Monday, April 07, 2014

နှောင်ကြိုး

ချည်တိုင်သိတဲ့ နွားလို 
အချိန်တန် အိမ်ပြန်ချင်မိပြီ။

ပြင်းထန်လွန်းတဲ့ ဆွဲငင်အားတခု
ညှိ့ယူခေါ်ဆောင်မှု့ကြောင့် 

အစေအပါးအနေနဲ့
ခစားလို့ဒူးထောက်
ကျွန်တော်တယောက်
အရှုံးပေးခဲ့လိုက်ပြီ။

စေလိုရာစေ 
နေစေရာနေလို့
ကျွန်တော်က
မင်းသမီးလေးရဲ့
ကြိုးဆွဲအရုပ်တရုပ်။

ငိုဆိုရင် ငို
ရယ်ဆိုရင် ရယ်လို့
လက်မြှောက် ခေါင်းငုံ
အမိန့်မဟုတ်သော
တယ်လီပသီစိတ်စေရာနဲ့
ကျွန်တော်တယောက်
ခိုင်းသမျှ လိုက်လုပ်ခဲ့ရပြီ။

ဒါကို မေတ္တာလို့ခေါ်ရင်
ကျွန်တော့်မေတ္တာတွေ 
ယို စိမ့်ထွက်လာပြီ။


အမေ့သား
၇-၄-၂၀၁၄

Saturday, April 05, 2014

သို့/ ပိုးဥလေး

သို့/
ချစ်သမီးလေးပိုးဥ

ဖေ့ချစ်ရင်သွေး
ပိုးဥလေး

သမီးနားမှာနေ
တီတာခွန်းချို
ချစ်စကားလေး
ပြောချင်ပါတယ်။

သမီးနားမှာနေ
ထွေးပွေ့ယုယ
ကြင်နာမှုလေး
ပေးချင်ပါတယ်။

သမီးနားမှာနေ
သမီးတွန်းတိုက်ထိုး
မေမေ့ဗိုက်ကလေး
ကြည့်ချင်ပါတယ်။

သမီးနားမှာနေ
မေမေ့ဗိုက်ကလေး
ပွတ်သပ်ပေးရင်
ကြည်နူးချင်ပါတယ်။

သမီးရယ်
အခုတော့ ဝေး
သမီးအနားက ခဏလေး
ခွဲခွါလို့ ဖေ့ချစ်ရင်သွေး
တသက်တာအေးဖို့
ဖေဖေ ကြိုးစားလို့ရုန်း
ကုန်းရုန်းလုပ်လိုက်အုံးမယ်။

တချိန်မှာတော့
မိသားစုဆိုတာ
မိဘနဲ့သားသမီး
တစုတစည်းထဲ
အတူတူနေမှ
မိသားစုမည်သလို
ဖေဖေ့ရင်ခွင်ဟာ
မေမေနဲ့သမီးရဲ့
နားခိုရာတခုဖြစ်ရမှာပါ။

အခုတော့ သမီးရယ်။

အမေ့သား
5-4-2014