Wednesday, November 16, 2011

အမေ့သား နဲ့ ချစ်ရပါသော သောကြာ

သောကြာနေ့ မနက်
မိုးကလေးဖျောက်ဖျောက်ရွာနေသည်၊
အလုပ်လည်းမသွားချင်၊လုပ်လက်စ စက်တလုံးက ကိုယ့်လက်ထဲဆိုတော့ မသွား၍လည်းမဖြစ်ပေ။
အိပ်ရာကထရေချိုး၊အဝတ်လဲ၍အဖေ့သမီးသွားဆင်းယူထားပေးသောမိုးကာအင်္ကျီနဲ့ဘောင်းဘီကိုဝတ်ကာ ဆိုင်ကယ်ရှိရာဆင်းလာခဲ့သည်။ သောကြာနေ့သည်အစ်မသက်ဝေတို့၊ အဖေ့သမီးတို့လို စနေ၊တနင်္ဂနွေ
ပိတ်သောသူတွေအတွက်တော့သာယာသောနေ့တနေ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့အမေ့သားအတွက်တော့ ဟိုပတ်ပျိုးလေးလို"ထူးမခြားနား"ပေါ့။ဆိုင်ကယ်ကိုစီးပြီးCoporation-roadကနေPIEပေါ်တက်၊lane2 ကနေမှန်မှန်စီးလာရာကရှေ့ကကားတစီးရဲ့အမှတ်မထင်အုပ်လိုက်တဲ့ဘရိတ်မီးရောင်သည်ကိုယ့်မျက်စိထဲ ရဲကနဲမြင်လိုက်ရတော့တပြိုင်တည်းဆိုသလိုရှေ့နောက်ဘရိတ်ဆွဲနင်းလိုက်မိသည်။သွားပြီ! နောက်ဘီးသည်
ခါရမ်းကာထိမ်းမရတော့mission-impossibleထဲကတွမ်ခရုလိုမျိုး၊ဒါပေမဲ့ကိုယ်ကတော့တွမ်ခရု မဟုတ်တော့ပေတရာနဲ့မိတ်ဆက်အနမ်းလေးပေးပြီးတရွတ်ဆွဲကာဆိုက်ကယ်နဲ့အတူပါသွားလေသည်။
ရောင်ရမ်းကာအတင်းကုန်းထပြီးဆိုင်ကယ်ကိုထူဖို့ကြိုးစားမိသည်။မရတော့ပါ။အရက်မူးသမားလို တဇောင်း
ဆွဲနေပြီ။နားထဲမှာဘာမှမကြားရတော့။ကံကောင်းစွာနောက်ကားပေါ်မှလူတယောက်ဆင်းလာပြီးကိုယ့်ဂျိုင်းအောက်
မှလက်လျှိုကာထူမထားပေးသည်။နောက်ထပ်ဆိုင်ကယ်တစီးထပ်ရောက်လာပြီးသူတို့ နှစ်ယောက်တွဲကူ
ကလမ်းဘေးသို့ပို့၍ကိုယ့်အားမေးမြန်းကြသည်။မကြားတချက်ကြားတချက်ဖြင့်ခေါင်းညိတ်မိသည်လား
ခေါင်းခါမိသည်လားမဝေခွဲတတ်တော့ပေ။ကိုယ့်အားလမ်းဘေးတွင်ခဏမှေးထား၍သူတို့နှစ်ဦးဆိုင်ကယ်ကို
ထူလမ်းဘေးကိုတွန်းပိုဖြင့်အလုပ်ရှုပ်နေသည်။ပြီးတော့မှနောက်ကားပေါ်ကတယောက်ကငါလူနာတင်ယာဉ်
ခေါ်ထားပေးသည်တဲ့။ကိုယ့်ကိုခေါင်းမှာဆောင်းထားသောဦးထုပ်ကိုချွတ်ပေးကာ နေသာရဲ့လား။
ဘယ်လိုနေသေးလဲမေးသည်။စင်ကာပူတွင်သူ့လိုလူမျိုးရှားပါးလိမ့်မည်။သူနဲ့လားလားမှမဆိုင်ပေမဲ့ကားပေါ်မှဆင်းလာကာ ကူညီခဲ့သည်။ကျွန်တော်အိမ်ကိုဖုန်းဆက်ဖို့စဉ်းစားမိသည်၊ဖုန်းဆက်လိုက်သည်။အမေနဲ့ တည့်တည့်တိုးလေသည်။
အမေ့အသံသည်စိုးရိမ်ပူပန်မှုအပြည်နဲ့အဖေ့ကိုလှမ်းအော်ကာဆိုင်ကယ်လဲသည့်နေရာကိုမေး၍အဖေ့ကို အမြန်သွား၊ကလေးဆိုင်ကယ်မှောက်လို့ဆိုသောအမေ့အသံသည်ကျွန်တော့်ရဲ့ဒဏ်ရာတချို့တဝက်သက်သာသလို ခံစားမိသည်။အဖေ့သမီးကိုတော့မခေါ်ဖြစ်ပါ။သူ၏စိုးရိမ်ပူပန်မှုကအမေ့ထက်ပိုသလိုသူ့ အတွက်လည်းစိုးရိမ်သော
ကြောင့်အကြောင်းမကြားတော့ပေ။ပထမယာဉ်ထိန်းရဲများရောက်လာသည်။ဓါတ်ပုံရိုက်သည်။ဘယ်လိုဖြစ်တာလဲ၊
ဘာကြောင့်ဖြစ်တာလဲမေးကြသည်။သူတို့အမေးကိုမဖြေနိုင်တဝက်ဖြေတဝက်ဖြင့်.....ဘယ်လက်ဖနှောင့်နှင့်ညာလက်တံတောင်ဆစ်က တော်တော်နာလာသည်။စိတ်အထင်တော့ကျိုးလေပြီ။
သိပ်မကြာ။အဖေနဲ့လူနာတင်ကားရှေ့ဆင့်နောက်ဆင့်ဆိုသလိုရောက်လာသည်။ဖြစ်ကြောင်းကုန်စဉ်အဖေ့ကို
ပြောပြ၍ဆိုင်ကယ်ရယ်၊ယာဉ်ထိန်းရဲရယ်၊အဖေရယ်၊အတူထားခဲ့၍လူနာတင်ကားဖြင့်NUH သို့ ထွက်လာခဲ့ကြသည်။
ကားပေါ်တွင် မေးကြပြန်သည်၊ ဘယ်နားကနာလဲ။ ဘယ်ဆေးနဲ့ မတည့်ဖူးလဲ။ သက်သာလား။
မေးမြန်းပြီးသကာလဆရာသမားသုံးယောက်၏Titleသည်iPhone4Sဖက်သို့သိသိသာသာကူးပြောင်းသွားပြီး
တခါတရံအသက်ရှုရတာအဆင်ပြေလားဟုတခွန်းသာမေး၍Siri နောက်ကောက်ကောက်ပါသွားကြလေသည်။
ဆေးရုံရောက်တော့လည်းနပ်စ်မလေးတွေကမေးတယ်။မတည့်တဲ့ဆေးရှိလား၊လက်ကနာတာလား၊ခေါင်းမူးလား၊ အသက်ရှုရတာအဆင်ပြေလား၊မောနေလား၊(လား)ပေါင်းများစွာထဲတွင်နစ်မွန်းရင်းအလိုလိုစိတ်အားငယ်လာသည်။
အသက်ကသာလူ့ဘဝစဖို့(၄)နှစ်ပဲလိုသည်၊ဆေးရုံသို့တခါမှကိုယ်ကိုတိုင်မတက်ဖူး၊သူများတွေကိုသာလိုက်ပို့ လိုက်စောင့်ပေးဖူးတာ၊ထိုအချိန်တွင်အစ်မသက်ဝေရဲ့အမျိုးသားကိုကြီးကိုမြင်လိုက်ရတော့အားငယ်စိတ်များ နည်းနည်းပျောက်သွားသည်။ အစ်မသက်ဝေဖုန်းဆက်၍ ကြိုပြောထားသည်ထင်...
ဒါဆို အဖေ့သမီးလည်းသိလောက်ပြီ။

ခဏနေတော့ကိုကြီးလည်းအလုပ်ရှိ၍ပြန်သွားသည်။ဆရာဝန်တယောက်လာလိုက်၊မေးလိုက်၊နပ်စ်တယောက်လာလိုက်
ဖြေလိုက်နဲ့ကုတင်ပေါ်တွင်ပက်လက်လန်နေလေသည်။နောက်ဆုံးတယောက်လာမှနာတာပျောက်အောင်ဆေးထိုးပေး
မည်။ပြီးလျှင်x-rayရိုက်ရမယ်ဟုပြောကာတင်ပါးသို့ထင်မထားစဉ်နှစ်လုံးဆက်တိုက်ပစ်သွင်းလိုက်သည်။
ထိုအခါဆေးတန်ခိုးကြောင့်အနာသက်သာသလိုခံစားရသည်။ခဏမျှကုတင်ပေါ်တွင်လှဲနေပြီးနောက်ဓါတ်မှန်ရိုက်ဖို့ 
လာခေါ်သွားသည်။ကွေ့ကာပတ်ကာဖြင့်အခန်းတခန်းရှေ့အရောက်အိုလံပစ်မီးရှုးတိုင်လက်ဆင့်ကမ်းသလို နောက်
တယောက်လက်သို့(ရော့အင့်)ဟုထိုးပေးခြင်းခံရသည်။အခန်းထဲရောက်တော့အမေ့သားတို့မော်ဒယ်ဘွိုင်းဖြစ်ရပြန်ပြီ
ကိုစိန်ရဲ့ပိုစ်ကိုသွားသတိရမိသည်။လက်ကိုဒီလိုထား၊တံတောင်လေးကိုကွေးထားပါ၊ဒူးဂေါင်းလေးနည်းနည်းထောင်၊ ခြေထောက်အောက်ကို ချ၊ လက်ကို မကွေးထားနဲ့  ဆန့် ထားပါ၊ ဟုတ်ပြီ ရိုက်မယ်နဲ့  ၁၀ ပုံလောက်အရိုက်ခံလိုက်ရသည်။
ပြီးတော့ အရေးပေါ်လူနာဆောင်သို့  ထပ်မံ လက်လွဲခြင်းခံရပြန်သည်။
နပ်စ်မလေးနှစ်ယောက်လာ၍ဆုတ်ပြဲသွားသောဒဏ်ရာများကိုဆေးလိမ်း၊ဆေးထည့်ပတ်တီးစည်းပေးပြီး ကဲ..သွားလေရော့လဟယ် ဟုဆိုကာကုတင်ပေါ်တွင်ပက်လက်တင်ကာ လက်ပင်မပြထွက်သွားကြသည်။
ဒါပေမဲ့..သာပါသည်၊အပုံကြီးသာပါသည်၊(ဘာ)သာသည်ဆိုတာကိုတော့  ဒေါ်မြလေးလေသံဖြင့်
ပြောကိုမပြောချင်တော့ပါဖူးအေဟုပြောရပေမည်။ထိုအချိန်တွင်အစ်မသက်ဝေနဲ့အဖေ့သမီးတို့ အပြင်တွင်ရောက်နေကြသည်။အမေ့သားလည်းတင်ပါးပေါ်ထင်မထားပဲအဆော်ခံထားရတဲ့ဆေးစွမ်းကြောင့်
သက်သာသလိုရှိလာလို့ဆရာဝန်ကိုပြောပြပြီးဆေးရုံကဆင်းခွင့်တောင်းခဲ့သည်။နပ်စ်မလေးကရှင်းပြသည်။
 အရိုးမကျိုးပါတဲ့၊ လဲကျတဲ့ အရှိန်ကြောင့် နာတာပါလို့ပြောပြီး၊
ဒါကဆေးခွင့်၊ဒီဟာကဆေးဖိုး၊ဒီဟာ-ဟိုဟာနဲ့ရှင်းပြပေမဲ့အမေ့သားမျက်စိအမြင်ကဆေးခွင့်ဆိုသော
စာရွက်ပေါ်သို့အာရုံရောက်နေသည်။သောကြာ၊စနေ၊တနင်္ဂနွေ၊အဆစ်ပါလာသည်ကတနင်္လာရုံးပိတ်ရက်-ရက်ရက်ရောရောပေးလိုက်တာပါလားလို့တွေးမိသည်။သူတို့ကိုပဲဒေါသဖြစ်ရမလား၊အမြဲတမ်းနီးပါးသောကြာနေ့
မှဖြစ်တတ်သောကိုယ့်ကံကြမ္မာကိုပဲအပြစ်ပုံရမလား။ဆက်မတွေးတော့ပဲအပြင်ကိုထွက်အဖေ့သမီးနဲ့တွေ့ဆေးဖိုးပေး၍
အစ်မသက်ဝေကအိမ်အထိလိုက်ပို့ပေးခဲ့သောကြောင့်အမေ့သားရဲ့သောကြာနေ့ကမလှမပနဲ့ပြီးလုပြီးခင်ဖြစ်ခဲ့ရသည်။
အိမ်ရောက်တော့စိုးရိမ်တဲ့အမေ့ရဲ့မျက်နာရယ်၊ပူပန်နေတဲ့အဖေ့သမီးရဲ့ပုံရိပ်တွေကိုခဏမျှလစ်လျှုရှုပြီး အိပ်ပျော်သွားခဲ့သည်။အိပ်ရာနိုးတော့အဖေပြန်ရောက်နေပြီ၊တဇာတ်လမ်းတစခန်းထရပြီ၊ယာဉ်ထိန်းရဲအရာရှိက မှာသွားသည်။ဆေးရုံကဆင်းလာလျှင်သူ့ကိုအကြောင်းကြားပါတဲ့အဖေပေးသောဖုန်းနံပါတ်ခေါ်တော့အရာရှိက အင်တာပေါ် ငပြုးထိုင်ပြန်လေပြီ။
ဘယ်လို ဖြစ်တာလဲ ? ဘာကြောင့်ဖြစ်တာလဲ? ဘယ်နေရာမှာလဲ? အရှိန်ဘယ်လောက်နဲ့ မောင်းလို့  လဲ?
ဘာတွေကိုတိုက်မိသေးလဲ ?
ဆေးရုံမှာ (လား) လာသမျှ၊ ယာဉ်ထိန်းရဲ နဲ့ တွေ့ မှ (လဲ) ရတဲ့ ကိုယ့်အဖြစ်....
မေးသမျှဖြေ၍ဗုဒ္ဓဟူးနေ့မနက်သူ့ကိုလာတွေ့ရန်ပြောခဲ့သည်။ဗုဒ္ဓဟူးနေ့ရာက်တော့ယာဉ်ထိန်းရဲဌာနချုပ်
သို့သွား၍အရာရှိနဲ့တွေ့ခဲ့သည်။အခန်းလွတ်ထဲတွင်အရာရှိနှစ်ယောက်ဗျုးပြန်လေသည်။ မထူးခြားသောမေးခွန်းများစွာမေးမြန်းပြီးထူးခြား၍ မူးသွားစေသောအရာများကနောက်မှကပ်ပါလာခဲ့သည်။
စင်ကာပူတွင်နေစဉ်ကာလတလျှောက်လုံးတခါမှမကြုံခဲ့ဖူးသောအဖြစ်မို့  ငေးကြောင်ကာ ဆွံအသွားရသည်။
ခုလိုဖြစ်တဲ့အတွက် လိုင်စင်ပွိုင့် ဖြတ်ခံရမည်။ ဒဏ်ငွေ ဆောင်ရမည်။ တရားရုံးသို့ သွားရမည်။ ခဏမျှအာစေးကပ်ပြီး ဆရာရယ် အခုဟာက ကိုယ့်ဖါသာကိုယ်မှောက်တာပါ ဘယ်သူမှလည်းမတိုက်မိပါဖူး၊
တိုက်တာမတိုက်တာနဲ့မဆိုင်၊ကိုယ့်ဖါသာဖြစ်ပေမဲ့ဆိုင်ကယ်လဲတော့ကားလမ်းပိတ်၊လမ်းပိတ်တော့ အသွားအလာဒုက္ခရောက်တယ်၊မဆင်မခြင်မောင်းလို့ဖြစ်စေ၊ဆင်ခြင်လို့ဖြစ်စေ၊လူထုကိုအနှောင့်အယှက်ဖြစ်ရင်
အရေးယူခွင့်ရှိသည်တဲ့ ဘာတတ်နိုင်မည်နည်း။ ဖြစ်သမျှအကြောင်းအကောင်းပဲပေါ့၊
ဖြတ်မယ်ဆိုအဖြတ်ခံရုံ၊ဆောင်ဆိုတော့လည်းဆောင်ရုံ၊တရားရုံးဆိုတော့လည်းရုံးရတာပေါ့လို့စဉ်းစားတုန်း သို့သော်မင်းလိုင်စင်ရဲ့ရာဇဝင်ကိုကြည့်တာ(၆)နှစ်ကျော်ပြီ၊ဘာပြစ်မှုမှမရှိဖူး၊ဒါကြောင့်ငဲ့ညှာသောအားဖြင့် တကြိမ်ခွင့်ပြုလိုက်မယ်၊(၀ယ်ယူ)ဆိုပြီး၊နောက်တခါဆိုရင်တော့ဘာညာပေါ့ဆိုတာနဲ့  ဝမ်ဆွေ့ ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ လုပ်ပြီးမြန်မြန်လေး လစ်လာခဲ့ရလေသည်။

ဆိုင်ကယ်လေးကတော့ဆေးရုံရောက်နေပြီ။မနေ့ညကမဲရုံဖွင့်မဲခွဲဆုံးဖြတ်၍အမေ့သားဆိုင်ကယ် ဆက်စီးသင့်၊ မစီးသင့် မဲဆန္ဒခံယူတော့ ၄ : ၁ နဲ့  မဲရှုံးလို့  အမေ့သား ဆိုင်ကယ်ပြန်ရောင်းရပေတော့မည်။
( အစစအရာရာ လိုက်ပါကူညီပေးသော အစ်မသက်ဝေ နှင့် ကိုကြီး၊ စိုးရိမ်ပူပန်စွာ(ဆိုင်ကယ်လေး)
ဘာဖြစ်သွားသေးလဲဟု မေးကြသော AaB ဝိုင်းတော်သားအားလုံးကို ကျေးဇူးတင်ပါသည်)

အမေ့သား

2 comments:

  1. ဘာမှ မဖြစ်လို့တော်ပါသေးရဲ့ ရောင်းလိုက်တာမှန်ပါတယ်။ စိုးရိမ်မယ့် သူတွေ များကြီးပဲ ပျော်စရာကြီးး))

    မေဇင်

    ReplyDelete
  2. ဒီဘလော့ကိုခုမှဖတ်မိလို့ သတင်းမေးနောက်ကျသွားတယ်.. ဘာမှထူးထူးခြားခြားမဖြစ်တာ ကံကောင်းတာပေါ့ :D

    မေလေး

    ReplyDelete