Friday, March 02, 2012

သိပ်ချစ်တာ သူသိပါစေ

ဒီပို့စ်လေးက ချစ်ရတဲ့ ဇနီးသည်အတွက် လာမဲ့ မတ်လ (၁၂)ရက်နေ့မှာမင်္ဂလာနှစ်(၆)နှစ်ပြည့်အမှတ်တရ အတွက်ရည်ရွယ်ရေးသားတယ်ဆိုပေမဲ့  အားလုံးသော ချစ်သူများ၊အိမ်ထောင်သည်များအတွက်..သတိမမူ ဂူမမြင်ဆိုသလိုဖြစ်နေမှာ စိုးသောကြောင့်တဦးရဲ့အပြစ် တဦးမပြောကြပဲ နားလည်မှုပေးနိုင်စေဖို့လည်း 
ရည်ရွယ်ပါသည်။ချစ်သူတွေပဲဖြစ်ဖြစ်…..ဇနီးမောင်နှံပဲဖြစ်ဖြစ်…တဦးအပေါ်တဦးနားလည်မှုတွေနဲ့ 
ဘာတွေဖြစ်ဖြစ်ဘယ်လိုအခက်အခဲတွေဖြစ်နေပါစေ….အပြစ်ဆိုတာမမြင်ပဲ…ဖေးမနားလည်ဖြေရှင်းမယ်ဆို
ချစ်သူဘဝဟာ သာယာအေးချမ်းသလို…အိမ်ထောင်သည်ဘဝဟာလည်း အပြစ်အနာအဆာမကင်းပေမဲ့
ချစ်ခြင်းများနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးလေးဖြစ်နိုင်ပါတယ်…....

(အမေ့သား)

အချစ်ကိုရှာဖွေတွေ့မိခဲ့သည့်နောက်…..

အချိန်ကာလက ၉၉၉ ဇွန်လ(၃၀)ရက်နေ့ မှာရင်ထဲကမြိုသိပ်ထားခဲ့တဲ့ အချစ်ဆိုတဲ့အရာကိုမောင်နှမ
လိုနေခဲ့တဲ့ အခြေအနေကနေချစ်သူဘဝရောက်အောင်တွန်းပို့ ပေးခဲ့သော ဈေးရောင်းတဲ့ချာတိတ်ကြောင့် ကျွန်တော်နဲ့ သူ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ နေရာလေးကတော့ ရွှေသန်လျင်တဖက်ကမ်းကကျိုက်ခေါက်
ဘုရားမှာပေါ့။
တရပ်ကွက်ထဲအတူနေ (၄)လမ်းသာခြားတဲ့ တို့ နှစ်ယောက်ချစ်မိခဲ့ကြပြီ။ညီမလေးတယောက်လို ချစ်ခဲ့ရတဲ့ ကိုယ် နဲ့ အစ်ကိုတယောက်လို အားကိုးချစ်ခဲ့တဲ့သူရယ်…တို့နှစ်ယောက်ရဲ့အချစ်လမ်းဟာသာယာဖြောင့်
ဖြူးခဲ့ပါတယ်။ နှစ်ဖက်မိသားစုသည်ကလည်းကြိကြိတက်မချမ်းသာကြပေမဲ့ လူတန်းစေ့များဖြစ်လို့ ပြသနာ
မရှိပဲ ချစ်ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျွန်တော်လည်းကျောင်းပြီးလို စင်ကာပူထွက်အလုပ်လုပ်ခဲ့သလို
သူလည်းပဲ GTI မှ B-Tech…..BE……အဆင့်ဆင့်ဖြတ်လို့ ကျောင်းပြီးသွားတဲ့အထိ နှစ်ပေါင်း (၇)နှစ်
တိုင်တိုင်ချစ်ခဲ့ကြတယ်။ နားလည်ခဲ့ကြတယ်။စောင့်ထိန်းခဲ့ကြတယ်။၂၀၀၆ ခုနှစ် မတ်လ(၁၂)ရက်နေ့ 
တနင်္ဂနွေနေ့ မှာနှစ်ယောက်တဘဝကို လျှောက်လမ်းခဲ့ကြတယ်။၂၀၀၆ ခုနစ်  ဂျုလိုင်လမှာ တချိန်ကချစ်သူ ကျွန်တော်ဇနီးလေး စင်ကာပူကို အေးအတူပူအမျှ နေဖို့ ရောက်လာခဲ့တယ်။ပျော်ရွင်ဖွယ် ဇနီးမောင်နှံအဖြစ်
နေနိုင်အောင် နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ ကြရင်းအချိန်တွေဟာလည်း တဖြေးဖြေးကုန်လွန်ခဲ့တယ်။
အိမ်ထောင်သက်(၃)နှစ်လောက်မှာ..ကလေးယူဖို့စိတ်ကူးယဉ်ခဲ့ကြတယ်။
တနေ့ မှာ ကျွန်တော် လိုချင်တောင်းတခဲ့တဲ့ အရာတခု သတင်းတခုကို သူ့ ဆီက သိလိုက်ရတယ်။
သူ့ တွင် ကိုယ်ဝန်ရှိနေပြီ ကျွန်တော်ရဲ့သွေး ကျွန်တော်ရဲ့သား သူ့ မှာရှိနေပြီ.... အတိုင်းမသိပျော်မိတယ်။
သူနဲ့ အတူ ဆေးခန်းသွားပြတော့ အိုဂျီ ဒီနေ့ မရှိလို့  မပြခဲ့ရပေမဲ့  သူငယ်ချင်းညီမလေးတယောက်မွေးခဲ့တဲ့ 
ဆရာဝန်ကြီးရှိတဲ့ ဆေးခန်းကို သွားပြခဲ့တယ် နစ်ပ်မလေးက ထပ်စစ်ကြည့်သည်၊သေချာပါသည် ကျွန်တော် ကလေးအဖေဖြစ်တော့မည်။ဆရာဝန်ကြီးနဲ့ တွေ့  အခြေအနေစမ်းသပ်စစ်ဆေးပြီး အခြေအနေထူးခြားလျှင်
ချက်ချင်းပြန်လာဖို့ မှာကြားနာယူကာပြန်လာခဲ့ ကြသည်။ မြေးလိုချင်နေသော အဖေ နဲ့ အမေသည်လည်း
အတိုင်းမသိပျော်နေကြသည်။ နောက်တရက် (မခံစားနိုင်လို့  ရက်စွဲများထည့်မရေးတော့ပါ)……
ကျွန်တော်အလုပ်သွားခဲ့ပြီး နေ့လည်ခင်းတွင်အမေ့စီမှ ဖုန်းဝင်လာခဲ့သည်။ ဇနီးသည် သွေးဆင်းနေ၍
ဆေးခန်းပြန်သွားကြမည်တဲ့  ပြန်လာလို့ ရရင်ပြန်လာခဲ့ပါတဲ့၊အဖေကိုလည်းခေါ်ထားသည်တဲ့ ကျွန်တော့် ခေါင်းတွေ မူးနောက်သွားသည်။ ကားကို ဂရုတစိုက်မောင်းပြီးဆေးခန်းကိုရောက်လာတော့ ......
သွားပြီ မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပြီး သွေးဆင်းခြင်းနဲ့ အတူ သားလားသမီးလားမသိရသော ကျွန်တော်တို့ရဲ့သွေးထွက်ခွာသွားခဲ့ပြီ။ အော်ပရေးရှင်းလုပ်ပြီး ထွက်လာခဲ့တဲ့ သူ .ကျွန်တော်ကို မြင်တော့  ဝမ်းနည်းစွာငိုနေသည်။ ဖေးမရမည်..သူလည်းခံစားရပေမည် ။ကာယကံရှင်လေ ပိုခံစားရမှာပေါ့…..
တပတ်လောက်ထိကိုငိုကြွေးနေသောသူ့ကို ဖေးမနားလည်အောင် ပြောဆိုရှင်းပြရင်းအချိန်ကာလတွေ ပြီးဆုံးလို့ 
သူလည်းမေ့ပျောက်နိုင်ခဲ့သည်။ အချိန်ကာလ (၆)လကျော်ကျော်ကြာတဲ့အချိန်မှာ ကျွန်တော့် မျှော်လင့်ချက်ပြန်လည်အသက်ဝင်လာခဲ့ပြီ။ ဒုတိယမြောက်ကိုယ်ဝန်ရှိခဲ့ပြန်လေပြီ။ ဒီတခါတော့ အရင်လို အဖြစ်မခံနိုင်တော့ပေ။ တအိမ်လုံးဂရုစိုက်ကြသည်။သူ့ တရုံးလုံးလည်းစိုးတထင့်ထင့်နဲ့ဖြစ်နေခဲ့ 
ကြသည်။ ကိုယ်ဝန်(၂)လကျော်လာတဲ့ အချိန်မှာ (ကန်တော့ပါရဲ့ ဗျာ) သွေးနည်းနည်းဆင်းလာလေသည်။
စိုးရိမ်ကဲရပြီ၊မေးမြန်းကြည့်တော့ဖြစ်တတ်ကြပါတယ်တဲ့…
ဒီလိုနဲ့ နောက်တနေ့ရုံးသွားတက်ပြီးအပြန်တွင်…သွေးဆင်းမှုများလာသောကြောင့် အိမ်ရောက်ရောက်ခြင်း အမေနဲ့အဖေကိုပြောခါ ဆေးရုံသို့ပြေးရလေပြီ။ ဆေးရုံရောက်တော့ အရေးပေါ်ခန်းသို့ခေါ်ဆောင်သွားကြ
သည်။အချိန်တော်တော်ကြာသည်အထိ ဘာအဖြေမှတိတိကျကျမသိရသေးပဲ ရင်တထိတ်ထိတ်နဲ့စောင့်
မျှော်နေတုန်း ကျွန်တော်နာမည်ခေါ်လို့ သွားတွေ့တော့..အိုဂျီစပါယ်ရှယ်လစ်မဟုတ်သည့်အတွက် တပ်အပ်  မပြောနိုင်သေးပါတဲ့.မနက်ဖြန် စပါယ်ရှယ်လစ်လာမှ သေသေချာချာသိရပေတော့မည်။အဖေနဲ့အမေ့ကို
ပြန်စေပြီး ကျွန်တော် ဆေးရုံမှာပဲစောင့်နေခဲ့သည်။အတွေးများစွာဗလောင်ဆူနေသည်….မိုးရယ်
မြန်မြန်လင်းပါတော့….
မနက်မိုးလင်းတော့ဆရာဝန်ကြီးများရောက်လာပြီးသေချာစွာစစ်ဆေးပြီးကလေးမှာသွေးဆင်းရင်းပါ
သွားခဲ့လေပြီတဲ့…ချောက်ထဲကျသွားတဲ့လူတယောက်လို…ရင်ထဲမှာမောဟိုက်တုန်ရီနေတယ်.....
သားလေးလား သမီးလေးလား နုတ်မဆက်ပဲ ထွက်သွားပြန်ပြီ……
သူသည်လည်းသိလောက်ပေမည်။ ဘယ်လိုဖြေသိမ့်ရမလဲ…ကိုယ်ကိုတိုင်ပင် ခြေမခိုင်ယိုင်လဲနေချင်ပြီ
သူ ဆိုလျှင်တော့ ပြောစရာပင်မရှိတော့…အော်ပရေးရှင်းပြီးလို့ ဆေးရုံမှာ (၂)ရက်နေပြီး
အိမ်သို့ပြန်ခေါ်လာခဲ့သည်။ ဘယ်သူ့ကိုမှ စကားမပြောတော့ ကြိတ်ရှိုက်ခါငိုနေတော့သည်။ ဘာကျွေးကျွေးမစားတော့..ဘယ်သူ့ ကိုမှလည်းအတွေ့မခံတော့..သူ့ သူငယ်ချင်းများကိုလည်း
နားလည်အောင်ရှင်းပြပြီး လူနာလာမေးသည်ကိုကျေးဇူးတင်ပါသည်၊ အရမ်းခံစားနေရသဖြင့် မတွေ့ချင်ဖြစ်နေသည်ကို နားလည်ပေးကြဖို့ပြောပြခဲ့သည်။
သူ မသိအောင်တိတ်တိတ်လေး အိမ်သာထဲသွားငို သူ့ရှေ့ရောက်တော့ အပူရုပ်ဟန်လုပ်ခါ ပြုံးပြ
နှစ်သိမ့်…..ဂယောင်ချောက်ခြားပြောသော သူ့စကားများကို အလိုက်သင့်လိုက်ပြောရင်း…….
တသက်လုံး ကလေးမယူတော့ဖူးတဲ့….ဟုတ်တယ်..မယူတော့ဖူး တို့လင်မယားနှစ်ယောက်ပဲ အတူနေတော့မယ်လို့ ပြောပေး…တော်ကြာ ကလေးတော့ယူမှကောင်းမှာပါလေဆို..ကောင်းတာပေါ့ဟု ထောက်ခံပေးရင်း သူ့ဘေးမှာ အမြဲတမ်း အရိပ်လိုနေပေးခဲ့တယ်….ကိုယ့်ရင်ထဲက ငိုကြွေးနေတာကို သူမသိစေဖို့  ဖုံးဖိရင်း ဖြတ်သန်းခဲ့ကြတယ်။ ဆေးရုံကိုတပတ်တခါသွားပြီး သွေးစစ်..စမ်းသပ်မှု
တွေလုပ်တော့ သွေးထဲမှာ…(ဆေးတမ်းအခေါ်တော့ ကျွန်တော် စိတ်နာလို့ မမှတ်ထားတော့ပါ) များနေသောကြောင့်ဖြစ်တာလို့ အဖြေထွက်လာခဲ့တယ်။ဆရာဝန်ကြီးက အပတ်စဉ် (၁) နှစ်တိတိ သွေးလာစစ်ပြီး သူတို့ကစိတ်ချရပြီဆိုမှ ကလေးပြန်ယူရန် သတိပေးခဲ့သည်။လမ်းသွားလို့ ကလေးလေးတွေ
မြင်တာနဲ့ သူ့ မျက်နှာလေးညိုးငယ်ပြီး သူ့ ကလေးသာ အသက်ရှင်ရင်ဆိုပြီးမျက်ရည်ဝေသီလို့…
ကျွန်တော့်ရင်ထဲမှာလည်း အသည်းနှလုံးကို ဓါးနဲ့ထိုးနေသလိုတဆစ်ဆစ်နာကျင် ခံစားရပါတယ်ဆိုတာ
သူလည်းမသိသလို ကျွန်တော်လည်း အရိပ်အယောင်စိုးစဉ်မျှမပြခဲ့ပါဖူး။ အခန်းနံရံမှာရှိသော ကလေးဓါတ်ပုံများကိုလည်း သူမမြင်အောင်သိမ်းဆည်းပြီး….ကံ..ကံရဲ့ အကျိုးကိုနားလည်အောင်
ဖေးကူပြောပြရင်း …ဆေးရုံပုံမှန်သွားရင်း အချိန်တွေလုံးပါးပါးလာခဲ့ပြီး (၁)နှစ်ရဲ့နောက်ဆုံးအပတ်မှာ
ဆရာဝန်မ က ကျွန်တော်ကိုခေါ်တွေ့ကာ..ကလေးယူမယ်ဆိုယူလို့ရပြီတဲ့….တိုင်ပင်ရလေပြီ….
သူသဘောကိုမေးမြန်းရပြီ…အဖေနဲ့ အမေကလည်းအားပေးနှစ်သိမ့်ရင်း ကလေးထပ်ယူရန် သဘောတူခဲ့ကြသည်။ကျွန်တော်တို့မျှော်လင့်ချက်များစွာနဲ့ ဆရာဝန် ညွန်ကြားသည့်အတိုင်းနေထိုင်ခဲ့ရင်း
တတိယရောင်ခြည်သန်းခဲ့ပြန်တယ်…..
ဒီတခါတော့ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်တော့ပေ။
သိ.သိခြင်း ပိုလီဆေးခန်းပြေးပြီး ပြရလေသည်…ဆရာဝန်မက ခုမှ တလသာသာရှိသေးသည်…
စောပါသေးတယ်တဲ့…ကျွန်တော်လည်း ယခင်ဖြစ်ကြောင်းကုန်စဉ်ပြောပြတော့မှ ဆရာဝန်မက
ဆေးရုံကိုလွဲစာရေးပေးလိုက်လေသည်။ဆေးရုံကိုသွားပြီး အရင်ကချက်အလက်များနဲ့အတူပြောပြ…
စစ်ဆေးပေးပြီး အခြေအနေအားလုံးကောင်းသည်တဲ့….၀မ်းသာလိုက်သည့် ဖြစ်ခြင်း…အတိုင်းမသိပျော်ရွင်
လို့ လူတွေတိုင်းပြုံးပြနေမိခဲ့တဲ့ ကျွန်တော်ကို အရူးလို့များထင်ကြမလားမသိ…ထင်ချင်သလိုထင်ကြပါစေ.
ကျွန်တော်အတွက်ကတော့ သန်းထီပေါက်သလိုပါပဲ…ဒီလိုနဲ့ ကိုယ်ဝန်လည်း (၂)လကျော်လာခဲ့လေသည်။
အခြေအနေအားလုံးကောင်းနေသည်။သွေးဆင်းခြင်းမရှိ..အော့အန်ခြင်းမဖြစ်..နေထိုင်ရတာလည်းနေသာ
သည်ဆိုသဖြင့် ကျွန်တော်တို့မိသားစုသာမက…သူ့ သူငယ်ချင်းများ ရန်ကုန်က သူ့မိဘများလည်း
ပျော်ရွင်နေကြသည်။ကျွန်တော်အတွက်တော့ဆိုဖွယ်ရာမရှိတော့… ဒုတိယမြောက် ရက်ချိန်းနေ့သို့
ရောက်ခဲ့ပြီ…ဒီနေ့တွင်…မွေးရက်တွက်ပေးမည်….သူနဲ့ကျွန်တော်..ဆေးရုံကို မနက်စောစောထပြီး စောစောလေးသွားခဲ့ကြတယ်…..အလှည့်ရောက်တော့ စစ်ဆေးသည်…စမ်းသပ်သည်……
တအောင့်လောက်ကြာတော ဆရာဝန်မခေါ်လို့သွားတော့…ဆရာဝန်မက ဒီမှာလာကြည့်တဲ့
မင်းကလေး နဲ့သူ့မိခင် အဆက်အသွယ်မရှိတော့ဖူးတဲ့…တနည်းအားဖြင့်ကလေးအသက်မရှိတော့ဖူးတဲ့…
ကျွန်တော့်ဘ၀ မှောင်အတိကျသွားခဲ့ပြီ.ဆရာဝန်မပြောနေတာတွေကို ကြားတချက်မကြားတချက်….
ကုတင်လက်ရမ်းကိုအားပြုလိုက်ရသည်။သူ ကတော့ မျက်လုံးလေး ပေကလက်..ပေကလက်နဲ့
ကျွန်တော်နဲ့ ဆရာဝန်မကို ကြည့်နေသည်။ဘယ်လိုဖွင့်ပြောရမလဲ…ဖွင့်ပြောရက်မှာလဲ…….
သူ့နားတိုးတိုးကပ်ကာ….ကိုယ်တို့ရင်သွေး အထဲမှာအသက်မရှိတော့ဖူးလို့ပြောတော့ ခေါင်းသာ တွင်တွင်ခါနေသည်။အသံထွက်မလာတော့…ငယ်.သတိထားလေ…ဘာတတ်နိုင်မှာလည်းကွာ
သူ့ကိုသာနှစ်သိမ့်နေပေမဲ့ ကျွန်တော့်အသံတွေလည်းငိုသံပါနေသည်….သို့သော် သူ… မငိုတော့ အံကြိတ်ပြီး
ငြိမ်နေတော့သည်။ဆရာဝန်မက သူ့ကိုလာဖျောင်းဖျသည်…..ဆရာဝန်မကိုခွင့်တောင်းပြီး အိမ်သာဆီသို့
ပြေးခဲ့မိသည်၊ဘာကိုမှ ကျွန်တော်မသိတော့ ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။စိတ်လွတ်လက်လွတ်
ငိုနေမိတော့သည်။ ပြီးမှ သူ့ကို သတိရလာခါ မျက်ရည်များသုတ်ပြီး သူ့ဆီပြန်ပြေးလာခဲ့သည်။ထားခဲ့သော်
နေရာတွင်မတုန်မလှုပ် ကျောက်ရုပ်ပမာငြိမ်နေသည်၊ အဖေနဲ့ အမေဆီဖုန်းဆက်အကြောင်းပြောပြသည်၊
ကားဌားပြီးအိမ်ပြန်လာသည်တလျှောက်လုံး စကားလုံးဝမပြောတော့ပါ။ကျွန်တော် နားလည်ပါသည်၊
မိခင်တယောက်ရဲ့ ဝေဒနာ….စဉ်းစားမိသည်…ဘယ်လိုနှစ်သိမ့်ရမလည်း…ဖြေသိမ့်ရမလဲ….
ခေါင်းတွေမူးဝေလာတော့သည်..အိမ်ကိုရောက်တာနဲ့ အိပ်ရာထဲတမ်းဝင်ကာ….ကြောင်တောင်တောင်မျက်
လုံးများနဲ့ကြည့်နေတဲ့သူ့ကို ကျွန်တော် ဘယ်လိုချော့ရမလဲ….သူ့ကိုကြည်ရင်း ကျွန်တော် မခံစားနိုင်တော့
ခဏလေး သူ့နားကခွာကာ ရင်ဖွင့်ရာ (အိမ်သာ)ဆီသို့သွားကာ….ငိုခဲ့မိတော့တယ်….ယောကျာင်္းတန်မဲ့
ငိုတယ်လို့တော့မပြောကြပါနဲ့ တတိယအကြိမ်မြောက်ဆိုတော့ တင်းခံနိုင်တဲ့ အင်အားမရှိတော့လို့ပါ။
သူ့ရှေမှာတော့ ဘယ်တော့မှ မျက်နှာမညှိးအောင် မငိုမိအောင်နေခဲ့တယ်…အားပေးခဲ့တယ်…သူ့အပေါ်
စိတ်ညိုငြင်မှု့ တစက်ကလေးမှမပြခဲ့ပါဖူး…အပြစ်ပြောစရာလည်းဘာမှမရှိပါ….ဘယ်သူ့ကြောင့်ရယ်မှ
မဟုတ်ဖြစ်ပျက်တတ်တဲ့လောကဓံတရားပါ။ဒါတွေဟာသူ့အပေါ်ကျွန်တော်ရဲ့အချစ်တွေ….နားလည်မှုတွေ
မြတ်နိုးမှုတွေ…စာနာသိတတ်မှုတွေပါ၊သူလည်းသိနားလည်မှာပါ..ဖြစ်ပြီးခဲ့သမျှတွေကို မေ့ပျောက်နိုင်ဖို့
ကြိုးစားရင်း ကျွန်တော်နဲ့သူ ဘဝခရီးလမ်းကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတယ်…ဒါပေမဲ့ ခဲမှန်ဖူးတဲ့စာသူငယ်ဟာ ဘယ်တော့မှ အေးချမ်းစွာအစာမရှာနိုင်သလို သူလည်းပဲ နာကျည်းခံစားမှုတွေနဲ့အတူ ရှင်သန်နေရသလို.
ကိုယ်ဝန်ဆောင်သည်တွေ့ရင်မျက်နှာလွဲနေတတ်တာသတိထားခဲ့မိတယ်။အခုတော့ သူလည်းရင့်ကျက်
လာပါပြီ….ကျွန်တော်တို့ရဲ့အတိတ်ပုံရိပ်ဆိုးတွေလည်း ဝေးလွင့်ပျောက်ကွယ်သွားပါပြီ။ အေးချမ်းစွာ
တူလက်တွဲလို့ပျော်ရွှင်မြူးနေခဲ့ပြီ။ကျွန်တော်....သူ့ကိုပြောပြချင်ပါတယ်...ကျွန်တော်.သူ့ကိုချစ်မြတ်နိုးတန်းဖိုး
ထားတယ်ဆိုတာ...သူသိပါစေ။ သူ ဘာတွေဖြစ်ဖြစ် အချစ်မလျှော့ပါဖူးလို့ ...သိပ်ချစ်တာ သူသိပါစေလို့ 
ပြောချင်ပါတယ်.........သူ့အထင်မှာတော့ သူ့အပေါ်အချစ်လျော့သွားမယ်.....
ဖြစ်ပြီးခဲ့သမျှတွေအပေါ်ခံစားမှုမရှိဖူးလို့ထင်ကောင်းထင်နေပါလိမ့်မယ်......ကျွန်တော်ကြိတ်ငိုခဲ့ရတဲ့ ရက်တွေ ခံစားခဲ့ရတဲ့ရက်တွေ များလှပါပြီ၊အလုပ်သွားတိုင်းမြင်တွေ့မိတဲ့ ကလေးတွေနဲ့မိသားစုတွေတွေ့တိုင်း သက်မချခဲ့ရတဲ့ ကျွန်တော့်အဖြစ်ကို သူ မသိခဲ့ပါဖူး သိအောင်လည်း မပြောရက်ခဲ့ဖူး။သူ့ရင်ထဲကဒဏ်ရာကို ပြန်မစပေးချင်တာ ကျွန်တော်အချစ်နဲ့နားလည်မှုပါ။
ကျွန်တေယ်သူ့အပေါ်ထားတဲ့အချစ်တွေ၊သံယောဇဉ်တွေ၊နားလည်မှုတွေအပေါ် 
သူ သိပါစေလို့ဆုတောင်းရင်း.......
သိပ်ချစ်တာ သူသိပါစေလို့.......


ချစ်ဇနီး….ငယ်

အချစ်ဆိုတာ နားလည်မှုပါ
အမြဲတမ်း ချစ်တယ်…ချစ်တယ်လို့ပြောစရာမလိုပဲ နှလုံးသားလေးနဲ့ နားထောင်ကြည့်ပါ
ငယ်…ကြားရမှာပါ.ကိုယ်အသက်ရှင်နေသမျှကာလပတ်လုံးကိုယ့်နှလုံးခုန်နေသမျှ နောက်ဆုံးထွက်သက်တိုင်အောင်
ငယ်ကိုမခွဲမခွာ အေးအတူပူအမျှရာသက်ပန်လက်တွဲချစ်မြတ်နိုးသွားမှာပါ၊။ဘယ်လိုအကြောင်းနဲ့မှ ဝေးမသွားစေရဖူး…ငယ့်ရှေ့မှာ တံတိုင်းလို မားမားမတ်မတ်ရပ်နေမဲ့သူပါ။

တန်ဖိုးထားနားလည်မှုနဲ့လျှောက်မဲ့လမ်း

အချစ် ဆိုတာ …..ဘာလဲတဲ့
သိလို့ မေးတာလား
သိချင်လို့ မေးတာလား…..
ပြောပြမယ်……
တချို့ ကတော့ ချိုမြမြ ရှတတ
တချို့ ကတော့ ပူလောင်
တချို့ က ရယူပိုင်ဆိုင်
တချို့ က စွန့်လွတ်
တချို့ က တန်ဖိုးထား
မကုန်ဆုံးတဲ့  ဖွင့်ဆိုချက်တွေနဲ့
ကိုယ်ထင်ရာ ရင်ဖွင့်လို့
အချစ် ဆိုတဲ့ ချစ်ခြင်းတရား
ရင်တွင်းဖွားခဲ့တယ်။
ချစ်ခြင်းတရား ရင်တွင်းဖွားလာမှ
အချစ် ဆိုတာကို သုံးသပ်ဖို့ ကြိုးစား
ချိုမြမှုကိုရှာ ပူလောင်တာကိုရှောင်
ပိုင်ဆိုင်၊ စွန့်လွတ်ခြင်းထက်
တန်ဖိုးထား မြတ်နိုးမှုကို သိလာ
နားလည်ဖေးမမှုက
ချစ်ခြင်း နောက်က တရား လို့
သိလိုက်ချိန်ဝယ်…..
မင်းရယ်…ကိုယ်ရယ်က
နားလည်မှု ကိုယ်စီနဲ့
တို့နှစ်ယောက် ဘ၀လမ်း
လျှောက်လှမ်းကာ ပြုံးပျော်လို့
ခုတော့ မင်္ဂလာ(၆)နှစ်ပြည့်ပြီ ...........ငယ်။

(၆)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ သား .သမီး မြေး မြစ်များနဲ့ ဥမကွဲ သိုက်မပျက်နေရပါစေလို့ ဆုတောင်းရင်း.....





အမေ့သား
(၁၂-၃-၂၀၁၂)







11 comments:

  1. ဖတ်ပြီး စိတ်မကောင်းဖြစ်မိသလို အချစ်ခံရတဲ့ မငယ်အတွက် ၀မ်းသာမိပါတယ် ..း) ဘ၀တလျှောက်လုံး သာယာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ် ..း)

    ReplyDelete
  2. ကိုအမေ့သားရေးတာဖတ်ပီး ငိုတောင် ငိုချင်သွားတယ် စိတ်လည်းမကောင်းဘူး ဘာပဲဖြစ်ဖြစ် ကိုအမေ့သားက မငယ်ကို ခုလို မြတ်၂နိုး၂ချစ်တာလေးကို ဖတ်ရတော့လည်း ကြည်နူးဝမ်းသာမိတယ်
    (၆)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ သား .သမီး မြေး မြစ်များနဲ့ ဥမကွဲ သိုက်မပျက်နေရပါစေလို့ ဆုတောင်းပေးပါတယ်

    ပိုးပိုး

    ReplyDelete
  3. အားမငယ်ပါနဲ့..ကျမလည်းအိမ်ထောင်သက်12နှစ်မှကလေးရတာပါ..
    ဆရာဝန်ကကျမကိုဒီတသက်ကလေးမရနိုင်ဘူးလို့ပြောထားတာ..
    ကျမလည်းမထင်မှတ်ပဲရခဲ့တာပါ…ကလေးရဘို့ကံပါလာရင်ကလေး
    ကသူ့အလိုအလျှောက်ရောက်လာတာပါပဲ..။ကျမလည်းကလေးရပါစေ
    လို့ဆုမတောင်းဘူးသလို….ကလေးရဘို့စိတ်အပင်ပန်းခံပြီးဆေးတွေ
    လည်းမသောက်ခဲ့ပါဘူး..ဆရာဝန်လည်းမပြပါဘူး….ပုံမှန်ပဲအေးဆေး
    လေးပဲနေခဲ့ပါတယ်… သူ့အလိုလိုကိုယ်ဝန်ရလာတာပါ….

    ReplyDelete
    Replies
    1. ခုလိုအားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်......

      Delete
  4. အမေ့သားရဲ့ အချစ်..နားလည်စာနာပေးမှုတွေအတွက် အသက်ထက်ဆုံး အေးအတူပူအမျှ ထာဝရအဖော်မွန်အဖြစ်လက်တွဲသွားမဲ့သူပါ။

    အဖေ့သမီး

    ReplyDelete
  5. ဖတ်ရတာ စိတ်ထဲ မကောင်းဘူး..
    ကလေးရှိရင်ကောင်းတယ် လို့ ဆိုသလို....
    မရှိရင်လည်း ပူပင်ရတဲ့သောကတွေကင်းတာပါပဲ။
    အိမ်ထောင်သက် ၁၂ နှစ်မှ ကလေးရတယ်လို့ အပေါ်မှ အားပေးသွားသလိုပဲ .... ကျမ ယောင်းမဝမ်းကွဲက ကလေး မရနိုင် မရနိုင်နဲ့ အသက် ၄၂ မှာ ပထမကလေးရ.. ပထမကလေး ၆လ သမီးရတော့ နောက်ကိုယ်ဝန်ရ နဲ့ ခုတော့ မနိုင်မနင်းဖြစ်နေကြတယ်...
    အားမလျှော့ပါနဲ့.... ကံပါရင်ရမှာပါ....။

    စကားမစပ် တစ်ယောက်နဲ့ တစ်ယောက်နဲ့ ဖေးဖေးမမ ချစ်ကြတာ အားကျစရာပဲ...အဟမ်း...
    အမေ့သားနဲ့ အဖေ့သမီး အတွက် ပျော်ရွှင် သာယာတဲ့ နှစ်ပတ်လည် ဖြစ်ပါစေ....။

    စင်စင်

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်....မစင်စင်
      အမေ့သားနဲ့အဖေ့သမီးကလည်း ကံ ကံရဲ့ အကျိုးကိုနားလည်သဘောပေါက်လို့ အေးအတူပူအမျှ အသက်ထက်ဆုံးလက်တွဲသွားကြမှာပါ.....

      အမေ့သား+အဖေ့သမီး

      Delete
  6. ဖတ်ပြီး စိတ်မကောင်းလွန်းလို့ မျက်ရည်တောင်ဝဲမိတယ်။ ဒါပေမယ့် ကိုအမေ့သားက ဒီလောက်ချစ်တတ်မှတော့ မငယ်ရဲ့ဘ၀ ပြီးပြည့်စုံနေပါပြီနော်။ သားသမီးရတယ် မရဘူးဆိုတာကတော့ ကံတရားအရပါပဲ။ ရဖို့ကံပါခဲ့ရင် ရကိုရလာမှာပါ။
    (၆)နှစ်ပြည့်မင်္ဂလာသက်တမ်းမှသည် သက်ထက်ဆုံးတိုင်အောင် အေးအတူပူအမျှ
    ရွှေလက်မြဲမြဲခိုင်ခိုင်တွဲသွားနိုင်ကြပါစေ....

    ReplyDelete
  7. အစ်မ ခုမှဖတ်ဘူးတာ၊
    ငိုလိုက်ရတာ၊ စိတ်မကောင်းလို့။
    အားမလျှောပါနဲ့။ ရလာမှာပါ။
    အမေ့သားမှာ အဖေ့သမီးရှိတယ်။ အဖေ့သမီးမှာ အမေ့သားရှိတယ်။
    ပျော်ရွှင်ပါစေ။ ၆နှစ်ပြည့်မှာသည် ဖိုးဖိုး ဖွားဖွားအရွယ်တွေအထိပေါ့။

    ReplyDelete
  8. အမက မွေးပြီးမှ တရက်မပြည့်ခင်ဆုံးသွားတာ။ ငိုလိုက်ရတာ .. ပို့စ်တောင် ရေးဖူးတယ်။
    http://khinminzaw.blogspot.com/2010/07/blog-post_18.html

    ဘ၀ဆိုတာ ဖြစ်ချင်တိုင်း မဖြစ်ရပေမယ့် စိတ်ဓါတ်မကျဖို့လဲ လိုပါတယ်။ အမေ့သားတို့ လိုရာဆန္ဒပြည့်ဝပါစေ။

    ReplyDelete
  9. it make me cry :'( ..
    now you got a happy family life bro & sis :)
    glad for you all .. :D

    ReplyDelete