Sunday, January 29, 2012

အေအေဘီ ..စားသောက်ဆိုင်


 
အကြော်သည်လေး စိန်မမ
အကြော်ပေါင်းစုံ အကုန်ရ။
ဘူးသီးကိုကြော်
ကြက်သွန်ကြော်၊ပုဇွန်ဇာ..ကွက်ရယ်နဲ့
ဆူးပုပ်ကိုခေါ်မြင်းခွာကိုကြော်ကာကျွေး
စားရသူခံတွင်းတွေ့စေဖို့
မွန်ချဉ်.....နဲ့လေး........



ရေမုန့်သည်လေး မ ဘိုမ
သူ့ မုန့်ကလေးလည်းလှ
ကြည့်နေသူများ စားချင်လာ
အလုအယက် အော်ဒါမှာ
လက်မလည် မ ဘိုမ
ရောင်းအားကောင်းတယ်ဗျ......







မုန့်ဟင်းခါးသည်လေး..မသန်တာ
ပေးပြီးပြန်သွားတာ.......
တွေ့ချင်ကြသူ မောင်နှမများ
ဝမ်းနည်းလှတယ်ဗျ။
မတွေ့ပေမဲ့ အားပေးကြ
မုန့်ဟင်းခါးတွေ ကုန်ပြီဗျ.........







အမြစ်သည်လေး အဖေ့သမီး
မျက်နှာ ပြုံးဖြီးဖြီး
သူ သုပ်လာတဲ့ အသုပ်များ
အားလုံးအတူစား....
ကောင်းတဲ့ပြောတဲ့သူများ ခင်ဗျာ...
လာမည်..သိပ်မကြာ။
အိမ်ကိုဖိတ်ကာ...သူလက်ရာ
ကျွေးအုန်းမတဲ့ဗျာ.........




အဲဒီအခါ အတူတူစား
တို့ အေအေဘီမောင်နှမများ.........


(အမေ့သား)

Friday, January 27, 2012

ဆောက်ဖြစ်မှ ကျောင်းဒကာနော်


အခုတလော အလုပ်ကများ အလုပ်ကမအားနဲ့  စာမရေးဖြစ်တာနည်းနည်းကြာခဲ့ပြီ။ ရေးချင်တာ တွေတော့ရင်ထဲမှာတန်းစီထားသည်။ ဖွဘွတ်ကြီးပေါ်တွင် တိုက်ပွဲဖြစ်နေတဲ့အကြောင်းတွေကို လိုက်ဖတ် ရင်း ရေးစရာတွေဖြစ်လာခဲ့တယ်။ ဘယ်ပါတီက ဘယ်လိုဖြစ်တယ်။ဒီမိုကရေစီဆိုတာက ဘယ်လို ဘာညာ။
ကတုံးကို ပခုံးမဖက်ပါနဲ့။ ဒေါ်စုလို့ ခေါ်တာ ရိုသေမှုမရှိဖူး။ ကျောင်းသားခေါင်းဆောင်ဆိုတာ နောက်စရာ မဟုတ်။ အဘ ဦးခင်ညွန့် လွတ်လာပြီ။ လူယုတ်မာကြီးထွက်လာပြီ။ ဘာလို့ လွှတ်ပေးရတာလဲ? ကတုံးက ဘာကိစ္စကြောင့် လူသတ်သမားနဲ့ သွားတွေ့ ရတာလဲ ........သားစိုးကဘာကောင်လဲကွ.. ဘာတွေမေးတာလဲ.. ဒေါ်စုကိုဖယ်ပြီး မင်းကိုနိုင် ကိုခေါင်းဆောင်တင်ပါလား…..များပြားလှစွာသော အကြောင်းတရားတွေ နေစဉ်နဲ့အမျှ မကြားချင်လည်းကြား၊ မဖတ်ချင်လည်း ဝင်ဖတ်မိ နေတယ်။ ပြောချင်တာ တစ်ခုက မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းပဲ့နဲ့ တည့်ပါ့မလား ဆိုတဲ့ သူတွေများနေခြင်းပင်။ တကယ်တန်း ဘဝပေး၍ အနစ်နာခံခဲ့သော သူများ…..သမိုင်းကြောင်းကို လုံးစေ့ပတ်စေ့သိသူများကို မဆိုလို..ဟိုမရောက်ဒီမရောက် အလယ်ခေါင်မှာ ဘူးသီးခြောက်ဖင်ခုထိုင်ပြီး ဘူးငြင်းနေသူများကြောင့်စိတ်ပျက်စရာ ဖြစ်ရသည်။ ဒီလိုပြောလို့  အမေ့သား မင်းကရောဘာလည်းလို့ တော့မမေးနဲ့…အသေခံလိုက်မယ် မပြောဖူး။ အလကားစတာ ..... နာမည်ကကို အမေ့သား  ကျွန်တော်ချစ်တဲ့ အမေ့ရဲ့သား..ဘယ်သူ့သားမှမဟုတ်ဖူး။ မွေးခဲ့တဲ့ အမေရယ် ကျွေးခဲ့တဲ့ အဖေရယ် အဲ ချစ်ရတဲ့ အဖေ့သမီးရယ် ညီမလေးရယ်… သူတို့ ပြီးရင်ချစ်တာက တိုင်းပြည်ပဲ။ ဆွေမျိုးတွေကိုတော့ တိုင်းပြည်နဲ့ ညီတူ ထားလိုက်ပါ့မယ်။ မျိုးချစ်စိတ်လား ……မမေးနဲ့ဆို ....... (၈၈)အရေးအခင်း အမေ့သား(၆)တန်းလား၊(၈)တန်းလားမမှတ်မိတော့ဖူး။ ကျောင်းသားကြီးတွေ ကျောင်းရှေ့မှာ စည်းရုံးရေးတရားဟောနေတဲ့ အချိန်၊ အမေ့သား ကျောင်းနောက်ဖက် ခွေးတိုးပေါက်ကနေ အိမ်ပြန်ပြေးလို့ အမေ့ရင်ခွင်ထဲ ပြေးပုန်းခဲ့တယ်။ဒါငယ်စဉ်က......  ကြီးလာတော့ရော နာမည်ကြီးလှတဲ့
အာအိုင်တီကျောင်းနဲ့ ဆယ်မှတ်တိုင်လောက်ပဲကွာတဲ့ အင်းစိန် ဂျီတီအိုင်က စက်မှုကျောင်းသား.. သိပါတယ်သွေးကို ........အာအိုင်တီက အစ်ကို အစ်မတော်များ ကျောင်းကို လာ တရားဟော စည်းရုံးခေါ်ဆောင်နေတဲ့အချိန်မှာ စက်မှုကျောင်းသားကြီး အမေ့သား ဥတ္တရဆောင်ဖက်ကထွက်
တောင်သူကုန်းက ဆိုက်ကားဌား စော်ဘွားကြီးကုန်းကိုသွား၊ (၅၁) ကားစီးပြီးအိမ်ကို အရောက်ပြန် ပြေးခဲ့တဲ့ အမေ့သား..ရဲရဲနီတဲ့ သွေးပါ။ နိုင်ငံရေးဆိုတာကတော့ ကြားဖူးနားဝ လောက်ပဲ ရှိတဲ့ သုည သမား။ လွတ်လပ်ရေးဖခင်ဆို ဗိုလ်ချုပ်အောင်ဆန်း၊ လက်ရှိ နိုင်ငံကောင်းဖို့ ကျိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (အမေစု)၊ တော်ကြာရိုသေမှုမရှိဖူးပြောခံရမှာကြောက်လို့၊ (၈၈)ကျောင်းသားခေါင်ဆောင်ဆို
ကိုမင်းကိုနိုင်  ဒါကလွဲလို့ ဘာမှမသိတဲ့ ဘာဘာ.. ဘာမှမသိတဲ့ကောင်.........
ဘာမှမသိတဲ့ ကောင်က လာပြောနေတယ်ဆိုပြီး ဆဲဆိုချင်ရင်တော့ ဖုန်းနံပါတ်ပေးလိုက်မယ်၊
စိတ်တိုင်းကျ ဆဲနိုင်တယ၊် ဒါပေမဲ့  သမိုင်းကြောင်းနဲ့  နိုင်ငံရေး အခြေအနေ ဘာတွေဖြစ်လာမယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ အမေ့သား(လူပိန်း) နားလည်အောင်ရှင်းပြပေးနိုင်ပါက ဆဲချင်သလောက်ဆဲ၍ တစ်ခုရှင်း တစ်ခါ နားရင်းအုပ်စနစ်ဖြင့် ပေးဆပ် သွားမည်။ ကျေနပ်မှုရှိလျှင် အဆစ်တချက်ပေးအုပ်အုံးမည်။ ခုဒီစာကိုရေးတာဟာ တိုင်းပြည်ကိုချစ်လို့ နိုင်ငံရေးကို နားလည်လို့  မျိုးချစ်စိတ်ရှိလို့  မဟုတ်ပါဖူးနော်…….
အမေ့သား ကြုံတွေ့ ခဲ့ ရတဲ့ ကိုယ်တွေ့ လေးနဲ့  လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေလေးက တိုက်ဆိုင်တူညီနေသောကြောင့် ဒီစာကိုရေးဖြစ်ခြင်းပါ။

အမေ့သားရဲ့  အဖေတွင် ညီအစ်ကို မောင်နှမ (၉)ယောက်။ ထို (၉)ယောက်မှ ဝမ်းကွဲ မောင်နှမ (၂၂)ယောက်။ ထိုအထဲတွင် အမေ့သားက အမှတ်စဉ် (၂) ဖြစ်သည်။  အေးအေးဆေးဆေးနေသော အမေ့သားကို အောက်က အငယ်များက လေးစားသည်။ ပြောစကားနားထောင်ကြသည်။ လွန်ခဲ့ သော (၅)နှစ်ခန့် ကအမေ့သား မြန်မာပြည်ပြန်လည်သောအချိန်၊ အဖေတို့ မိဘပိုင်အိမ် (၄)ခန်းတွဲ နှစ်ထပ်တွင် ညီအစ်ကို မောင်နှမများအတူနေကြသည်။ တစ်ရက်အပြင်ကပြန်လာစဉ် အိမ်ထဲမှာ အခြေအတင် စကားများနေသံကြားရသည်။ အဒေါ်များကတဖက် ညီ အလတ်ကောင်ကတဖက်ပြောဆိုနေကြသည်။ ဘာဖြစ်မှန်းမသိ၍ အထဲမဝင်သေးပဲ အပြင်ကပဲ နားစွင့်နေမိသည်။ အဒေါ်တယောက် (ညီအလတ်ကောင်၏အမေ)က နင်ကလည်းတယောက်(၂)သိန်းတော့နည်းတာပေါ့ နည်းနည်းပိုပေးပေါ့၊ နောက်အဒေါ်တယောက်ကလည်း ငါတို့ က ဝယ်စရာတွေအများကြီး ဘယ်လို လုပ်လောက်မှာတုန်း၊ နင် ရမှာ သိန်း(၅၀၀) တောင်။ညီအလတ်ကောင်ကလည်း အမေတို့ အဒေါ်တို့ က တရားလွန်လာပြီ သားက
ကားလည်းစင်းလုံးဌားရအုန်းမှာ ပြီးတော့  စားစရိတ်အကုန်လုံးလည်းတာဝန်ယူရအုံးမှာ တော်ပြီပေါ့ တယောက်(၂)သိန်း တဲ့ ။ အခြေအနေကတင်းမာလာပြီ။ ကျွန်တော်မဝင်၍ မရတော့..   ကဲ… ဘာတွေဖြစ်နေကြတာလဲ ဆူညံဆူညံနဲ့  လို့ မေးတော့  ညီအလတ်ကောင်က သား သိန်း(၅၀၀)ဆု ထီပေါက်ရင် မြန်မာပြည်အနှံ ကားစင်းလုံးဌားပြီး အကုန်လုံးကို ဘုရားဖူးလိုက်ပိုပေးမယ် ပြီးတော့ သုံးဖို့ တယောက်(၂)သိန်းပေးမယ်ဆိုတာကို မေကြီးတို့ ဒေါ်ကြီးတို့ က နည်းတယ်ဆိုပြီး ပြောနေကြလို့ ပြောနေတာတဲ့ ....! ဟင် ! နေပါအုံး..မင်းကရော ထီပေါက်ပြီလား ?မထိုးရသေးဖူး. ပေါက်ရင်လို့ ပြောတာလေ။ ဒေါသက ငယ်ထိပ်ရောက်သွားပြီး ပါးစပ်ကလည်း ပီရဝါစာ ချစ်ဖွယ်သော စကားများ
တရစပ်ထွက်ကျလာတော့သည်။ သောက်ရေးမပါ..... ဆောက်ဖြစ်မှကျောင်းဒကာ၊ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ နူတ်ခမ်းပဲ့နဲ့ တည့်ပါ့မလား ဖြစ်နေကြသည်။ အဒေါ်တွေကိုလည်း ဘာအရှုးထ နေတာလည်းဗျာ ဘာမှရေရေရာရာမရှိတဲ့ကိစ္စကို လူကြားမကောင်းပြောနေကြတာမရှက်ဖူးလားဟု ပြောဆိုပြီး ညီအလတ်ကောင်ကို နားရင်းတစ်ချက်ရိုက်ကာ လူစုခွဲလိုက်သည်။ ဒါတောင် ညီအလတ်ကောင်ကပေစောင်းစောင်းနဲ့ ပြောသွားသေးသည်၊ တကယ်ပေါက်ကြည့် ဘယ်သူ့မှမပေးဖူး တဲ့ ဗျာ။ကဲ စဉ်းစားကြည့်ဗျာ ထီပေါက်ဖို့ မပြောနဲ့ ထီတောင်မထိုးရသေး၊ ထိုးဖို့ပိုက်ဆံမရှိတဲ့ကောင်က ထီပေါက်ရင်…ဆိုတဲ့ လေထဲ တိုက်အိမ်ဆောက်၊ ဆောက်တဲ့ တိုက်မှာ ငါတို့ လည်းနေမယ်ဆို တဲ့ အဒေါ်တွေက တမှောက်ဖြစ်နေကြတာ။ ထိုနည်းတူစွာ အများပြောတဲ့ ဒီမိုကရေစီဆိုတာကမရသေး
ရရင်ဘာဖြစ်တယ် ဘာလုပ်မယ်၊ ဘယ်လိုတွေရှိတယ်၊ ဘယ်လိုလုပ်ရမှာ၊ ဒီလိုလုပ်လို့ မဖြစ်ဖူး ၊မှားနေပြီ !
လမ်းကြောင်းမမှန်ဖူးဆိုတဲ့ လေထဲတိုက်အိမ်ဆောက်၊ ဆောက်ဖြစ်မှ ကျောင်းဒကာလို
ကျောင်းကဘယ်နေမှန်းမသိ ရေစက်ခွက်အရင်လုနေကြသူတွေ၊ ဒုနဲ့ ဒေးမို့ အမေ့သားလူပိန်း..
လူပိန်းအတွေးနဲ့  ဒီစာကို ရေးရပါသည်။ လူပိန်းလေး အမေ့သားပြောချင်တာက ထီထိုးမှ ထီပေါက်မည်။
ကျောင်းဆောက်လှူမှ ကျောင်းဒကာဖြစ်မည်။ မုန့်ဆီကြော်ကိုယ်တိုင်ကြော်ပြီးမှ တည့်မတည့်သိမည်။ ဘာအရင်လုပ်သင့်သည်ဆိုတာကိုတော့ အမေ့သားထက်ပိုသိ ပိုတတ်သောသူများ  သိနားလည်မည်ထင်ပါသည်။အမေ့သားက ကိုယ့်ညီဝမ်းကွဲများကိုသာ နရင်းရိုက်ပြီး ဖြေရှင်းပေးနိုင်ပေမဲ့ လတ်တလောဖြစ်ပျက်နေသော အကြောင်းများကိုတော့ ဝေဖန်ခြင်းလည်းမပြုလို၊ လမ်းပြနိုင်လောက်တဲ့ အရည်အချင်းလည်းမရှိလေတော့ လက်ပိုက်ကြည်နေရုံကလွဲပြီး ဘာတတ်နိုင်မည်နည်း။

လေးစားစွာဖြင့်
(အမေ့သား)