Friday, March 15, 2019

အတွေးရောင်စုံ


ညမီးရောင် မှိန်မှိန်အောက်
အိပ်မပျော် အတွေးတွေ
နယ်ချဲ့လို့ ပတ်ကာပြေး
အတွေးများကို အရောင်ခွဲ
နာမည်တွေပေးခဲ့တယ်။

အညို နဲ့ အဝါရောင်
အပြာ နဲ့ ပန်းနုရောင်
အစိမ်း နဲ့ လိမ္မော်ရောင်
အနီ နဲ့ မီးခိုးရောင်
အမည်း နဲ့ အဖြူရောင်

အညိုရောင်ဆိုတာ မိဘ
အဝါရောင်ကိုတော့ ရှေ့ရေး
ဇနီးသည်မို့အပြာရောင်
သမီးလေးကို ပန်းနုရောင်

အစိမ်းရောင်က ဆွေမျိုး
မိတ်ဆွေတွေအတွက် လိမ္မော်ရောင်
ဆုံးဖြတ်ချက်တွေချဖို့ အနီရောင်
ပဟေဋ္ဌိဆန် လှို့ဝှက်ခြင်းက မီးခိုးရောင်
အားငယ်စိုးရွံမိရင် အမည်းရောင်
အရာအားလုံးအေးချမ်းခြင်းက
အဖြူရောင်ပေါ့ ...။

ထိုအရောင်လေးတွေကို
တစ်ခါတရံ တွဲပြီးလည်းတွေး
တစ်ခါတရံ ခွဲပြီးလည်းတွေး
တစ်ရောင်ချင်းလည်း တွေးမိသလို
အကုန်စုပြီးတော့လည်း တွေးမိတယ်။

ပန်းနုရောင် နဲ့ အပြာရောင်
သူတို့အကြောင်းတွေးတော့
အနီရောင်ခပ်ရဲရဲ တွေးပျော်မိတယ်။

အညိုရောင်နဲ့ အဝါရောင်
သူတို့အကြောင်းတွေးမိတော့
ကြွေးဟောင်းကိုဆပ်ရင်း
ရှေ့ရေးဆီချီတက်ဖို့ အားမွေးမိတယ်။

အစိမ်းရောင် နဲ့ လိမ္မော်ရောင်
သူတို့အကြောင်း တွေးကြည့်တော့
မီးခိုးရောင်တစ်လှည့် အမည်းရောင်တစ်ဖုံ
ကူးချည်သန်းလှည့် တွေဝေမိတယ်။

အရောင်တွေအားလုံး စုံတဲ့တစ်နေ့
ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကိုတော့ 
အဖြူရောင်လို့ သတ်မှတ်လိုက်ပါ။

အမေ့သား
Feeling 92

No comments:

Post a Comment