(၂၀၀၁)ခုနှစ် အလုပ်ကြမ်းသမားဘဝအမှတ်တရ
ကျွန်ဇာတာပါလေသူမို့
ဒီကျွန်းမှာသောင်တင်
ရေပြည်တော်ပြန်ရန်
ရည်ကာမှန်းလည်း
ဝေးလှပါသလေး။
အခြေခိုင်နေနိုင်စေဖို့
စိတ်ကူးရယ်နဲ့ပုံဖော်
ဒီမှာလေ နေမှာက
ခဏရယ်လို့စိတ်ကူး
ပျော်မြူးလို့လာခဲ့သော်
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်........
ရောက်စမှာ ရွင်ပျော်
အထင်တော်ရယ်ကြီး
တကယ့်အလုပ်ခွင် ဝင်ကာမှသိ
ကျွန်ပြုမိ ဒီမောင်.ကျွန်တော်
မရွင်သာ. ညစဉ်ငိုကာနေရ
သတိရပေါ့ ရွှေပြည်တော်၊
နေရသည့် အိမ်တော်ရာက
စွန်းလီလို့ အများကခေါ်
ကွန်တိန်နာ၊ သံပုံးထဲမှာပ
(၂)ထပ်ကုတင် (၆)လုံးရယ်နဲ့
(၁၂)ယောက်ကို ရှယ်နော်
ညအိပ်ရင် ပူကာအိုက်ပါလို့
ဂျပိုးကဆော်၊ ခြင်ကအော်နဲ့
အိပ်မရပါသနော်.........
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်......
စားရသည့် မီနူးရယ်က
ပြောပြလျှင် သွားရည်ရယ်ယို
ကော်ဖီရည်ကျဲကျဲကိုတဲ့
ပေါင်မုန့်နဲ့အတူဆော်
ဆန်ထမင်းမာမာကိုလှ
ရေစမ်းပါလို့ဒီမောင်နော်
ထုပ်ပေးသည့် ဟင်းတော်
ရောသမကာ နယ်မွှေပြီးတော့
ကျုံးကာသာ. စားရပါပေါ့
နေ့လည်စာနော်၊
ညစာကို တန်းစီပါလို့
ကုလားပုံလေးပုံကာနော်
တခါလာဒီဟင်းပေမို့
မကြိုက်လည်း ဒီမောင်မအော်
ကိုယ့်မိုက်ပြစ်ကိုယ်ခံလို့
ငို ရပြန်သနော်........
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်.......
မနက်ကို စောစောထပါလို့
အလုပ်သွားဖို့ပြင်ဆင်နော်
အိမ်တော်ရာ ရှေ့အပေါက်မှာ
လာစောင့်ကာမျှော်
လော်လီ(ခ)ကုန်တင်ကားရယ်နဲ့
ပြွတ်သိပ်လို့တင်ခေါ်
လမ်းတလျှောက်ငိုက်မြည်းကာ
လိုက်ပါရင်း မှေးစက်လို့ပျော်
ထိုအချိန် မိုးရွာရင်ဖြစ်
ဒီမောင်မှာစိုကာရွဲပေါ့
ဆိုး လှပါသနော်.....
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်........
မနက်သွားလို့ ညကိုပြန်
တပတ်မှာ (၇)ရက်သာ
အလုပ်ရယ်ဆင်းတာမို့
နားဖို့ဖြင့် မမျှော်သာနော်
လကုန်ရင် ရပါပေါ့ လစာ
စီမံကာခွဲခြမ်းကြည့်တော့
ဘဏ်ထဲဝယ်ကျန်နေသည့်
အသပြာ (၅၀)ရယ်က
ဒီမောင်အတွက်တလစာနော်
မလောက်လည်းလေ
လောက်အောင်သုံးရမှာပေါ့
ရွှေပြည်တော်ပြန်နိုင်စေဖို့
ခြစ်ကုပ်လို့ခြွေတာသနော်
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်........
နေ့များရယ် ကုန်ဆုံး
လ များစွာကြာခဲ့ပြီနော်
နှစ်ပေါက်လို့သက္ကရာဇ်ပြောင်း
ကျွန်ပိုင်ရှင်အဆင့်ဆင့်ပြောင်းလို့
ဒီမောင်မှာ.........
မချစ်သော်အောင့်ကာနမ်းရပေါ့
ရွှေပြည်တော်ပြန်နိုင်မဲ့အရေး
တွေးဆွေးလို့မျှော်.... မျှော်သာမျှော်
ကြာလေလေ ဝေးနေတော့
ဒီကျွန်းမှာ တသက်စံရရင်ဖြင့်
ဒီမောင်မပျော်...... ဒီမောင်မှာမပျော်
ဪ. အများအခေါ် စင်ကာပူဆိုတဲ့
ကျွန်တည်တဲ့ ကျွန်း
ကျွန်းတည်တဲ့မြို့တော်.......
လေးစားစွာဖြင့်
အမေ့သား
(၇-၁၁-၂၀၀၁)
အစောကြီးကတည်းက ကျွန်းကိုရောက်နေတာကိုးးးးးးး
ReplyDeleteကျွန်ကြီးနဲ့ ကျွန်ငယ်၊ ကျွန်လတ်နဲ့ ကျွန်ပြဿဒ်တို့
ReplyDeleteအထပ်ထပ်ဝန်းရံ၊မှန်ရာကိုပြောရရင်
ဘဝင်အမှတ်စွဲမှားတာကြောင့်၊ မောင့်ဘဝလွဲရလေ
သေချင်ပေမယ့်သေမရ၊ နေချင်သလိုလည်း မနေရ
ကေအက်ဖ်စီ အနံ့ရှိုက်ပြီး၊ မာမီးခေါက်ဆွဲနဲ့ ညားခဲ့ရ
မလှပတဲ့ အခြေကိုဖုံး၊ ပြုံးပြရတာလည်း များပြီ
ဝင်လာရင် ကြိုးတုပ်၊ လှုပ်နေရင်တုတ်တို့
စို့စို့ပို့ပို့ဆိုရင် အခွန်၊ အလွန်အကျွံများနေရင် ရဲမေး
ကဲ ဘယ်မလဲသုခ၊ ရွှေပြည်တော်ကိုသာ မျှော်ကာလွမ်း
ထမင်းကြမ်းပဲစားပါရစေ၊ဆားမပါလည်းသည်းခံပါ့မယ်
လွယ်လွယ်ထင် လွယ်လွယ်တွေးခဲ့ပေမယ့်၊ဝေးရာပြေးဖို့ခက်နေတာက
ခင်ဗျားတို့ နတ်ပြည်လိုထင်တဲ့ စင်္ကာပူက
တကယ်ဆိုရင်
ကျွန်တည်တဲ့ ကျွန်း။ ။