Saturday, February 04, 2012

ငယ်ငယ်တုန်းက ကျွန်တော့်ဘ၀....ပျော်စရာကောင်းလို့ မေ့မရ....


ဘယ်လိုနည်းနဲ့ မှ ပြန်မရနိုင်သောဘဝတွင် အခုကျွန်တော်တို့ tag ပို့ စ်ရေးတဲ့ ငယ်ဘဝ ဟာအဓိက ကျတဲ့ ဘဝတခုပါ။ လူကြီးတစ်ယောက်ဖြစ်လာဖို့ ဆိုတာ ကလေးဘဝကို မဖြတ်ကျော်ပဲ နတ်ရေကန်ထဲ ချလိုက်သလိုမျိုး အုံဖွ ဆိုပြီး မဖြစ်လာနိုင်ပါ။ ဒီတော့ အားလုံးသော တကမ္ဘာလုံးမှာရှိသောသူတွေဟာ
ကလေးဘဝကိုဖြတ်သန်းလာခဲ့ကြရတဲ့သူတွေမို့ ငယ်ငယ်ကမမေ့နိုင်စရာအဖြစ်အပျက် ကိုယ်စီတော့ ရှိကြမှာအသေအချာပါ။

အမေ့သားရဲ့ ငယ်ဘဝ

ရန်ကုန်သစ်ရပ်ကွက်လေး၏ အောင်ဇေယျ(၁)လမ်း-ယာတွင် ကျွန်တော်တို့ မိသားစု အိမ်လေးဌား နေကြသည်။ အဖေ့ရဲ့မိဖ၊ အမေ့ရဲ့မိဖတွေက ကျွန်တော်တို့ နဲ့ (၄)လမ်းသာခြားသော(၆)လမ်း-ဝဲ တွင်နေထိုင်ကြသည်။ ကျွန်တော်သည် အမေတို့ ဖက်တွင်တော့မြေးဦးဖြစ်၍ အဖိုး၊အဖွား၊အဒေါ်များ အလိုလိုက်ခံရသောသူ တစ်ယောက်ပေါ့။ အဖေတို့ ဖက်မှာတော့ မောင်နှမများသော အဖေတို့ မိသားစုကြောင့်မြေးဦးဖြစ်ခွင့်မရပဲ ဒုတိယ အကြီးဆုံးမြေးတဦးဖြစ်ခွင့်ရခဲ့တယ်။သြော် .....ပြောရအုံးမယ်
ကျွန်တော့်ဆီမှာ ဝမ်းကွဲမောင်နှမ  (၂၃)ယောက်ရှိတယ်ဗျ။စိတ်မညစ်ပါနဲ့ ဗျာ အလွမ်းပြေ ရေးပြပါ့မယ်။ နာမည်လေးတွေကို သတိတရရေးချင်မိလို့ပါ။ လေးလေးနွယ်၊ နေမျိုးဦး၊မြတ်သူအောင်၊ ကြူကြူလွင်၊ ပွင့်ဖြူအောင်၊နှင်းနှင်းဦး၊အိအိထွန်း၊ကျော်သီဟ၊နုနုဝေ၊ဆန်းထွန်းအောင်၊အောင်သီဟ၊အောင်ကောင်း၊ ဖြူဖြူသင်း၊
ဇင်သူငြိမ်း၊သိဂီင်္ီထွန်း၊သီရိတင်ဦး၊စန္ဒီတင်ဦး၊လွင်မင်း၊ ခိုင်သီတာကျော်စိုး၊ အောင်ကိုကိုစိုးလင်းညွန်၊ အောင်ကိုကိုမျိုးလင်းညွန်၊ခန့်ထူးအောင်၊သဲသက်သက်ထူး ။
သူတို့ဟာ ကျွန်တော်အပါအ၀င် အဖေဖက်၊အမေဖက်မှတော်စပ်ရသော မောင်နှမ ဝမ်းကွဲများပါ။
ဒီထဲကတချို့သော မောင်နှမတွေကတော့ ကျွန်တော့်ကို ဓါတ်ပုံသာမြင်ဖူးသူတွေရှိသလို၊ တခြားမောင်နှမ များခေါ်လို့ ရောယောင်ပြီး ကိုကြီး ဟုလိုက်ခေါ်သူတွေလည်းရှိတယ်။မောင်နှမများတော့ ပျော်စရာ ကောင်းသလို စိတ်ညစ်စရာလည်းကောင်းပါတယ်။ ကျောင်းပိတ်ရက် မနက်မိုးလင်းတာနဲ့  ကျွန်တော်တို့ မောင်နှမ အဝတ်ထုပ်လေးကိုယ်စီယူပြီး (၄)လမ်းသာခြားသော အဖိုးအဖွားတို့ အိမ်သို့  ချီတက်ကြလေပြီ။ ခုလောက်ဆို တခြားသောမောင်နှမများဆုံနေလောက်ပြီ။ လမ်းထဲဝင်လိုက်တာနဲ့ ဆူညံစွာ မောင်နှမတွေရဲ့အသံကို ကြားနေရလေပြီ။ ဒီနေ့ ဘာကစားနည်းကစားကြမယ်ဆိုတာ စဉ်းစားကြ ပြောကြနဲ့ ပွက်ပွက်ကိုဆူနေတော့သည်။
အိမ်အပေါ်ထပ် ဝရံတာမှ အဖေ့ရဲ့အဖေ ၊အဖိုး လှမ်းဟန့်တော့မှ  ခေါင်းလေးတွေပုသွားကြသည်။ ပြောစရာတခုကျန်ခဲ့ တယ်ဗျ ပတ်ဝန်းကျင်က ကျွန်တော်တို့ အိမ်ကို သရက်တောကျောင်းတိုက်တဲ့၊တန်းလျားမှာ မောင်နှမတွေစုပြီးနေသောကြောင့်ဖြသ်သည်။ ပြီးတော့ သွားမထိနဲ့ ကျီးမျိုးတွေတဲ့၊ဟုတ်တယ်ဗျ၊ ကျွန်တော်တို့ မောင်နှမတွေထဲကတစ်ယောက် ယောက်နဲ့ ယောင်လို့ များရန်မဖြစ်နဲ့ ရှိရှိသမျှ မောင်နှမအပြင် အဒေါ်တေ၊ွဦးလေးတွေပါ အကုန်လုံး လမ်းပေါ်ရောက်လာကြ၍ ကျီးမျိုးဟုပြောကြခြင်းဖြစ်သည်။ငယ်ငယ်က ကစားကြတဲ့ ကစားနည်းတွေထဲတွင် တူတူပုန်းတမ်းကပျော်စရာအကောင်းဆုံးဖြစ်သည်။ အဖိုးတို့အိမ်သည် လေးခန်းတွဲ နှစ်ထပ်ဖြစ်၍ ပုန်းစရာနေရာ ပေါများသည်။လိုက်ရှာရသူအဖို့ မလွယ်ပေ။သည့်ထက်ဆိုးသည်ကား မောင်နှမများ အင်္ကျီချိန်းဝတ်၍ လိုက်ရှာသူကို မျက်လှည့်ပြခြင်းက ရယ်မောစရာကောင်းလှသည်။ အစ်မရဲ့ ဂါဝန်ကိုယူဝတ်၍ အစ်မဟန်ဆောင်။ညီမအင်္ကျီကို ယူဝတ၊် ညီမတွေက ကိုယ်တွေအင်္ကျီယူဝတ်နဲ့ အုံးအုံးညံနေတော့သည်။ ပျင်းလာလျှင် တခြားနည်းပြောင်းကစားကြပြန်သည်။ တခြားသူစိမ်းပါစရာမလိုပဲ မောင်နှမများနဲ့ပင်လူပြည့် နေတတ်သည်။ ခိုတွန်းတမ်း၊ ကင်းပူဟုခေါ်သောအုန်းမုတ်ခွက်စီ၍ ဘောလုံးနဲ့ ပစ်တမ်း၊ ဒီဆွဲတမ်း၊ ဂုတ်ပိုးခွ၍ အထုပ်ပစ်တမ်းတွင် ယောကျာင်္းလေး၊မိန်းကလေးမရှိ အစ်မတွေညီမတွေပေါ်လည်းအတင်း ခွတက်၍ဆော့၊ ကိုယ့်ညီအစ်ကိုတွေပေါ်လည်း ဂါဝန်၊စကပ်တကားကား အတင်းတက်၍ ဆော့ခဲ့ကြတာ တွေက မမေ့နိုင်စရာပါ။ တုပ်ဆီးတိုးတမ်း၊ ကြောင်စိမ်ကျားဟုခေါ်သော ပြေးတန်းလိုက်တမ်း၊ ကျောက်ရုပ် ကျောက်ပျက်ကစားနည်း၊ရွှေစွန်ညိုကစားနည်း၊အစ်မညီမတွေနဲ့ တွဲပြီးအီစွပ်ကြိုးခုန်တမ်း၊ ကုလားမစီးနင်းတမ်းဆော့သလို အစ်မညီမတွေကလည်းကိုယ်တွေနဲ့ တွဲ၍ဘောလုံးကန်၊ သရေပင်ပစ်၊ဂေါ်လီရိုက်၊အံစာခေါက်၊ဒိုးဇက်ဆော့မရိုးနိုင်မကုန်နိုင်သောကစားနည်းများကိုမောင်နှမတွေ ပျော်ပျော်ပါး ပါးဆော့ခဲ့ကြတယ်။ ထိုထိုသောမောင်နှမ တွေထဲမှာ ကျွန်တော်ရယ်၊မြတ်သူအောင်ဆိုတဲ့ ကျွန်တော်အောက်ကညီရယ်က အငြင်းအသန်ဆုံးဟု နာမည်ပေးခံထားရသည်။ ဆော့ကြသည်၊ပျော်ကြသည်၊ငြင်းကြသည်၊ ပြီးရင်ရန်ဖြစ်ကြသည်။
ထိုအချိန်သည် ညမိုးချုပ်၍လူစုခွဲခါနီးအချိန်ဖြစ်သည်။ ထိုသို့ရန်ဖြစ်လျှင်ညီမလေးကို လက်ကဆွဲ၍ ပြန်မယ်ညီမလေး သူတို့ နဲ့ မခေါ်ဖူး မဆော့ဖူးဆိုကာ ညီမလေးလက်ကိုဆွဲ၍ အိမ်ပြန်ကြတော့သည်။ နောက်တမနက်လင်းတော့ ထုံးစံအတိုင်းမောင်နှမတွေပြန်စု ပြန်ဆော့ ပြန်ငြင်း ပြန်ရန်ဖြစ်နဲ့  ငယ်ဘဝလေးကို ပြန်အမှတ်ရမိသည်။ ကျွန်တော်တို့ မောင်နှမတွေတွင်ထူးခြားသောအမှတ်အသားရှိသည်။ ဤသည်ကား အဖိုး၏တချက်လွတ်အမိန့်နဲ့ညှပ်ရသော ဆံပင်ပုံစံပင်ဖြစ်သည်။ယောကျာင်္းလေး မိန်းကလေးမရှိ အားလုံးညှပ်ရသောပုံစံက ရှေ့တလက်မ နောက်ပြောင်ဟုခေါ်သော် ဦးစမုတ်ကေပင် ဖြစ်သည်။ ဆံပင်ရှည်၍ ညှပ်ရခါနီးတွင် အဖိုးတို့ အိမ်သို့မောင်နှမတွေသိပ်မသွားချင်တော့ပေ။ ထိုအခါအဖိုးသည်လူလွတ်၍ခေါ်ခိုင်းသည်။ ဟိုမောင်နှမတွေ မလာတာတပတ်ရှိပြီ။ဘာဖြစ်လို့ ညာဖြစ်လို့ လည်းဟုမေး၍ ခေါ်ခိုင်းသဖြင့်သွားရပြန်သည်။ ရောက်လာတာနဲ့ သေချာသည်က တန်းစီ၍ ဦးခင်ညို ဆံပင်ညှပ်ဆိုင်သို့ သွား၍ သောင်းသောင်းညဏ်ကေဟုပြောကာ တယောက်ပြီးတယောက်ပုံစံမကွဲ တစက်ရုံထုတ်တွေဖြစ်ရပြန်သည်။အဖိုးနာမည်သည်ဦးသောင်းညဏ်ဖြစ်သည်ကြောင့်သောင်းသောင်းညဏ်ကေဖြစ် ရခြင်းပါ၊ ကျွန်တော် လေးတန်းနှစ်တွင် ကျွန်တော်တို့ မိသားစု အဖိုးအိမ်သို့ ပြောင်းနေကြရသည်။မောင်နှမတွေကတော့လူစုံတာနဲ့ ဆော့မြဲ ဆူမြဲ ငြင်းမြဲ ရန်ဖြစ်မြဲ ပါပဲ။ ကျွန်တ်ာငယ်ငယ်ကစာတော်သည်။မူလတန်းမှ ကိုးတန်းအထိနှစ်စဉ်ဆုရသည်။ မှတ်ညဏ်ကောင်းသည် သိုသော် ဝိရိယမရှိပေ။နှစ်စဉ်နှစ်တိုင်းအဖေ့ရဲ့ နှစ်ပင်လိမ် ဝါယာကြိုးသည် ကျွန်တော် ရဲ့ အကောင်းဆုံးနည်းပြပင်ဖြစ်သည်။ ပထမလပတ်တွင် အဆင့်(၂) ဒုတိယလပတ်(၅) တတိယလပတ်(၁၂)
ထိုအခါ ကျွန်တော်ရဲ့ ငယ်ဖော်၊ တနည်းအားဖြင့်ဖွားဖက်တော် ဖြစ်တဲ့ အိမ်ရှေ့က အုန်းပင်ကိုဖက်၍ နှစ်ပင်လိမ်ဝါယာနဲ့ (၂)ချက်လောက်အားပေးလိုက်လျှင် အဆင့်(၁)သို့ ခုန်တက်သွားလေသည်။ မဆူမရိုက်လိုက် အဆင့်ကျလိုက် ပြန်အရိုက်ခံလိုက် ဆုရလိုက်နဲ့ ငယ်ငယ်ကကျောင်းသားဘဝကိုဖြတ်သန်း ခဲ့ကြသည်။ ကျောင်းသားဘဝသူငယ်ချင်းများထဲတွင် စံပယ်၊မိစိုး၊သီတာမြင့် နဲ့ ဟန်မိုးထွန်း၊သန့်ဇော်အောင် တို့သည် ငယ်ငယ်လေးကတည်းက အတူတူ  ကျောင်းသွားဖော်အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ စံပယ်ရယ် ကျွန်တော်ရယ်က တစ်လမ်းထဲအတူနေသူတွေ။ ကျောင်းပြန်မိုးရွာပါက လွယ်အိတ်၊ အင်္ကျီ ရှိသမျှပေး၍ တန်းလန်းနဲ့ ပြေးကာမိုးရေချိုးရင်းအိမ်ပြန်သည်။ လမ်းတွင်ဘောလုံးဝင်ကန်သည်။ မြောင်းထဲဆင်း၍ ငါးဖမ်းသည်။သူတို့ ကအိမ်ကို လွယ်အိတ်ဝင်ပေး ပေးကြသည်။အခုတော့ အရင်က သိပ်ချစ်ကြတဲ့ မောင်နှမတွေ ၊သူငယ်ချင်းတွေနဲ့ ခွဲခွာ ကာ တစ်ပြည်ခြားကို ရောက်နေရပြီ။ မောင်နှမတွေလည်းအိမ်ထောင်ကျသူ ကျ၍ ကိုယ်တွေပင်လျှင် ဘကြီး၊ဦးလေးဖြစ်နေလေပြီ။ သူငယ်ချင်းများလည်းတကွဲတပြားစီဖြစ်ကြပြီ။ ပြန်တွေးကြည့်ရင် ပီတိဖြစ်ကာ ငယ်ငယ်တုန်းကလို မောင်နှမတွေ တရုံးရုံးနဲ့ ပြန်ဆော့ချင်သည်။ ပျော်ချင်ပါးချင်သည်။ ငြင်းကြခုန်ကြမည်၊ ပြီးရင်ရန်လည်းဖြစ်ချင်သေးသည်။
ခိုတွန်းတမ်းကစားချင်သည်။
ကင်းပူပေါက်တမ်းကစားချင်သည်။
ဒီဆွဲတမ်းကစားချင်သည်။
အထုပ်ပစ်တမ်း။ကြောင်စိမ်ကျား။
ကျောက်ရုပ်ကျောက်ပျက်။ရွှေစွန်ညို။
တူတူပုန်းတမ်း။အန်ဇာခေါက်မယ်
သရေပင်ပစ်မယ်။ ဒိုးဇက်ဆော့မယ်။
ဂေါ်လီပစ်မယ်။ကြိုးခုန်ကြမယ်။
ကုလားမစီးနင်းမယ်။တုပ်စီးတိုးတမ်း...........ဟင်းးး
 သြော် .....အခုတော့ ကစားချင်ရုံပဲရတော့မယ်။ ပြန်လည်ဝယ်ယူလို့ လည်းမရတော့၊ ပြန်လည် စုစည်းဖို့လည်း မဖြစ်နိုင်တော့၊ သတိရပါတယ် ညီအစ်ကိုမောင်နှမတွေရယ်၊
တမ်းတပါတယ် ငယ်သူငယ်ချင်းများရယ်။

လေးစားစွာဖြင့်
(အမေ့သား)
(၄-၂-၂၀၁၂)

6 comments:

  1. မောင်နှမတွေ အများကြီးနဲ့ ပျော်စရာကောင်းသောငယ်ဘ၀အကြောင်းလေးကို လာဖတ်သွားပါသည်။။
    ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ဘ၀လေးကို လွမ်းမိပါသည်။

    ReplyDelete
  2. ငယ်ဘဝဆိုတာလူသားတိုင်းအတွက်အနှိုင်းမဲ့တမ်းတဖွယ်အစိတ်အပိုင်းလေးတစ်ခုပဲ အမေ့သားရေ။
    ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့အမေ့သားရဲ့ငယ်ဘဝလေးကိုဖတ်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ပျော်ဘို့ကောင်းလိုက်တာနော်... လွမ်းလောက်ပါပေရဲ့... သောင်းသောင်းဥာဏ်ကေနဲ့ ရိုက်ထားတဲ့ ငယ်ငယ်ကပုံလေးပါတင်ပေးသင့်တယ်... :D

    ReplyDelete
  4. မောင်နှမတွေ အများကြီးနဲ့ အားကျလိုက်တာ.. အတော်ပျော်စရာကောင်းခဲ့မှာ သေချာတယ်။

    ReplyDelete
  5. အေအေဘီ အဖွဲတွေစုပြီး ငယ်ငယ်တုန်းက ကစးနည်း တခုခု ကစားရရင် ကောင်းမယ်။

    ReplyDelete
  6. Your concept and issue is pretty good. Please visit us back at http://motors.com.mm/?utm_campaign=mot_mm_lb_blog_
    gvisoy&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete