်။ ထပ်တူကျနေသော ဘဝနှစ်ခု…….
ချာတိတ်ပြောသွားသောစကားများတွင် သူက…အလုပ်ရှင်…စာကလေးများက သူ့အလုပ်သမားများ
အလုပ်လုပ်ရာနေရာက လှောင်အိမ်။ သေချာပြီ…သွေးထွက်အောင်မှန်နေလေပြီ….
ကဲကြည့်နော်……ကျွန်တော်တို့သည်….စာကလေးများ……လက်ရှိအလုပ်ရှင်များသည်….ချာတိတ်
လှောင်အိမ်သည်.ကျွန်တော်တို့ပျော်ရွှင်ဖွယ်အိမ်ဟုထင်မှတ်ထားသော စင်ကာပူနိုင်ငံမဖြစ်နေလေဖူးလား။
မြန်မာပြည်မှာနေစဉ်ကာလက ကိုယ်ပိုင်အလုပ်လေးမို့ ဖွင့်ချင်တဲ့အခါဖွင့် မလုပ်ချင်သောနေ့ပိတ်ထားပြီး
လွတ်လပ်စွာနေနိုင်ခဲ့တယ်၊စင်ကာပူရောက်လာသည့်နေ့မှစပြီးကိုယ့်ကိုမပိုင် လှောင်အိမ်ထဲကစာကလေး
များနဲ့တူလာသည်၊မနက်အလုပ်သွား…ညနေအလုပ်ပြန်နဲ့ ဘဝသည်အသားကျကာပျော်ရွှင်လာပြီး စင်ကာပူ
က ဘဝတခုဖြစ်လာခဲ့တယ်၊ဘယ်မှသွားဖို့လည်းမစဉ်းစား၊ပြန်ဖို့လည်းမတွေးတောမိ၊လုပ်လိုက်စားလိုက်
သုံးလိုက်စွဲလိုက်နဲ့ဘဝကိုသာယာနေခဲ့ကြတယ်၊အခြေအနေအကြောင်းကြောင့်ပြန်ကြတော့လည်း လွတ်လပ်ပြီးဆိုသောစိတ်ခံစားမှုကပြန်တုံးခဏသာပျော်ရွှင်နေခဲ့ပြီး ရက်နည်းနည်းကြာလာသည်နှင့်
လှောင်အိမ်ကိုသာ တမ်းတနေမိကြသည်မဟုတ်ပါလား။အပြီးပြန်ပြီးလွတ်မြောက်ပြီဟုထင်သောသူများ
လည်း ဘယ်ကစပြီးဘာလုပ်ရမည်မသိ…စုံစမ်းရင်းပါလာတာလေးတွေကုန်ပြီး စင်ကာပူပြန်ရောက်လာကြ
ပြန်သည်။တချို့သောသူများကတော့ လက်ရှိထက်ကောင်းသောနိုင်ငံသို့ပြောင်းရွှေ့ပြီးလှောင်အိမ်အသစ်
တခုမှာအလှမွေးစာကလေးအဖြစ်ရပ်တည်နေကြတယ်၊အပြီးလွတ်မြောက်သွားတဲ့သူများလည်းရှိပါတယ်၊
ကျွန်တော်လည်း လွတ်လပ်ပြီကွဟု ကြွေးကြော်အော်ဟစ်ပြီး မြန်မာပြည်ကိုပြန်သွားခဲ့တယ်၊လွတ်လပ်ပါ
တယ်၊စားချင်တာစား….သွားချင်ရာသွား….လုပ်ချင်တာလုပ်…..နေချင်သလိုနေ….ပျော်လိုက်သည့်ဖြစ်ခြင်း
(၂)ပတ်ကျော်လာတော့နည်းနည်းပျင်းလာသည်…သွားစရာကသိပ်မရှိတော့…..ပိုက်ပိုက်ကအင်အားနည်းလာပြီ၊နောက်ဆုံးတော့လှောင်အိမ်လေးကိုသတိရလာသည်။ပြန်ချင်လာသည်။ရိုက်မခေါ်ရပါပဲ လှောင်အိမ်
ထဲအတင်းပြန်ဝင်မိသည်၊အခုတော့လှောင်အိမ်လေးထဲပြန်ရောက်နေပြီ..လှောင်အိမ်လေးထဲမှာ မြူးတူးခုန်
ပေါက်နေပြီ…..ခုန်ပေါက်နေရင်း နောင်တကြိမ်လွှတ်ပေးမဲ့သူ….လွတ်ရမဲ့ရက်ကိုမျှော်ရင်း…….

သြော်…….လွှတ်အုံးမလားအစ်ကို….တစ်ကောင်မှ (၁၀၀)ပါ

အမေ့သား


Friday, March 02, 2012

သိပ်ချစ်တာ သူသိပါစေ

ဒီပို့စ်လေးက ချစ်ရတဲ့ ဇနီးသည်အတွက် လာမဲ့ မတ်လ (၁၂)ရက်နေ့မှာမင်္ဂလာနှစ်(၆)နှစ်ပြည့်အမှတ်တရ အတွက်ရည်ရွယ်ရေးသားတယ်ဆိုပေမဲ့  အားလုံးသော ချစ်သူများ၊အိမ်ထောင်သည်များအတွက်..သတိမမူ ဂူမမြင်ဆိုသလိုဖြစ်နေမှာ စိုးသောကြောင့်တဦးရဲ့အပြစ် တဦးမပြောကြပဲ နားလည်မှုပေးနိုင်စေဖို့လည်း 
ရည်ရွယ်ပါသည်။ချစ်သူတွေပဲဖြစ်ဖြစ်…..ဇနီးမောင်နှံပဲဖြစ်ဖြစ်…တဦးအပေါ်တဦးနားလည်မှုတွေနဲ့ 
ဘာတွေဖြစ်ဖြစ်ဘယ်လိုအခက်အခဲတွေဖြစ်နေပါစေ….အပြစ်ဆိုတာမမြင်ပဲ…ဖေးမနားလည်ဖြေရှင်းမယ်ဆို
ချစ်သူဘဝဟာ သာယာအေးချမ်းသလို…အိမ်ထောင်သည်ဘဝဟာလည်း အပြစ်အနာအဆာမကင်းပေမဲ့
ချစ်ခြင်းများနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးလေးဖြစ်နိုင်ပါတယ်…....

(အမေ့သား)

အချစ်ကိုရှာဖွေတွေ့မိခဲ့သည့်နောက်…..

အချိန်ကာလက ၉၉၉ ဇွန်လ(၃၀)ရက်နေ့ မှာရင်ထဲကမြိုသိပ်ထားခဲ့တဲ့ အချစ်ဆိုတဲ့အရာကိုမောင်နှမ
လိုနေခဲ့တဲ့ အခြေအနေကနေချစ်သူဘဝရောက်အောင်တွန်းပို့ ပေးခဲ့သော ဈေးရောင်းတဲ့ချာတိတ်ကြောင့် ကျွန်တော်နဲ့ သူ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ နေရာလေးကတော့ ရွှေသန်လျင်တဖက်ကမ်းကကျိုက်ခေါက်
ဘုရားမှာပေါ့။
တရပ်ကွက်ထဲအတူနေ (၄)လမ်းသာခြားတဲ့ တို့ နှစ်ယောက်ချစ်မိခဲ့ကြပြီ။ညီမလေးတယောက်လို ချစ်ခဲ့ရတဲ့ ကိုယ် နဲ့ အစ်ကိုတယောက်လို အားကိုးချစ်ခဲ့တဲ့သူရယ်…တို့နှစ်ယောက်ရဲ့အချစ်လမ်းဟာသာယာဖြောင့်
ဖြူးခဲ့ပါတယ်။ နှစ်ဖက်မိသားစုသည်ကလည်းကြိကြိတက်မချမ်းသာကြပေမဲ့ လူတန်းစေ့များဖြစ်လို့ ပြသနာ
မရှိပဲ ချစ်ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျွန်တော်လည်းကျောင်းပြီးလို စင်ကာပူထွက်အလုပ်လုပ်ခဲ့သလို
သူလည်းပဲ GTI မှ B-Tech…..BE……အဆင့်ဆင့်ဖြတ်လို့ ကျောင်းပြီးသွားတဲ့အထိ နှစ်ပေါင်း (၇)နှစ်
တိုင်တိုင်ချစ်ခဲ့ကြတယ်။ နားလည်ခဲ့ကြတယ်။စောင့်ထိန်းခဲ့ကြတယ်။၂၀၀၆ ခုနှစ် မတ်လ(၁၂)ရက်နေ့ 
တနင်္ဂနွေနေ့ မှာနှစ်ယောက်တဘဝကို လျှောက်လမ်းခဲ့ကြတယ်။၂၀၀၆ ခုနစ်  ဂျုလိုင်လမှာ တချိန်ကချစ်သူ ကျွန်တော်ဇနီးလေး စင်ကာပူကို အေးအတူပူအမျှ နေဖို့ ရောက်လာခဲ့တယ်။ပျော်ရွင်ဖွယ် ဇနီးမောင်နှံအဖြစ်
နေနိုင်အောင် နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ ကြရင်းအချိန်တွေဟာလည်း တဖြေးဖြေးကုန်လွန်ခဲ့တယ်။
အိမ်ထောင်သက်(၃)နှစ်လောက်မှာ..ကလေးယူဖို့စိတ်ကူးယဉ်ခဲ့ကြတယ်။
တနေ့ မှာ ကျွန်တော် လိုချင်တောင်းတခဲ့တဲ့ အရာတခု သတင်းတခုကို သူ့ ဆီက သိလိုက်ရတယ်။
သူ့ တွင် ကိုယ်ဝန်ရှိနေပြီ ကျွန်တော်ရဲ့သွေး ကျွန်တော်ရဲ့သား သူ့ မှာရှိနေပြီ.... အတိုင်းမသိပျော်မိတယ်။
သူနဲ့ အတူ ဆေးခန်းသွားပြတော့ အိုဂျီ ဒီနေ့ မရှိလို့  မပြခဲ့ရပေမဲ့  သူငယ်ချင်းညီမလေးတယောက်မွေးခဲ့တဲ့ 
ဆရာဝန်ကြီးရှိတဲ့ ဆေးခန်းကို သွားပြခဲ့တယ် နစ်ပ်မလေးက ထပ်စစ်ကြည့်သည်၊သေချာပါသည် ကျွန်တော် ကလေးအဖေဖြစ်တော့မည်။ဆရာဝန်ကြီးနဲ့ တွေ့  အခြေအနေစမ်းသပ်စစ်ဆေးပြီး အခြေအနေထူးခြားလျှင်
ချက်ချင်းပြန်လာဖို့ မှာကြားနာယူကာပြန်လာခဲ့ ကြသည်။ မြေးလိုချင်နေသော အဖေ နဲ့ အမေသည်လည်း
အတိုင်းမသိပျော်နေကြသည်။ နောက်တရက် (မခံစားနိုင်လို့  ရက်စွဲများထည့်မရေးတော့ပါ)……
ကျွန်တော်အလုပ်သွားခဲ့ပြီး နေ့လည်ခင်းတွင်အမေ့စီမှ ဖုန်းဝင်လာခဲ့သည်။ ဇနီးသည် သွေးဆင်းနေ၍
ဆေးခန်းပြန်သွားကြမည်တဲ့  ပြန်လာလို့ ရရင်ပြန်လာခဲ့ပါတဲ့၊အဖေကိုလည်းခေါ်ထားသည်တဲ့ ကျွန်တော့် ခေါင်းတွေ မူးနောက်သွားသည်။ ကားကို ဂရုတစိုက်မောင်းပြီးဆေးခန်းကိုရောက်လာတော့ ......
သွားပြီ မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပြီး သွေးဆင်းခြင်းနဲ့ အတူ သားလားသမီးလားမသိရသော ကျွန်တော်တို့ရဲ့သွေးထွက်ခွာသွားခဲ့ပြီ။ အော်ပရေးရှင်းလုပ်ပြီး ထွက်လာခဲ့တဲ့ သူ .ကျွန်တော်ကို မြင်တော့  ဝမ်းနည်းစွာငိုနေသည်။ ဖေးမရမည်..သူလည်းခံစားရပေမည် ။ကာယကံရှင်လေ ပိုခံစားရမှာပေါ့…..
တပတ်လောက်ထိကိုငိုကြွေးနေသောသူ့ကို ဖေးမနားလည်အောင် ပြောဆိုရှင်းပြရင်းအချိန်ကာလတွေ ပြီးဆုံးလို့ 
သူလည်းမေ့ပျောက်နိုင်ခဲ့သည်။ အချိန်ကာလ (၆)လကျော်ကျော်ကြာတဲ့အချိန်မှာ ကျွန်တော့် မျှော်လင့်ချက်ပြန်လည်အသက်ဝင်လာခဲ့ပြီ။ ဒုတိယမြောက်ကိုယ်ဝန်ရှိခဲ့ပြန်လေပြီ။ ဒီတခါတော့ အရင်လို အဖြစ်မခံနိုင်တော့ပေ။ တအိမ်လုံးဂရုစိုက်ကြသည်။သူ့ တရုံးလုံးလည်းစိုးတထင့်ထင့်နဲ့ဖြစ်နေခဲ့ 
ကြသည်။ ကိုယ်ဝန်(၂)လကျော်လာတဲ့ အချိန်မှာ (ကန်တော့ပါရဲ့ ဗျာ) သွေးနည်းနည်းဆင်းလာလေသည်။
စိုးရိမ်ကဲရပြီ၊မေးမြန်းကြည့်တော့ဖြစ်တတ်ကြပါတယ်တဲ့…
ဒီလိုနဲ့ နောက်တနေ့ရုံးသွားတက်ပြီးအပြန်တွင်…သွေးဆင်းမှုများလာသောကြောင့် အိမ်ရောက်ရောက်ခြင်း အမေနဲ့အဖေကိုပြောခါ ဆေးရုံသို့ပြေးရလေပြီ။ ဆေးရုံရောက်တော့ အရေးပေါ်ခန်းသို့ခေါ်ဆောင်သွားကြ
သည်။အချိန်တော်တော်ကြာသည်အထိ ဘာအဖြေမှတိတိကျကျမသိရသေးပဲ ရင်တထိတ်ထိတ်နဲ့စောင့်
မျှော်နေတုန်း ကျွန်တော်နာမည်ခေါ်လို့ သွားတွေ့တော့..အိုဂျီစပါယ်ရှယ်လစ်မဟုတ်သည့်အတွက် တပ်အပ်  မပြောနိုင်သေးပါတဲ့.မနက်ဖြန် စပါယ်ရှယ်လစ်လာမှ သေသေချာချာသိရပေတော့မည်။အဖေနဲ့အမေ့ကို
ပြန်စေပြီး ကျွန်တော် ဆေးရုံမှာပဲစောင့်နေခဲ့သည်။အတွေးများစွာဗလောင်ဆူနေသည်….မိုးရယ်
မြန်မြန်လင်းပါတော့….
မနက်မိုးလင်းတော့ဆရာဝန်ကြီးများရောက်လာပြီးသေချာစွာစစ်ဆေးပြီးကလေးမှာသွေးဆင်းရင်းပါ
သွားခဲ့လေပြီတဲ့…ချောက်ထဲကျသွားတဲ့လူတယောက်လို…ရင်ထဲမှာမောဟိုက်တုန်ရီနေတယ်.....
သားလေးလား သမီးလေးလား နုတ်မဆက်ပဲ ထွက်သွားပြန်ပြီ……
သူသည်လည်းသိလောက်ပေမည်။ ဘယ်လိုဖြေသိမ့်ရမလဲ…ကိုယ်ကိုတိုင်ပင် ခြေမခိုင်ယိုင်လဲနေချင်ပြီ
သူ ဆိုလျှင်တော့ ပြောစရာပင်မရှိတော့…အော်ပရေးရှင်းပြီးလို့ ဆေးရုံမှာ (၂)ရက်နေပြီး
အိမ်သို့ပြန်ခေါ်လာခဲ့သည်။ ဘယ်သူ့ကိုမှ စကားမပြောတော့ ကြိတ်ရှိုက်ခါငိုနေတော့သည်။ ဘာကျွေးကျွေးမစားတော့..ဘယ်သူ့ ကိုမှလည်းအတွေ့မခံတော့..သူ့ သူငယ်ချင်းများကိုလည်း
နားလည်အောင်ရှင်းပြပြီး လူနာလာမေးသည်ကိုကျေးဇူးတင်ပါသည်၊ အရမ်းခံစားနေရသဖြင့် မတွေ့ချင်ဖြစ်နေသည်ကို နားလည်ပေးကြဖို့ပြောပြခဲ့သည်။
သူ မသိအောင်တိတ်တိတ်လေး အိမ်သာထဲသွားငို သူ့ရှေ့ရောက်တော့ အပူရုပ်ဟန်လုပ်ခါ ပြုံးပြ
နှစ်သိမ့်…..ဂယောင်ချောက်ခြားပြောသော သူ့စကားများကို အလိုက်သင့်လိုက်ပြောရင်း…….
တသက်လုံး ကလေးမယူတော့ဖူးတဲ့….ဟုတ်တယ်..မယူတော့ဖူး တို့လင်မယားနှစ်ယောက်ပဲ အတူနေတော့မယ်လို့ ပြောပေး…တော်ကြာ ကလေးတော့ယူမှကောင်းမှာပါလေဆို..ကောင်းတာပေါ့ဟု ထောက်ခံပေးရင်း သူ့ဘေးမှာ အမြဲတမ်း အရိပ်လိုနေပေးခဲ့တယ်….ကိုယ့်ရင်ထဲက ငိုကြွေးနေတာကို သူမသိစေဖို့  ဖုံးဖိရင်း ဖြတ်သန်းခဲ့ကြတယ်။ ဆေးရုံကိုတပတ်တခါသွားပြီး သွေးစစ်..စမ်းသပ်မှု
တွေလုပ်တော့ သွေးထဲမှာ…(ဆေးတမ်းအခေါ်တော့ ကျွန်တော် စိတ်နာလို့ မမှတ်ထားတော့ပါ) များနေသောကြောင့်ဖြစ်တာလို့ အဖြေထွက်လာခဲ့တယ်။ဆရာဝန်ကြီးက အပတ်စဉ် (၁) နှစ်တိတိ သွေးလာစစ်ပြီး သူတို့ကစိတ်ချရပြီဆိုမှ ကလေးပြန်ယူရန် သတိပေးခဲ့သည်။လမ်းသွားလို့ ကလေးလေးတွေ
မြင်တာနဲ့ သူ့ မျက်နှာလေးညိုးငယ်ပြီး သူ့ ကလေးသာ အသက်ရှင်ရင်ဆိုပြီးမျက်ရည်ဝေသီလို့…
ကျွန်တော့်ရင်ထဲမှာလည်း အသည်းနှလုံးကို ဓါးနဲ့ထိုးနေသလိုတဆစ်ဆစ်နာကျင် ခံစားရပါတယ်ဆိုတာ
သူလည်းမသိသလို ကျွန်တော်လည်း အရိပ်အယောင်စိုးစဉ်မျှမပြခဲ့ပါဖူး။ အခန်းနံရံမှာရှိသော ကလေးဓါတ်ပုံများကိုလည်း သူမမြင်အောင်သိမ်းဆည်းပြီး….ကံ..ကံရဲ့ အကျိုးကိုနားလည်အောင်
ဖေးကူပြောပြရင်း …ဆေးရုံပုံမှန်သွားရင်း အချိန်တွေလုံးပါးပါးလာခဲ့ပြီး (၁)နှစ်ရဲ့နောက်ဆုံးအပတ်မှာ
ဆရာဝန်မ က ကျွန်တော်ကိုခေါ်တွေ့ကာ..ကလေးယူမယ်ဆိုယူလို့ရပြီတဲ့….တိုင်ပင်ရလေပြီ….
သူသဘောကိုမေးမြန်းရပြီ…အဖေနဲ့ အမေကလည်းအားပေးနှစ်သိမ့်ရင်း ကလေးထပ်ယူရန် သဘောတူခဲ့ကြသည်။ကျွန်တော်တို့မျှော်လင့်ချက်များစွာနဲ့ ဆရာဝန် ညွန်ကြားသည့်အတိုင်းနေထိုင်ခဲ့ရင်း
တတိယရောင်ခြည်သန်းခဲ့ပြန်တယ်…..
ဒီတခါတော့ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်တော့ပေ။
သိ.သိခြင်း ပိုလီဆေးခန်းပြေးပြီး ပြရလေသည်…ဆရာဝန်မက ခုမှ တလသာသာရှိသေးသည်…
စောပါသေးတယ်တဲ့…ကျွန်တော်လည်း ယခင်ဖြစ်ကြောင်းကုန်စဉ်ပြောပြတော့မှ ဆရာဝန်မက
ဆေးရုံကိုလွဲစာရေးပေးလိုက်လေသည်။ဆေးရုံကိုသွားပြီး အရင်ကချက်အလက်များနဲ့အတူပြောပြ…
စစ်ဆေးပေးပြီး အခြေအနေအားလုံးကောင်းသည်တဲ့….၀မ်းသာလိုက်သည့် ဖြစ်ခြင်း…အတိုင်းမသိပျော်ရွင်
လို့ လူတွေတိုင်းပြုံးပြနေမိခဲ့တဲ့ ကျွန်တော်ကို အရူးလို့များထင်ကြမလားမသိ…ထင်ချင်သလိုထင်ကြပါစေ.
ကျွန်တော်အတွက်ကတော့ သန်းထီပေါက်သလိုပါပဲ…ဒီလိုနဲ့ ကိုယ်ဝန်လည်း (၂)လကျော်လာခဲ့လေသည်။
အခြေအနေအားလုံးကောင်းနေသည်။သွေးဆင်းခြင်းမရှိ..အော့အန်ခြင်းမဖြစ်..နေထိုင်ရတာလည်းနေသာ
သည်ဆိုသဖြင့် ကျွန်တော်တို့မိသားစုသာမက…သူ့ သူငယ်ချင်းများ ရန်ကုန်က သူ့မိဘများလည်း
ပျော်ရွင်နေကြသည်။ကျွန်တော်အတွက်တော့ဆိုဖွယ်ရာမရှိတော့… ဒုတိယမြောက် ရက်ချိန်းနေ့သို့
ရောက်ခဲ့ပြီ…ဒီနေ့တွင်…မွေးရက်တွက်ပေးမည်….သူနဲ့ကျွန်တော်..ဆေးရုံကို မနက်စောစောထပြီး စောစောလေးသွားခဲ့ကြတယ်…..အလှည့်ရောက်တော့ စစ်ဆေးသည်…စမ်းသပ်သည်……
တအောင့်လောက်ကြာတော ဆရာဝန်မခေါ်လို့သွားတော့…ဆရာဝန်မက ဒီမှာလာကြည့်တဲ့
မင်းကလေး နဲ့သူ့မိခင် အဆက်အသွယ်မရှိတော့ဖူးတဲ့…တနည်းအားဖြင့်ကလေးအသက်မရှိတော့ဖူးတဲ့…
ကျွန်တော့်ဘ၀ မှောင်အတိကျသွားခဲ့ပြီ.ဆရာဝန်မပြောနေတာတွေကို ကြားတချက်မကြားတချက်….
ကုတင်လက်ရမ်းကိုအားပြုလိုက်ရသည်။သူ ကတော့ မျက်လုံးလေး ပေကလက်..ပေကလက်နဲ့
ကျွန်တော်နဲ့ ဆရာဝန်မကို ကြည့်နေသည်။ဘယ်လိုဖွင့်ပြောရမလဲ…ဖွင့်ပြောရက်မှာလဲ…….
သူ့နားတိုးတိုးကပ်ကာ….ကိုယ်တို့ရင်သွေး အထဲမှာအသက်မရှိတော့ဖူးလို့ပြောတော့ ခေါင်းသာ တွင်တွင်ခါနေသည်။အသံထွက်မလာတော့…ငယ်.သတိထားလေ…ဘာတတ်နိုင်မှာလည်းကွာ
သူ့ကိုသာနှစ်သိမ့်နေပေမဲ့ ကျွန်တော့်အသံတွေလည်းငိုသံပါနေသည်….သို့သော် သူ… မငိုတော့ အံကြိတ်ပြီး
ငြိမ်နေတော့သည်။ဆရာဝန်မက သူ့ကိုလာဖျောင်းဖျသည်…..ဆရာဝန်မကိုခွင့်တောင်းပြီး အိမ်သာဆီသို့
ပြေးခဲ့မိသည်၊ဘာကိုမှ ကျွန်တော်မသိတော့ ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။စိတ်လွတ်လက်လွတ်
ငိုနေမိတော့သည်။ ပြီးမှ သူ့ကို သတိရလာခါ မျက်ရည်များသုတ်ပြီး သူ့ဆီပြန်ပြေးလာခဲ့သည်။ထားခဲ့သော်
နေရာတွင်မတုန်မလှုပ် ကျောက်ရုပ်ပမာငြိမ်နေသည်၊ အဖေနဲ့ အမေဆီဖုန်းဆက်အကြောင်းပြောပြသည်၊
ကားဌားပြီးအိမ်ပြန်လာသည်တလျှောက်လုံး စကားလုံးဝမပြောတော့ပါ။ကျွန်တော် နားလည်ပါသည်၊
မိခင်တယောက်ရဲ့ ဝေဒနာ….စဉ်းစားမိသည်…ဘယ်လိုနှစ်သိမ့်ရမလည်း…ဖြေသိမ့်ရမလဲ….
ခေါင်းတွေမူးဝေလာတော့သည်..အိမ်ကိုရောက်တာနဲ့ အိပ်ရာထဲတမ်းဝင်ကာ….ကြောင်တောင်တောင်မျက်
လုံးများနဲ့ကြည့်နေတဲ့သူ့ကို ကျွန်တော် ဘယ်လိုချော့ရမလဲ….သူ့ကိုကြည်ရင်း ကျွန်တော် မခံစားနိုင်တော့
ခဏလေး သူ့နားကခွာကာ ရင်ဖွင့်ရာ (အိမ်သာ)ဆီသို့သွားကာ….ငိုခဲ့မိတော့တယ်….ယောကျာင်္းတန်မဲ့
ငိုတယ်လို့တော့မပြောကြပါနဲ့ တတိယအကြိမ်မြောက်ဆိုတော့ တင်းခံနိုင်တဲ့ အင်အားမရှိတော့လို့ပါ။
သူ့ရှေမှာတော့ ဘယ်တော့မှ မျက်နှာမညှိးအောင် မငိုမိအောင်နေခဲ့တယ်…အားပေးခဲ့တယ်…သူ့အပေါ်
စိတ်ညိုငြင်မှု့ တစက်ကလေးမှမပြခဲ့ပါဖူး…အပြစ်ပြောစရာလည်းဘာမှမရှိပါ….ဘယ်သူ့ကြောင့်ရယ်မှ
မဟုတ်ဖြစ်ပျက်တတ်တဲ့လောကဓံတရားပါ။ဒါတွေဟာသူ့အပေါ်ကျွန်တော်ရဲ့အချစ်တွေ….နားလည်မှုတွေ
မြတ်နိုးမှုတွေ…စာနာသိတတ်မှုတွေပါ၊သူလည်းသိနားလည်မှာပါ..ဖြစ်ပြီးခဲ့သမျှတွေကို မေ့ပျောက်နိုင်ဖို့
ကြိုးစားရင်း ကျွန်တော်နဲ့သူ ဘဝခရီးလမ်းကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတယ်…ဒါပေမဲ့ ခဲမှန်ဖူးတဲ့စာသူငယ်ဟာ ဘယ်တော့မှ အေးချမ်းစွာအစာမရှာနိုင်သလို သူလည်းပဲ နာကျည်းခံစားမှုတွေနဲ့အတူ ရှင်သန်နေရသလို.
ကိုယ်ဝန်ဆောင်သည်တွေ့ရင်မျက်နှာလွဲနေတတ်တာသတိထားခဲ့မိတယ်။အခုတော့ သူလည်းရင့်ကျက်
လာပါပြီ….ကျွန်တော်တို့ရဲ့အတိတ်ပုံရိပ်ဆိုးတွေလည်း ဝေးလွင့်ပျောက်ကွယ်သွားပါပြီ။ အေးချမ်းစွာ
တူလက်တွဲလို့ပျော်ရွှင်မြူးနေခဲ့ပြီ။ကျွန်တော်....သူ့ကိုပြောပြချင်ပါတယ်...ကျွန်တော်.သူ့ကိုချစ်မြတ်နိုးတန်းဖိုး
ထားတယ်ဆိုတာ...သူသိပါစေ။ သူ ဘာတွေဖြစ်ဖြစ် အချစ်မလျှော့ပါဖူးလို့ ...သိပ်ချစ်တာ သူသိပါစေလို့ 
ပြောချင်ပါတယ်.........သူ့အထင်မှာတော့ သူ့အပေါ်အချစ်လျော့သွားမယ်.....
ဖြစ်ပြီးခဲ့သမျှတွေအပေါ်ခံစားမှုမရှိဖူးလို့ထင်ကောင်းထင်နေပါလိမ့်မယ်......ကျွန်တော်ကြိတ်ငိုခဲ့ရတဲ့ ရက်တွေ ခံစားခဲ့ရတဲ့ရက်တွေ များလှပါပြီ၊အလုပ်သွားတိုင်းမြင်တွေ့မိတဲ့ ကလေးတွေနဲ့မိသားစုတွေတွေ့တိုင်း သက်မချခဲ့ရတဲ့ ကျွန်တော့်အဖြစ်ကို သူ မသိခဲ့ပါဖူး သိအောင်လည်း မပြောရက်ခဲ့ဖူး။သူ့ရင်ထဲကဒဏ်ရာကို ပြန်မစပေးချင်တာ ကျွန်တော်အချစ်နဲ့နားလည်မှုပါ။
ကျွန်တေယ်သူ့အပေါ်ထားတဲ့အချစ်တွေ၊သံယောဇဉ်တွေ၊နားလည်မှုတွေအပေါ် 
သူ သိပါစေလို့ဆုတောင်းရင်း.......
သိပ်ချစ်တာ သူသိပါစေလို့.......


ချစ်ဇနီး….ငယ်

အချစ်ဆိုတာ နားလည်မှုပါ
အမြဲတမ်း ချစ်တယ်…ချစ်တယ်လို့ပြောစရာမလိုပဲ နှလုံးသားလေးနဲ့ နားထောင်ကြည့်ပါ
ငယ်…ကြားရမှာပါ.ကိုယ်အသက်ရှင်နေသမျှကာလပတ်လုံးကိုယ့်နှလုံးခုန်နေသမျှ နောက်ဆုံးထွက်သက်တိုင်အောင်
ငယ်ကိုမခွဲမခွာ အေးအတူပူအမျှရာသက်ပန်လက်တွဲချစ်မြတ်နိုးသွားမှာပါ၊။ဘယ်လိုအကြောင်းနဲ့မှ ဝေးမသွားစေရဖူး…ငယ့်ရှေ့မှာ တံတိုင်းလို မားမားမတ်မတ်ရပ်နေမဲ့သူပါ။

တန်ဖိုးထားနားလည်မှုနဲ့လျှောက်မဲ့လမ်း

အချစ် ဆိုတာ …..ဘာလဲတဲ့
သိလို့ မေးတာလား
သိချင်လို့ မေးတာလား…..
ပြောပြမယ်……
တချို့ ကတော့ ချိုမြမြ ရှတတ
တချို့ ကတော့ ပူလောင်
တချို့ က ရယူပိုင်ဆိုင်
တချို့ က စွန့်လွတ်
တချို့ က တန်ဖိုးထား
မကုန်ဆုံးတဲ့  ဖွင့်ဆိုချက်တွေနဲ့
ကိုယ်ထင်ရာ ရင်ဖွင့်လို့
အချစ် ဆိုတဲ့ ချစ်ခြင်းတရား
ရင်တွင်းဖွားခဲ့တယ်။
ချစ်ခြင်းတရား ရင်တွင်းဖွားလာမှ
အချစ် ဆိုတာကို သုံးသပ်ဖို့ ကြိုးစား
ချိုမြမှုကိုရှာ ပူလောင်တာကိုရှောင်
ပိုင်ဆိုင်၊ စွန့်လွတ်ခြင်းထက်
တန်ဖိုးထား မြတ်နိုးမှုကို သိလာ
နားလည်ဖေးမမှုက
ချစ်ခြင်း နောက်က တရား လို့
သိလိုက်ချိန်ဝယ်…..
မင်းရယ်…ကိုယ်ရယ်က
နားလည်မှု ကိုယ်စီနဲ့
တို့နှစ်ယောက် ဘ၀လမ်း
လျှောက်လှမ်းကာ ပြုံးပျော်လို့
ခုတော့ မင်္ဂလာ(၆)နှစ်ပြည့်ပြီ ...........ငယ်။

(၆)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ သား .သမီး မြေး မြစ်များနဲ့ ဥမကွဲ သိုက်မပျက်နေရပါစေလို့ ဆုတောင်းရင်း.....





အမေ့သား
(၁၂-၃-၂၀၁၂)