Wednesday, September 18, 2019

မီးခိုးတွေနဲ့ မြို့

သူ့မြို့ကလေးက
သန့်ရှင်းသပ်ရပ်
စည်းကမ်းအထပ်ထပ်နဲ့ပေါ့

အမှိုက်ပစ်တော့
ဒဏ်ငွေရိုက်တယ်
စီးကရက်ခွံလေးဟာ
ဒေါ်လာ၃၀၀ တန်တယ်

မီးနီဖြတ်မိတော့
၁၂ မှတ်နဲ့ ဒေါ်လာ၂၅၀
ဘေးအိမ်ကဆူညံ
ရဲကိုဖုန်းဆက်တော့
၅ မိနစ်နဲ့အိမ်ရှေ့ရောက်တယ်

ည၁၂ နာရီထိ
အမှောင်မဖုံးပဲလင်းလက်
တယောက်တည်းပြန်လည်း
လုံခြုံစိတ်ချရတဲ့ မြို့

အခုတော့ မီးခိုးတွေနဲ့ပြည့်
သူ ဒဏ်ရိုက်မရဘူး
သူ ဖမ်းမရသလို
ကိုယ်တွေအဖြစ်ကလည်း
ရဲကိုဖုန်းဆက်မရဘူး

သူ့မြို့လေးရဲ့ ကျန်းမာရေးကို
မီးခိုးတွေက နှိပ်စက်နေပြီ
ဒီမီးခိုးတွေက သူ့စီက မလာ
သူလုပ်တာမဟုတ်ဘူး

သူကပဲအမြဲ လူတိုင်းကို
အပြစ်ဒဏ်ပေးပေမဲ့
တနှစ်တခါတော့
သူလည်းအပြစ်ဒဏ်ခံလို့
သူ့ရဲ့ မြို့ငယ်လေး
မီးခိုးတွေဖုံးနေတယ်။

အမေ့သား

Tuesday, September 10, 2019

ခေါင်းစဉ်မဲ့တဲ့ ၅ နာရီ

တနေ့မှာ ၂၄နာရီ
ငါ့အိပ်ချိန်က ၆ နာရီ
အလုပ်ထဲမှာ ၁၃နာရီ
အဖြေရှာမရတာ ၅ နာရီ
လမ်းသွားရင်း ကုန်
ဖေ့ဘွတ်သုံးရင်း ကုန်
သောက်စားရင်း ကုန်
ကုန်ဆုံးသွားတဲ့ ၅ နာရီထဲ
တနာရီလောက် ခေါင်းစဉ်ရှာ
တခုခုတော့ ယူဆောင်
လူဖြစ်မရှုံးအောင်ပေါ့။

အမေ့သား
၁၀-၀၉-၂၀၁၉

Tuesday, September 03, 2019

တန်ဖိုးနည်း ဥပဒေ


လွယ်လင့်တကူရတဲ့
ဆေးပြားတွေလိုပေါ့
လိုချင်တဲ့အချိန်ဖြစ်တယ်
စျေးမှမကြီးတာကို
စေ့စေ့အကြည့်မခံ
သေးသေးအတင်မခံ
ဟန်တချက် မာန်တချက်
ခံပက်မိတာနဲ့ စွဲတဲ့
ပုဒ်မ ၆၆(ဃ)ဟာ
တန်ဖိုးနည်း ဥပဒေ။

အမေ့သား

Saturday, August 31, 2019

အလွမ်း

အကြောင်းသင့်လို့
လွမ်းမိတဲ့အခါ
ငါ့ကို ထည့်လွမ်းပေးပါ

အမှတ်တမဲ့
ပြန်တွေ့တဲ့အခါ
ငါ့ကို လှမ်းခေါ်ပါ

မဆုံနိုင်တော့တဲ့
ခဏတာမှာ ငါ့က
တခြားရင်ခွင်ထဲမှာ

တနေ့နေ့တော့
ပြန်ဆုံချင်တယ်
ရှိခဲ့ဖူးကြတဲ့
သံယောဇဥ်တွေနဲ့

ငါ့ကိုပြန်ခေါ်ပါ
ငါလည်း ပြန်ခေါ်မှာပါ
မင်းတို့နဲ့ ငါ ကံမကုန်ရင်ပေါ့

အမေ့သား

Friday, March 15, 2019

အတွေးရောင်စုံ


ညမီးရောင် မှိန်မှိန်အောက်
အိပ်မပျော် အတွေးတွေ
နယ်ချဲ့လို့ ပတ်ကာပြေး
အတွေးများကို အရောင်ခွဲ
နာမည်တွေပေးခဲ့တယ်။

အညို နဲ့ အဝါရောင်
အပြာ နဲ့ ပန်းနုရောင်
အစိမ်း နဲ့ လိမ္မော်ရောင်
အနီ နဲ့ မီးခိုးရောင်
အမည်း နဲ့ အဖြူရောင်

အညိုရောင်ဆိုတာ မိဘ
အဝါရောင်ကိုတော့ ရှေ့ရေး
ဇနီးသည်မို့အပြာရောင်
သမီးလေးကို ပန်းနုရောင်

အစိမ်းရောင်က ဆွေမျိုး
မိတ်ဆွေတွေအတွက် လိမ္မော်ရောင်
ဆုံးဖြတ်ချက်တွေချဖို့ အနီရောင်
ပဟေဋ္ဌိဆန် လှို့ဝှက်ခြင်းက မီးခိုးရောင်
အားငယ်စိုးရွံမိရင် အမည်းရောင်
အရာအားလုံးအေးချမ်းခြင်းက
အဖြူရောင်ပေါ့ ...။

ထိုအရောင်လေးတွေကို
တစ်ခါတရံ တွဲပြီးလည်းတွေး
တစ်ခါတရံ ခွဲပြီးလည်းတွေး
တစ်ရောင်ချင်းလည်း တွေးမိသလို
အကုန်စုပြီးတော့လည်း တွေးမိတယ်။

ပန်းနုရောင် နဲ့ အပြာရောင်
သူတို့အကြောင်းတွေးတော့
အနီရောင်ခပ်ရဲရဲ တွေးပျော်မိတယ်။

အညိုရောင်နဲ့ အဝါရောင်
သူတို့အကြောင်းတွေးမိတော့
ကြွေးဟောင်းကိုဆပ်ရင်း
ရှေ့ရေးဆီချီတက်ဖို့ အားမွေးမိတယ်။

အစိမ်းရောင် နဲ့ လိမ္မော်ရောင်
သူတို့အကြောင်း တွေးကြည့်တော့
မီးခိုးရောင်တစ်လှည့် အမည်းရောင်တစ်ဖုံ
ကူးချည်သန်းလှည့် တွေဝေမိတယ်။

အရောင်တွေအားလုံး စုံတဲ့တစ်နေ့
ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကိုတော့ 
အဖြူရောင်လို့ သတ်မှတ်လိုက်ပါ။

အမေ့သား
Feeling 92

ကျောင်းဒကာကြီး


မပြီးသေးတဲ့ကျောင်းအတွက်
အန်ကယ်က အလှူပေးမယ်
အန်ကယ်လိုတာ သမီးပေး
သမီးလိုတာ အန်ကယ်ပေးလို့
နှစ်ဦးသဘောတူဆောက်တဲ့ကျောင်း
ရေစက်ချစရာမလိုခဲ့။
အိမ်သူသက်ထားအတွက်
အန်ကယ်က ပြောလိုက်တယ်
စလုံးမှာ ကျောင်းလှူရတာ 
မွန်မြတ်လှတယ် ရှင်မရဲ့ 
မင်းယောကျာ်းကို အများကခေါ်
ကျောင်းပြီးအောင် အလှူပေးတဲ့
ကျောင်းဒကာကြီး

အမေ့သား

Sunday, March 10, 2019

အိမ်ပြန်ချိန်

နွမ်းလျတဲ့ခြေလှမ်း
ပန်းနေတဲ့ ခန္ဓာ
သူ့ ငါသယ်
ငါ့ သူပိုးလို့
အိမ်အပြန်....

တံခါးဝမှာ
ခဝါချလို့
အိမ်အဝင်
နွမ်းလျတယ်
သူ မထင်အောင်
အပြုံးတပွင့် ဖန်ဆင်း
အိမ်ကိုပြန်ချိန်
ဒီညနေခင်း.....

အမေ့သား

Saturday, March 09, 2019

ဗလာ



ကိုယ်ခန္ဓာဖြစ်တည်မှုကို
ဗလာရင်နဲ့ အသက်ရှင်
ငါ့သွေးကဖြစ်တဲ့သွေးကိုခင်
ကျန်တာကို မမင်ခဲ့ရင်
ငါ လူသားဆန်ပါ့မလား။

အမေ့သား
၉-၃-၂၀၁၉