Wednesday, November 09, 2011

ကျွေးကျေးဇူးရှင်..........အဖေ

အဖေ
ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြင့် ပြစ်မှားခဲ့မိလျှင် သား အပေါ်ခွင့်လွတ်ပါလို့ရှိခိုးကန်တော့ပါတယ်။

ပထမဦးစွာ ပြောချင်တာက အဖေ့ကျေးဇူးကြောင့်
မချမ်းသာပေမဲ့ မဆင်းရဲတဲ့ ဘဝလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းပါ။

ငယ်ငယ်ကတော့ မသိနားမလည်သေးတဲ့ အရွယ်မို့အဖေအပေါ်စိတ်ခုမိသည်၊
ငယ်စဉ်အရွယ်ကပင် လုပ်ငန်းခွင်ထဲရောက်ခဲ့ရတဲ့ ကျွန်တော်.....
သူများတွေ သင်္ကြန်မှာပျော်ရွှင်နေချိန် အလုပ်ရုံထဲတွင် မျက်ရည်စမ်းစမ်းနဲ့
အလုပ်လုပ်နေရတဲ့ ကျွန်တော်.....
တန်ဆောင်တိုင် ပျော်ပွဲ ရွှင်ပွဲများတွင်ပါဝင်ခွင့်မရပဲ လုပ်ငန်းခွင်ထဲတွင်နစ်မြုပ်ခဲ့ရတဲ့ကျွန်တော်....
ကျောင်းတဖက်တက်နေရင်းနဲ့အလုပ်လုပ်ခဲ့ရတဲ့ ကျွန်တော်....
အတွေးပေါင်းများစွာနဲ့ အဖေ့အပေါ်အထင်လွဲခဲ့တဲ့ ကျွန်တော်....
အဲဒီအချိန်တွင် အကောင်းဖက်ကို မမြင်နိုင်ခဲ့ပေ။ သားသမီးအပေါ်
မတရားခိုင်းသည်ဟုစိတ်တွင် ထင်မှတ်ခဲ့သည်။
ဒါတွေကို အဖေသိခဲ့ပါသည်။
အဖေမြင်ခဲ့ပါသည်။
ငွေ၏်တန်ဖိုးနားလည်အောင် အလုပ်လုပ်ချင်လာအောင် ပထမဆုံးလုပ်အားခအနေဖြင့်
လစာပေးကာ အလုပ်လုပ်စေခဲ့သည်။ ကျွန်တော်အရမ်းပျော်ရွှင်ခဲ့သည်၊ ကိုယ့်လုပ်အားဖြင့်ရရှိသော
ပိုက်ဆံသည် တန်ဖိုးမဖြတ်နိုင်ဆိုတာ ကျွန်တော်စတင်သိခွင့်ရခဲ့ပါတယ်။
လိုချင်တာလေးများ ကိုယ့်ဖာသာဝယ်နိုင်လာခဲ့လို့ အလုပ်ဆိုတာကို တပ်မက်နားလည်ခဲ့ပါတယ်
ထိုသို့နားလည်လာအောင်လည်း အဖေ ကျွန်တော့်ကို သင်ကြားပေးခဲ့တယ်
နောက်ပိုင်းမှာတော့ အပျော်အပါးဆိုတာ အလုပ်လောက် စိတ်မဝင်စားတော့ပေ
အလုပ်လုပ်ရင်ပိုက်ဆံရမယ် ပိုက်ဆံရလျှင် ကိုယ်လိုချင်တာ ဝယ်နိုင်သည်ဆိုသော အတွေး
ကျွန်တော်စိတ်တွင်စွဲထင်အောင် အဖေလမ်းပြခဲ့တယ်။

ကျွန်တော်လည်းကျောင်းတဖက်နဲ့ အဖေ့အလုပ်ရုံလေးမှာလုပ်ရင်း ဆယ်တန်းအောင်ခဲ့တယ်
ထိုအချိန်တွင် အဖေသည် မိသားစုအတွက် လမ်းသစ်ဖောက်ကာ စင်ကာပူသို့သွားရန် ကြိုးစားနေချိန်ဖြစ်သည်။ ကျွန်တော် ဂျီတီအိုင်ဝင်ခွင့်ရ၍ ကျောင်းတက်ရသောအချိန်တွင် အဖေသည် စင်ကာပူ နိုင်ငံသို့(၁၉၉၄)တွင်သွားရောက်ကာ မိသားစုအတွက် ရှာဖွေစုဆောင်းလေပြီ။ အဖေ့ ရဲ့ ကျေးဇူး၊ အဖေ့ ရဲ့ သွန်သင်ဆုံးမမှုတွေ အထောက်အပံ့တွေနဲ့ ဂျီတီအိုင်ရယ် အဝေးသင်အီကိုရယ် ကို ကျွန်တော်ပြီးမြောက်စွာပညာသင်ကြားနိုင်ခဲ့ပါတယ်။

အဖေကတာဝန်ကြေစွာ ပညာသင်ကြားခွင့်ရအောင်၊ ပြီးဆုံးအောင်လုပ်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့ တာဝန်မကြေခဲ့ပါဖူး။ အဖေပြုစုပျိုးထောင်ခဲ့တဲ့အလုပ်ရုံလေးကို တိုးတက်အောင်မလုပ်နိုင်ခဲ့ပဲ ကျွန်တော့်လက်ထက်ကြမှဆုံးရှုံးသွားရတဲ့အတွက် ကျွန်တော့်ကိုခွင့်လွတ်ပါလို့တောင်းပန်ပါရစေ အဖေ။

ကျွန်တော် ကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာစင်ကာပူလာနိုင်အောင် အဖေကြိုးပမ်းခဲ့တယ်၊
ပင်ပင်ပန်းပန်း လုပ်ကိုင်ရင်းနဲ့ ကျွန်တော့်ကို စင်ကာပူရောက်အောင် ခေါ်ဆောင်ခဲ့တယ်၊
ဒီလိုနဲ့ပဲ ကျွန်တော့် ဘဝလေးရဲ့အစဟာ စင်ကာပူမှာ (၂၀၀၁)မှ စတင်ခဲ့ပါတယ်၊ကျွန်တော်ရဲ့
စင်ကာပူ ဘဝအစဟာ ကြမ်းတမ်းတယ်ဆိုပေမဲ့လမ်းသစ်ဖောက်ပေးခဲ့တဲ့
အဖေ့ရဲ့ခြေဖျားတောင်မမှီနိုင်ခဲ့ပါဖူး။

အခုဆို ကျွန်တော်ရဲ့နဘေးမှာချစ်ရတဲ့ အမေရယ် ဇနီးရယ် ကျေးဇူးရှင်အဖေရယ်နဲ့အတူ
မိသားစုအတူတကွနေခွင့်ရခဲ့ပါပြီ၊ တကယ်တန်းတော့မချမ်းသာပေမဲ့မဆင်းရဲ တဲ့ဘဝလေး
ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းရဲ့ အဓိကကျေးဇူးရှင်ကတော့....... အဖေပါပဲ

အဖေသာ ငယ်ငယ်လေးထဲကစက်မှုလက်မှုပညာတွေကိုမသင်ကြားပေးခဲ့ပါလျှင်........
အဖေသာ စင်ကာပူကို မိသားစုအတွက်လမ်းသစ်ဖောက်မသွားခဲ့ပါလျှင်........
ကျွန်တော့်ကျောင်းစရိတ်တွေအတွက်မထောက်ပံ့ခဲ့ပါလျှင်.......
အဖေသာ ကျွန်တော့်ကို စင်ကာပူသို့မခေါ်ခဲ့ပါလျှင်.........
ကျွန်တော့်ဘဝသည် မြန်မာနိုင်ငံတွင်မည်ကဲသို့ဖြစ်နေ လုပ်ကိုင်စားသောက်နေရမည်ဆိုတာ မခန့်မှန်းနိုင်ပါ။
ချစ်ရသော အမေ့ကို လည်း ယခုကဲ့သို့စင်ကာပူ ခေါ်ထားနိုင်မည် မထင်သလို
ဇနီးသည်နဲ့လည်း အတူတကွ စင်ကာပူတွင် ပျော်ရွှင်စွာ လုပ်ကိုင်နိုင်မယ်မထင်ပါ၊
ယခုလို စင်ကာပူမှာ နေရာလေးတနေရာရဖို့ဆိုတာ ဝေဝါးနေမှာအမှန်ပင်
ကျွန်တော့်ဘဝလည်းဤကဲ့သို့သာယာဖို့ရာ အလှမ်းဝေးနေပေလိမ့်မည်။

ကျေးဇူးတင်ပါတယ် အဖေ
အဖေ့အပေါ်မှာ အမေ့ထက်မပိုရင်တောင် မလျော့တဲ့မေတ္တာနဲ့ချစ်ခင် လေးစားပါတယ် အဖေ

ဤစာလေးနဲ့အတူ အဖေရဲ့ (၁၁-၁၁-၁၁) မှာကျရောက်လာမဲ့မွေးနေ့ကို ဂုဏ်ပြုပါတယ်။
အဖေကျန်းမာရွှင်လန်း၍သားတို့မိသားစုနဲ့အတူအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ ဆုတောင်းရင်း ကန်တော့လိုက်ပါတယ် အဖေ.............

2 comments:

  1. ကိုအမေ့သားလေး အဖေဒီစာဖတ်မိရင်ပီတိဖြစ်နေမှာပါ။
    ယခုလိုပဲ ပျော်ရွှင်တဲ့မိသားစုလေးနှင့်အတူမိဘကျေးဇူးဆပ်ခွင့်ရပါစေ...
    နေကောင်းသွားပြီဟုတ်

    ကိုယ်ရောစိတ်ပါအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  2. ကိုယ်တိုင် အသက်တွေကြီးလာလေ... မိဘကျေးဇူးတွေကို ပိုသိလာလေ... မိဘတွေကို အကောင်းဆုံး ပြုစုချင်လေ... မိဘတွေနဲ့ မခွဲမခွာ အတူတူ နေချင်လေပဲ... တခါတခါကျတော့လည်း မိဘတွေရဲ့ အသက်တွေကို ရပ်ထားလို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်...

    အဖေ့မွေးနေ့မှာ အဖေ ကျန်းမာ ချမ်းသာစွာနဲ့ သက်တော်ရာကျော်ရှည်ပြီး မိသားစုတွေနဲ့ စိတ်ချမ်းသာစွာ နေနိုင်ပါစေလို့ ဆုတောင်းပါတယ်...

    ReplyDelete