Friday, March 15, 2019

အတွေးရောင်စုံ


ညမီးရောင် မှိန်မှိန်အောက်
အိပ်မပျော် အတွေးတွေ
နယ်ချဲ့လို့ ပတ်ကာပြေး
အတွေးများကို အရောင်ခွဲ
နာမည်တွေပေးခဲ့တယ်။

အညို နဲ့ အဝါရောင်
အပြာ နဲ့ ပန်းနုရောင်
အစိမ်း နဲ့ လိမ္မော်ရောင်
အနီ နဲ့ မီးခိုးရောင်
အမည်း နဲ့ အဖြူရောင်

အညိုရောင်ဆိုတာ မိဘ
အဝါရောင်ကိုတော့ ရှေ့ရေး
ဇနီးသည်မို့အပြာရောင်
သမီးလေးကို ပန်းနုရောင်

အစိမ်းရောင်က ဆွေမျိုး
မိတ်ဆွေတွေအတွက် လိမ္မော်ရောင်
ဆုံးဖြတ်ချက်တွေချဖို့ အနီရောင်
ပဟေဋ္ဌိဆန် လှို့ဝှက်ခြင်းက မီးခိုးရောင်
အားငယ်စိုးရွံမိရင် အမည်းရောင်
အရာအားလုံးအေးချမ်းခြင်းက
အဖြူရောင်ပေါ့ ...။

ထိုအရောင်လေးတွေကို
တစ်ခါတရံ တွဲပြီးလည်းတွေး
တစ်ခါတရံ ခွဲပြီးလည်းတွေး
တစ်ရောင်ချင်းလည်း တွေးမိသလို
အကုန်စုပြီးတော့လည်း တွေးမိတယ်။

ပန်းနုရောင် နဲ့ အပြာရောင်
သူတို့အကြောင်းတွေးတော့
အနီရောင်ခပ်ရဲရဲ တွေးပျော်မိတယ်။

အညိုရောင်နဲ့ အဝါရောင်
သူတို့အကြောင်းတွေးမိတော့
ကြွေးဟောင်းကိုဆပ်ရင်း
ရှေ့ရေးဆီချီတက်ဖို့ အားမွေးမိတယ်။

အစိမ်းရောင် နဲ့ လိမ္မော်ရောင်
သူတို့အကြောင်း တွေးကြည့်တော့
မီးခိုးရောင်တစ်လှည့် အမည်းရောင်တစ်ဖုံ
ကူးချည်သန်းလှည့် တွေဝေမိတယ်။

အရောင်တွေအားလုံး စုံတဲ့တစ်နေ့
ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကိုတော့ 
အဖြူရောင်လို့ သတ်မှတ်လိုက်ပါ။

အမေ့သား
Feeling 92

ကျောင်းဒကာကြီး


မပြီးသေးတဲ့ကျောင်းအတွက်
အန်ကယ်က အလှူပေးမယ်
အန်ကယ်လိုတာ သမီးပေး
သမီးလိုတာ အန်ကယ်ပေးလို့
နှစ်ဦးသဘောတူဆောက်တဲ့ကျောင်း
ရေစက်ချစရာမလိုခဲ့။
အိမ်သူသက်ထားအတွက်
အန်ကယ်က ပြောလိုက်တယ်
စလုံးမှာ ကျောင်းလှူရတာ 
မွန်မြတ်လှတယ် ရှင်မရဲ့ 
မင်းယောကျာ်းကို အများကခေါ်
ကျောင်းပြီးအောင် အလှူပေးတဲ့
ကျောင်းဒကာကြီး

အမေ့သား

Sunday, March 10, 2019

အိမ်ပြန်ချိန်

နွမ်းလျတဲ့ခြေလှမ်း
ပန်းနေတဲ့ ခန္ဓာ
သူ့ ငါသယ်
ငါ့ သူပိုးလို့
အိမ်အပြန်....

တံခါးဝမှာ
ခဝါချလို့
အိမ်အဝင်
နွမ်းလျတယ်
သူ မထင်အောင်
အပြုံးတပွင့် ဖန်ဆင်း
အိမ်ကိုပြန်ချိန်
ဒီညနေခင်း.....

အမေ့သား

Saturday, March 09, 2019

ဗလာ



ကိုယ်ခန္ဓာဖြစ်တည်မှုကို
ဗလာရင်နဲ့ အသက်ရှင်
ငါ့သွေးကဖြစ်တဲ့သွေးကိုခင်
ကျန်တာကို မမင်ခဲ့ရင်
ငါ လူသားဆန်ပါ့မလား။

အမေ့သား
၉-၃-၂၀၁၉